14
Oct

မူးယစ်ဆေးရွက်တစ်မျိုး မွန်လူငယ်များသုံးစွဲလာကြ

မိလယီထော - ဘိန်းဇာရွက်ကဲ့သို့ မူးယစ်စေသည့် ထိုင်းအခေါ် “ကရထောင်”အမည်ရှိမူးယစ်ဆေးရွက်တစ်မျိုးအား အခြားအရာများနှင့်ရောနှောကာ မူယစ်ဆေးအဖြစ် မွန်ပြည်နယ်တောင်ပိုင်းဒေသရှိ လူငယ်များသုံးစွဲနေကြသည်ကို ဒေသခံများထံမှ သိရသည်။

“ဒီမူးယစ်ဆေးရွက်ကိုစွဲသွားပြီး ရှာလို့မရတဲ့အခါကျရင် စိတ်တွေရှုပ်လာမယ်၊ ကိုယ်ကျင့်တရားပျက်ပြားလာတယ်၊ ရူးသွပ်နေသူတွေလိုပဲ၊ လူငယ်သုံးလေးယောက်လောက် ဘဝပျက်တာ တွေ့ခဲ့ဘူးတယ်”ဟု သံဖြူဇရပ်မြို့နယ်၊ ပငရွာသား မွန်ကျောင်းဆရာဟောင်း နိုင်ဒုက္ခမွန် ဆိုသူကပြောသည်။

အဆိုပါမူးယစ်ဆေးပင်ကို ထိုင်းနိုင်ငံမှယူဆောင်လာကာ မွန်ပြည်နယ်အတွင်း ပြန်လည်စိုက်ပျိုးလာခဲ့သည်မှာ ၅ နှစ်ကာလခန့်ရှိခဲ့ကြောင်း၊ ဆေးရွက်ပုံသဏ္ဍာန်မှာ လက်ဝါးရွက်ပုံစံ အရှည် ၁၄ စင်တီမီတာအထိရှိတတ်ပြီး အပွင့်သည်အဝါရောင်၊ အသီးမှာ ကြက်ဥငယ် အလုံးလောက်ရှိကာ ထိုင်းနိုင်ငံမှရာဘာလုပ်သားတွေသုံးစွဲနေကြရာမှ ယခုအခါ မွန်ရွာများတွင် ပိုမိုပြန့်နှံ့လာကြောင်း နိုင်ဒုက္ခမွန်က ပြောသည်။

“ဒီ(ကရထောင်) အရွက်ကို ခြံတွေမှာစိုက်ပျိုးတာတွေ့လာရတယ်၊ အရွက်တစ်ရွက် ကျပ် နှစ်ရာဈေးပေါက်နေတယ်၊ အရွက်ကို အစိမ်းလိုက်ဝါးစားရင် သိပ်မထိရောက်ပါဘူး၊ ဒါပေမယ့် အရွက်တွေကိုစုပြီး ရေနွေးနဲ့ကျိုပြီး ကော်ဖီမစ်၊ နို့ဆီ၊ ကာဘွန်ခဲ၊ ချောင်းဆိုး ပျောက်ဆေး၊ ခြင်ဆေးခွေတွေပါ ရောထည့်ပြီးသုံးစွဲနေကြတယ်” ဟု သူကဆက်ပြောသည်။

အထူးသဖြင့် မွန်ပြည်နယ်ရှိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် မွန်အမျိုးစုနေထိုင်ရာ ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြခြင်း ဖြစ်သည်။

မွန်တိုင်းရင်းဆေးဝါးဆရာတစ်ဦးက “ ဒီဆေးရွက်ကို မွန်တိုင်းရင်းဆေးဖေါ်စပ်တဲ့နေရာမှာ သုံးစွဲကြတာရှိတယ်၊ ကိုယ်လက်နာကျင်ကိုက်ခဲတာကအစ ချောင်းဆိုး၊ သွားကိုက်၊ ဝမ်းလျှောတဲ့အခါ သုံးစွဲကြတယ်၊ လက်ဝှေ့နပမ်းသမားတွေ သုံးစွဲကြတာရှိခဲ့တယ်” ဟုပြော သည်။

“လူငယ်တွေအနေနဲ့ ဒီဆေးရွက်ကိုမသုံးစွဲကြဖို့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးနယ်မြေတွေမှာ အသိပေးထားတယ်၊ သုံးစွဲတာတွေ့မိရင် ပညာပေးအရေးယူမှုတွေ ပြုလုပ်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

သို့ရာတွင် “ကရထောင်” မူးယစ်ဆေးဝါးသုံးစွဲနေမှုကြောင့် အဖမ်းဆီးခံရသည့်သတင်းကို ကာယကံရှင်များနှင့် မည်သည့်အာဏာပိုင်များထံမှ မကြားသိရသေးပေ။

“ကရထောင်” မူးယစ်ဆေးရွက်သည် ရုက္ခဗေဒအခေါ်အရ Mitragyna specious အပင်အမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွင် အလေ့ကျအပင်အဖြစ်တွေ့ရှိရပြီး အထူးသဖြင့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် တွေ့ရှိခဲ့ရကြောင်း ထိုင်းဘာသာ သုတေသန စာတမ်းတစ်ခုတွင် ဖေါ်ပြထားသည်။

မွန်သတင်း - မူးယစ်ဆေးရွက်တစ်မျိုး မွန်လူငယ်များသုံးစွဲလာကြ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top