2
Jan

မူးယစ်ဥပဒေကြောင့် စေတနာ့ဝန်ထမ်းများ အခက်တွေ့



မူးယစ်ဆေးစွဲသူများကို
အိမ်တိုင်ရာရောက် နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်း လုပ်ကိုင်နေသူ များသည် မြန်မာနိုင်ငံ၏
လက်ရှိ မူးယစ်ဥပဒေကြောင့် အခက်တွေ့နေကြောင်း သိရသည်။

မူးယစ်ဆေးဝါး
လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် ယင်းဥပဒေကြောင့် နှစ်သိမ့်ဆွေးနွေး ပညာပေး
လုပ်ငန်းများအနေဖြင့် ဆေးဖြတ်ရာတွင် အထောက်အကူပြုအဖြစ် ဆောင်ထားရသည့် မူးယစ်ဆေးအနွယ်ဝင်
ဆေးများကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

“အခုတော့
နားလည်မှုနဲ့ အလုပ်လုပ်ကြရတယ်။ တရားဝင် သက်ဆိုင်ရာကို သတင်းပို့ထားရတယ်။ ဒီလူတွေမှာ
မူးယစ်ဆေးဝါး လက်ဝယ်ရှိတယ်။ သူတို့ဟာ စေတနာ့ဝန်ထမ်းတွေပါ။ ဆေးဖြတ်ရာမှာ လူနာဆေးကျွေးရာမှာ
အသုံးပြုဖို့ပါ စသဖြင့်ပေါ့၊ ဒီလိုလုပ်နေကြရတယ်” ဟု မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ရာတွင်
ကူညီဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

စစ်အစိုးရ
မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် မူဝါဒက ဆေးစွဲသူများကို ဆေးရုံတက် ဆေးဖြတ်စေခြင်း၊ ဆေးဖြတ်ပြီးသူများကို
လည်း မှတ်တမ်းယူကာ စောင့်ကြည့်ခြင်း၊ မူးယစ်ဆေး လက်ဝယ်ထားရှိပါက ပြစ်ဒဏ်ချမှတ်ခြင်းတို့ကြောင့်
လူသိမခံလိုသော မူးယစ်ဆေးစွဲသူများအနေဖြင့် ဆေးဖြတ်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“ကျနော်တို့
တွေ့ရသလောက်ကတော့ ဆေးစွဲရင် ဖြတ်ချင်ပေမယ့် ဆေးရုံတက်ဖြတ်ရင် ပတ်ဝန်းကျင်က သိမယ်။ ဒီကောင်
ဆေးသမား ထောင်ထွက်ဆိုတော့ ဆေးစွဲတဲ့သူက အဲလိုလည်း မဖြတ်ချင်ဘူး။ တိုးတိုးတိတ်တိတ် ဖြစ်ချင်ကြတယ်။
အခုနောက်ပိုင်း နိုင်ငံခြားထွက်ပြီး ဖြတ်လာကြတာတွေ ရှိတယ်” ဟု အဆိုပါ စေတနာ့ဝန်ထမ်းဖြစ်သူက
ပြောသည်။

လက်ရှိ
အနေအထားအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအရေးနှင့် ပတ်သက်လုပ်ကိုင်နေသည့် တရားဝင်
လူမှုအဖွဲ့အစည်း (၂) ခုခန့်သာရှိပြီး ယင်းတို့မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူထားသူများ
ဖြစ်ကြသည်။

နိုင်ငံတကာလူမှုအဖွဲ့များအနေဖြင့်
မူးယစ်ဆေးစွဲ လူငယ်များကိစ္စ ဆောင်ရွက်လိုသော်လည်း တည်ဆဲဥပဒေများအရ ဆောင်ရွက်ရန် အခြေအနေမပေးကြောင်း
သိရသည်။

ဆေးစွဲလူငယ်များသည်
ဆေးဖြတ်ရန် ဆန္ဒရှိသော်လည်း ကူညီပေးမည့် အဖွဲ့အစည်း ရှားပါးသည့်အတွက် မူးယစ်ဆေးစွဲဘ၀မှ
မလွတ်မြောက်သေးသူ အများအပြားရှိနေသေးကြောင်း သိရသည်။

“နှစ်သိမ့်ဆွေးနွေး
ပညာပေး လုပ်နေတာရော။ နောက် အိမ်တိုင်ရာရောက် ဆေးဖြတ်ပေးနေတာရော အဖွဲ့တခုတည်းပဲ ရှိတယ်။
မလုံလောက်ဘူးဆိုတဲ့ အနေအထားမှာပါ။ တကယ်ဆေးစွဲ လူငယ်တွေက ရန်ကုန် ရှိမယ်၊ ကချင် ရှိမယ်၊
မန္တလေး ရှိမယ်၊ လားရှိုးဘက်များမယ်၊ တမူး-ကလေးဘက်လည်း ရှိတယ်။ တနိုင်ငံလုံး လွှမ်းခြုံနိုင်ဖို့
ဒီလို စေတနာ့ဝန်ထမ်း ဆေးဖြတ်ပေးမယ့်၊ နှစ်သိမ့်ဆွေးနွေးမှု ပေးနိုင်မယ့် Peer Group
(တူညီအုပ်စု) တွေ အများကြီးလိုတယ်” ဟု မူးယစ်ဆန့်ကျင်ရေးလှုပ်ရှားသူ တဦးက ပြောသည်။

ပြီးခဲ့သည့်
နှစ်ပိုင်းတွင်းမှစကာ ရန်ကုန်မြို့တွင် မူးယစ်ဆေး စတင်စွဲသူများကို နှစ်သိမ့်ဆွေးနွေးကာ
မူးယစ်ဆေးဖြတ်ခြင်း လုပ်ငန်းကို မူးယစ်ဆေးစွဲဖူးသူ စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း
တနိုင်ငံလုံးအတိုင်းအတာဖြင့် မဆောင်ရွက်နိုင်သေးသည်ကို တွေ့ရသည်။

ခေတ်ပြိုင် -

မူးယစ်ဥပဒေကြောင့် စေတနာ့ဝန်ထမ်းများ
အခက်တွေ့


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top