ကျက်ဖြေ ပညာရေးစနစ်ကြောင့် မူလတန်းအဆင့် အေ့ဒ်စ်ပညာပေး အစီအစဉ်မှာ ထိရောက်မှု လွန်စွာအားနည်းကြောင်း ယူနီဆက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ တတိယတန်းနှင့် စတုတ္ထတန်း တို့၏ ဘဝတွက်တာ သင်ခန်းစာဘာသာရပ် ၌ HIV/AIDS ကူးစက်ခံရမှုမှ ကာကွယ် လျှော့ချနိုင်မည့် နည်းလမ်းများကို ၂ဝဝ၉ ခုနှစ်မှ စတင်သင်ကြား စေခဲ့ကြောင်း၊ သို့ ရာတွင် ထိုသင်ခန်းစာ ဘာသာရပ်အပေါ် ဆရာ၊ ဆရာမများက ကလေးငယ်များအား လွဲမှားစွာသင်ကြားနေခြင်း၊ ကျက်/ဖြေစနစ်ဖြင့် သင်ကြားခြင်းနှင့် လုံးဝသင်ကြားပို့ချခြင်း မရှိသည့်အတွက် ကလေးငယ်များမှာအသိ ပညာဗဟုသုတရရှိမှု နည်းပါးနေ ဆဲ ဖြစ်နေကြောင်း ၄င်းက ရှင်းပြသည်။
”ကလေးတွေရဲ့ အသက်၊ အရွယ်နဲ့ နားလည်နိုင်မှု စွမ်းရည်တွေအပေါ်လိုက်ပြီး သေချာမသင်ကြားနိုင်ဘဲ ကျက်/ဖြေပုံစံမျိုးနဲ့ပဲ သင်နေကြတော့ ကလေးတွေက ဒီရောဂါနဲ့ ပတ်သက်လို့ ပြန်မပြောနိုင်တာ များတယ်။ နောက် တစ်ချက်က ဘဝတွက်တာ ကျွမ်းကျင်စရာ စာအုပ်တွေကို ကလေးငယ်အများစုက မရရှိဘဲ ဆရာ၊ ဆရာမတွေကပဲ လက်ဝယ်ရယူထားတဲ့ အတွက် ကလေးငယ်တွေကို HIV/AIDS ပညာပေးတဲ့အခါမှာ ထိရောက်သင့်သလောက် မထိရောက်ဘူး ဖြစ်နေတယ်”ဟု ၄င်းက ဆိုသည်။
ထို့အပြင် မိဘနှင့် ဆရာများအနေဖြင့် လည်း ယဉ်ကျေးမှုအရ မိမိတို့၏ သားသမီးများအား HIV/AIDS အပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသိပညာပေးမှုမှာ လွန်စွာနည်းပါးနေကြောင်းနှင့် ထို့အတူ မြန်မာ လူမှု အသိုင်းအဝိုင်း၌ လိင်ပညာပေးကို မိမိတို့သားသမီးများအား အရှက်တရားကြီးစိုး၍ အသိပညာပေးမှု နည်းပါးသောကြောင့် အရွယ်မတိုင်ခင် အိမ်ထောင်ပြုမှုနှုန်းနှင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှုနှုန်း မှာလည်း မြင့်မားလာလျက် ရှိကြောင်း အမျိုးသမီးများ သားဆက်ခြား ပညာပေးရေးဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ စစ်နိုင်က ဆိုသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ နေထိုင်သူ မူလတန်းပြ ဆရာမတစ်ဦးက တတိယတန်းနှင့် စတုတ္ထတန်းရှိ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်၌ အေ့ဒ်စ်ရောဂါ ဆိုင်ရာ သင်ကြားပို့ချလျက် ရှိသော်လည်း အဓိက ကျောင်းပညာရေးကိုသာ ဦးစားပေး သင်ကြားနေရသည့်အတွက် ထိုသင်ခန်းစာအား အလွတ်ကျက်ခိုင်းသည့် ပုံစံမျိုးဖြင့်သာ သင်ကြားနိုင်သေးကြောင်း၊ ထိုသို့ သင်ကြားရခြင်းမှာ အဆိုပါရောဂါနှင့် ပတ်သက်၍ ဆရာ၊ ဆရာမအချို့ကိုယ်တိုင် ဗဟုသုတနည်းပါးနေသည့်အတွက် သေချာ သင်ကြားနိုင်ခြင်း မရှိသည့်အပြင် ကလေးငယ်များ အတုယူမှု လွဲမှားသွားမည်ဟု ယူဆနေခြင်းကြောင့် မသင်ကြားခြင်းလည်း ရှိကြောင်း ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အသက် ၁၄ နှစ်သို့မဟုတ် ၁၄ နှစ်အထက် ရောဂါကူးစက်ခံရသူနှင့် ရောဂါဖြစ်ပွားနေသူဦးရေမှာ ယခုနှစ်အတွင်း ကျဆင်းသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသော်လည်း အသက် ၁ဝ နှစ်မှ ၁၄ နှစ် အတွင်း ရောဂါကူးစက်ခံရမှုနှုန်းမှာ တိုးပွားလာနိုင်မည်ဟု ကြိုတင်ခန့်မှန်းထားကြောင်း ယူနီဆက်၏ မြန်မာနိုင်ငံ ကလေးသူငယ်များ အခြေအနေသုံးသပ်ချက် အစီရင်ခံစာအရ သိရသည်။
Unicef နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ပူးပေါင်းကောက်ယူခဲ့သော HIV/AIDS ရောဂါကူးစက် ခံရသူကလေးငယ်များ စာရင်းအရ ၂ဝဝ၉ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အသက် ၁၅ နှစ်အောက် ကလေးငယ် ၄၆၅ဝ ဦးမှာ အဆိုပါ ရောဂါပိုး ကူးစက်ခံ ထားရပြီး ၄င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ငါးနှစ်အောက် ကလေးများဖြစ်ကြောင်း သိရသည်။
သူရထွန်း




