တောင်တန်းများက စိမ်းမှောင်မှောင်၊ ရာသီဥတုကအေးမြမြ၊ တိမ်တောင်ကမှုန်ပြပြ၊ လူများက ဖြူလွှလွှ... ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့ကို စမြင်တွေ့ရသည့် နှင်းမြူကြားက မြင်ကွင်းများက ယနေ့အထိ မေ့မရ။
''ကျွန်တော်တို့ ဒီကချင်ပြည် နယ်ဘက်မှာတော့ မှတ်မိသလောက် ဆဋ္ဌမတန်း ကျောင်းသားဘဝက တည်းကဆေးခြောက်ရှူတဲ့ ကျောင်းသား အချင်းချင်းလာမြူဆွယ်ကြ တာပဲ။ ဒါကောင်းတယ် မင်း ရှူမလားပြောတယ်။ ကျွန်တော်ကတော့ အဘိုး ကျေးဇူးကြောင့် ဆေးမရှူတတ်ခဲ့ပါဘူး။ ဒီလိုပဲ ဒီနယ်ပယ်တစ်ဝိုက်မှာ ဆေးထိုးအပ်ကိုင်တဲ့ မူးယစ်ဆေး သုံးသူတွေကိုတွေ့နေရတာ အစဉ် အလာလို ဖြစ်နေပြီ'' ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဗန်းမော်တင် အောင်၏ မြေးဖြစ်သူ ဒေါက်တာ ထက်အောင် (မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး) ကပြော ပြသည်။ ထိုတစ်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ကို ၂ဝ၁၄ ဒီဇင်ဘာ၂၂ ရက်က ခြေချသည်နှင့် လာရင်းမူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများနှင့် HIV အန္တရာယ်အကြောင်းသတင်း ယူသွားသည့်ခရီး၌ ပထမဆုံးတွေ့သည့် အထက်ပါ ဆရာဝန်က ၄င်းတို့ဒေသ၏ လူငယ်များနှင့် မူးယစ်ဆေးဝါးအကြောင်း ပြောပြခြင်း ဖြစ်သည်။
မိုးမောက်မြို့နယ်တွင် မူးယစ် ဆေးအမျိုးအစားပေါင်းစုံကို လူငယ်များ လက်လှမ်းမီကာ ဝယ်ရ လွယ်နေကြောင်း၊ ဆေးထိုးအပ်သုံးသည့် မူးယစ်ဆေးသုံးစွဲသူများကို HIV မကူးစက်ရန် ကျန်းမာရေးဘက်က ပညာပေးနေသော်လည်း ဥပဒေဖြင့် အရေးယူမှာစိုးသူများက အသိ တရားမဲ့စွာ သတိလက်လွတ် မူးယစ်ဆေး ထိုးသွင်းနေကြဆဲဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။ ကချင်ပြည်နယ် ဗန်းမော် ခရိုင် မိုးမောက်မြို့နယ်၌ ၂ဝ၁၁ ခုနှစ်က ကချင်တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်တို့ တောတွင်းတိုက်ပွဲ ပဋိပက္ခအနည်းငယ် ပြန်လည်ဖြစ်ပွားခဲ့သည်။ အညို ရောင်နယ်မြေမြို့နယ်၌ ဖြစ်သည်။ ကချင်လူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်း လူမျိုးများနေထိုင်ကြပြီး အခြား လူမျိုး မြန်မာနိုင်ငံ သားများလည်း နေထိုင်သည်။ လယ်ယာမြေအဓိက လုပ်ဆောင်သည့်နေရာဖြစ်သော်လည်း ယနေ့ကာလတွင် နယ်စပ် အရောင်းအဝယ်များသာ စီးပွား ဖြစ်အလုပ်ဖြစ်နေကြောင်း သိရသည်။
''နယ်စပ်မြို့ဆိုတော့ တရား မဝင်အရောင်းအဝယ်နဲ့ တစ်ဆက်တည်း မူးယစ်ဆေးပြဿနာက ပါလာတာပေါ့။ တစ်လလုပ်မှရတဲ့ ငွေကို ဆိုင်ကယ်ကယ်ရီ တရုတ်နယ်စပ်က ပြည်နယ်ထဲဆွဲလာရင် တစ်ခေါက်တည်းရတော့ လူငယ်တွေက တခြားအလုပ်မလုပ်တော့ ဘူး။ ဆေးခြောက်၊ ဆေးပြား၊ ဘိန်း ဖြူ၊ ဘိန်းမည်း နောက်ဆက်တွဲ ပါလာတာပဲ။ မူးယစ်ဆေးတားမြစ် လျှော့ချဖို့ရာ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဖို့ လိုအပ်နေပြီ။ အဓိကက စစ်ကြောင့် နယ်စပ်သွားအလုပ် လုပ်နေကြတာများတယ်'' ဟု မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းက ရှင်းပြသည်။
မူးယစ်ဆေး သုံးသူများကို ဖမ်းဆီးအရေးယူသူကို တုတ်၊ ဓားလက်နက်ဖြင့် ခုခံပြန်ချသူများ ရှိကာ တားမြစ်သူကို စီးပွားပျက် အောင် စပါးပုံမီးရှို့၊ ဖရဲခင်းဖျက် ဆီးစသည့် အပြုအမူများရှိခဲ့ဖူး ကြောင်း ဦးဇော်ထွန်းက သူ့ အတွေ့အကြုံကို ပြောပြသည်။ HIV ဗိုင်းရပ်စ်ပိုး၊ အသည်း ရောင်အသားဝါ (B)၊ (C) ပိုးများကို ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေး သုံးစွဲသူထက်ဝက်ခန့် တွေ့ရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနဗန်းမော်ခရိုင် အမျိုးသားခုခံအား ကျနှင့် ကာလသားရောဂါ နှိမ်နင်းရေး အဖွဲ့တာဝန်ခံ ဆရာဝန် ဒေါက်တာ ဒေါ်နီလာမောင်က အတည်ပြုပြော ကြားသည်။
အေးမြသည့်တောင်ပေါ်ဒေသနှင့် ရိုးသားသည့် ကချင်ပြည်နယ် သားများ၏ အပြုအမူ၊ ကိုယ်နေ ဟန်ထား၊ မျက်နှာ၊ ပွင့်လင်းဖော် ရွေသည့်ချစ်စရာဘဝများကို မူးယစ်ဆေးဝါးက ခြိမ်းခြောက် အနိုင်ယူ နေခြင်းဖြစ်သည်။ မိုးမောက် အထက်ဆက်တက်လျှင် ကချင်ပြည်နယ်၊ မြစ်ကြီးနား ၄င်းမှတစ်ဆင့် တစ်ဖက်အိမ်နီးချင်း တရုတ်နိုင်ငံ နယ်စပ် လွယ်ဂျယ်မြို့အထိ ကားလမ်းများ ဆက်သွယ်နေကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် (KIA) အဖွဲ့ရှိနေကြောင်း သိရ သည်။ မူးယစ်ဆေးဝါးသယ်ယူ ရောင်းဝယ်သုံးစွဲမှုကို တပ်မတော် တာဝန်ရှိသူများသာမက ကချင် တိုင်းရင်းသားလက်နက်ကိုင် (KIA) အဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူဆောင်ရွက်နေသော်လည်း မူးယစ်ဆေးများက ရှိမြဲရှိ ဆဲသာဖြစ်ကြောင်း ဗန်းမော်မြို့ ဆေးရုံအုပ် ဆရာဝန်ကြီးဒေါက်တာ ခင်မောင်မြင့်က ပြောကြားသည်။
HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ရန် ဦးတည်အုပ်စုများဖြစ်သည့် အမျိုးသမီး လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများနှင့် မူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများ စသည့်အုပ်စုများတွင် မူးယစ်ဆေး အကြောဆေး ထိုးသွင်း သူများပေါများသည့် ကချင်ပြည်နယ် နယ်စပ်သည် အန္တရာယ် မလွယ်ပေါက်ဖြစ်နေသည်။ HIV/AIDS သည် အသက် (၁၅) နှစ်နှင့် အထက် အရွယ်ရောက်ပြီး သူများအကြား HIV ပျံ့နှံ့မှုနှုန်း ဝ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေသည်။ HIV ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ရန် ဦးတည်အုပ်စုများကြား မူးယစ်ဆေး ထိုးသွင်းသူ များတွင် ၁၈ ဒသမ ၇ (ငါးဦးတွင် တစ်ဦးနှုန်းခန့်) ဖြစ်ပွားနေကြောင်း မြန်မာ့ HIV စစ်တမ်းကောက်ယူ ထားသည့် Global AIDS မှတ် တမ်းမှသိရသည်။
တိုင်းပြည်ရတနာ ကျောက်စိမ်း ထွက်ရာမြေ၊ မြစ်မင်းဧရာမြစ်ဖျား ခံရာမေခ-မလိခမြေ၊ လျှပ်စစ်စွမ်း အားထုတ်ပေးသည့် တာပိန်မြစ် ရေအားလျှပ်စစ် စက်ရုံ ဘူမိနက်သန် မနောမြေ၊ သဘောဖြူ ကချင် တိုင်းရင်းသားတို့၏ မွေးရပ်မြေတွင် မူးယစ်ဆေးကြောင့် လူငယ်တချို့ လမ်းမှားရောက်နေကြလေသည်။ ပညာသင် အရွယ် စာသင်ခန်းနှင့် ဝေးကွာသည့် မငြိမ်းချမ်းသည့် လမ်းကို ပြုပြင်ကာ တာဝန်ရှိသူများ လက်ကမ်းကူညီမှ မြန်မာပြည် လှတော့မည်။ အဘယ်ကြောင့် ဆိုသော် HIV အသစ်ကူးစက်ခံရ သူ ၁ဝဝ တွင် မူးယစ်ဆေး ထိုးသွင်းမှုကြောင့် ကူးစက်ခံရသူ ၃၂ ဦး ခန့်ရှိသည်ဟု UNAIDS (ကုလသမဂ္ဂ AIDS အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့)က ထုတ်ပြန်ထားသည်။
မနောမြေကို ကာကွယ်ကာ အေးချမ်းသည့် လယ်ယာလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် ကချင်တိုင်းရင်းသား လူငယ်ကလေးများကို ငြိမ်းချမ်းရေးနှင့်တကွ အောင်မြင်သော အခွင့်အရေးများ လူတိုင်း ပေးချင်ကြပေမည် မဟုတ်ပါလော။ သူတို့လေးတွေလည်း သေနတ်သံကို မုန်းလေပြီ၊ မြန်မြန်အေးချမ်းချင် ပါပြီဟု မိုးမောက်မြို့မှ ကချင် တိုင်းရင်းသူဒေါ်ထုက အဝေးက တောင်တန်းစိမ်းမြမြကို ငေးကြည့်ရင်း ညည်းညူသည်။ ''မူးယစ်ဆေးသုံးစွဲသူကတော့ အသက်အရွယ် အစိတ်အပိုင်းတိုင်း လိုလိုပဲ။ အများဆုံးကလူငယ်။ မူးယစ်ဆေးအကြောထဲထိုးသွင်းသူ တွေမှာ HIV တွင် မကဘူး။ အသည်း ရောင်(B)၊ အသည်းရောင် (C) ပိုးရောပဲ တွေ့နေရတယ်။'' အသည်းရောင် (B) ဖြစ်နေ သူပိုများတယ်။
စစ်ဘေးဒုက္ခသည် စခန်းမှာလဲ ရောဂါဖြစ်နေသူ၊ ကူးစက်ခံရသူတွေ ရှိနေတာပဲ။ ဒါကို ART ဆေးရဖို့ ကျွန်တော်တို့ ကျန်းမာရေးဌာနက သူနာပြုဆရာမတွေလဲ ဒုက္ခသည်စခန်း လိုက်နေရတာပဲ။ သူတို့ကိုယ်တိုင်လဲ ရွာတွေ ပျက်တော့ နေစရာမရှိတော့ ဒုက္ခသည်ဖြစ်နေရတာပဲ'' ဟု ဒေါက်တာထက်အောင် (မိုးမောက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး) က မချိစကားဆိုသည်။ မြန်မာပြည်မြေပုံပေါ် ထိပ်ဆုံးမှ ကချင်ပြည်နယ်ကား နှင်းဖြူကြားက လှနေဆဲ။ ဖြူစင်သော ကချင် တိုင်းရင်းသားများကို မူးယစ်ဆေး ဝါးအန္တရာယ်က ခြိမ်းခြောက်ဆဲ။ လက်နက်သံက ရံဖန်ရံခါကြားနေဆဲ။ ယမ်းငွေ့က တောင်ကြော တစ်လျှောက်သန်းနေဆဲ။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ နယ်စပ်ဂိတ်၊ မှောင်ခို ကုန်များဖြင့် ထိုသူတို့အတွက် အနာဂတ်က အလှမ်း ဝေးနေဆဲ...။
ပြည်ထောင်စုနေ့စဉ် -မူးယစ်ဆေးဝါး၊ HIV နှင့် အနာဂတ်ပျောက်လူငယ်တို့၏ နေ့ရက်များ




