28
Nov

မဝေးတော့ပြီ ART

ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင် ပေါ်ပေါက် လာခဲ့သော HIV ပိုးသည် ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့ ကူးစက်ပြီး ဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း သုံးဆယ် တိုင်ရှိ ခဲ့ပြီဖြစ်ပါသည်။ စာရေးသူ တို့နိုင်ငံတွင်လည်း ၁၉၈၈ ခုနှစ်တွင် HIV ပိုးရှိသူကို စတင် တွေ့ရှိ ခဲ့ပြီး နောက်ပိုင်း ယနေ့အချိန်အထိ ကူးစက် ခံထားရသူများစွာ ရှိနေပြီလည်း ဖြစ်ပါသည်။ အဓိကကူးစက်နည်းလမ်းများဖြစ်သည့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲရာတွင် ဆေးထိုးအပ်နှင့်ပိုက် ကို မျှဝေသုံးစွဲခြင်း HIV ပိုးရှိသော သွေး သွင်းမိခဲ့ခြင်းနှင့် မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်း လေးမျိုးဖြင့် ကူးစက်ခဲ့သည် ဖြစ်ရာ လူတစ်ဦးမှတစ်ဦးသို့ ထပ်မံ ကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါကြီးသဖွယ်ဖြစ်နေပါတော့သည်။

HIV မျိုလျှင် ကမ္ဘာ ကြီး၏အနာဂတ်သည် အန္တရာယ်က အလွန်ကြီးမားပြီး နောင်မျိုးဆက်သစ်တို့ အတွက် ကျန်းမာကြံ့ခိုင်သောဘဝများကို လက်လွှတ် ဆုံးရှုံး ရနိုင် ပါသည်။ ယခုအချိန် တွင် တစ်ကမ္ဘာလုံး၌ HIV ကာကွယ်ရေး နှင့် တိုက်ဖျက် ရေးလုပ်ငန်း များကို အစွမ်း ကုန်အားထုတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ရာ စာရေးသူတို့နိုင်ငံတွင်လည်း HIV ကာကွယ်ရေး တိုက်ဖျက်ရေး ပြုစုစောင့် ရှောက်ရေးနှင့် ကုသရေးလုပ်ငန်းများကို လည်း နိုင်ငံတကာနည်းတူ ပြုလုပ်ဆောင် ရွက်လျက်ရှိကြပါသည်။ HIV စတင်ပေါ် ပေါက်စဉ် အချိန်က ကုသရန်နည်းလမ်း များနှင့် ဆေးဝါးများမပေါ်ပေါက်သေးချိန် ဖြစ်၍ ထိုစဉ်အချိန်က ကူးစက်ခံခဲ့ရသူ များသည်။

အချိန်တိုတစ်ခုအတွင်း၌ပင် AIDS ဘဝသို့ ရောက်ကာြွေကလွင့်ခဲ့ ကြရပါသည်။ HIV ပိုးသည် လူ၏ခုခံအားစနစ်ဖြစ် သည့် Immune System ကို တိုက်ခိုက် ဝါးမျိုပြီးမှသာ မျိုးပွား၍ရသောကြောင့် ကာလကြာလာသည်နှင့်တစ်မျှ လူ၏ခုခံ အားစနစ်များ လျှော့ကျလာသောအချိန် တွင် အခွင့်အရေးယူဝင်ရောက်လာသော ရောဂါ OI (Opportunistic Imfecion) များ၏ နှိပ်စက်မှုကြောင့် မည်သည့်ရောဂါ ကိုမှ မခုခံနိုင်တော့ဘဲ AIDS ဘဝသို့ ရောက်ကာ ကွယ်လွန်ကြရခြင်းပင်ဖြစ်ပါ သည်။

ယနေ့ခေတ်အချိန်တွင် ARV (Anti Retro Viral) ဆေးဝါးများပေါ်ပေါက် နေပြီဖြစ်၍ ယခင်အချိန်တုန်းကလို AIDS အဆင့်သို့မရောက်အောင် HIV ပိုးအား ထိန်းချုပ်လျှော့ချပြီး ခုခံအားစနစ်များ ပြန်လည်မြင့်မားလာအောင် ပြုလုပ်နိုင်ပြီး လူ့သက်တမ်းစေ့နေနိုင်လာသော အချိန် ကာလသို့ ရောက်နေပြီဖြစ်ပါသည်။ သို့ သော် မှန်ကန်သောကုသမှုလမ်းပေါ်သို့ အမြန်ရာက်ပြီး ကုသခံယူဖို့တော့လိုအပ် ပါသည်။ ARV ဆေးဝါးများသည်HIV ပိုးကို လုံးဝကင်းစင်ပပျောက်စေရန် မပြု လုပ်နိုင်သော်လည်း ဆေးကိုအချိန်မှန်မှန် သောက်ခြင်းအပြု သဘောနေထိုင်ခြင်း စိတ်ပိုင်းဆိုင်ရာ လန်းဆန်းအောင်နေခြင်း နှင့် လုံလောက်သောအာဟာရမှီဝဲခြင်းတို့ ဖြင့် မှန်ကန်စွာနေထိုင်ပါက လူ့သက် တမ်းစေ့နေနိုင်ရန် ပေးစွမ်းနိုင် သည်လည်း ဖြစ်ပါသည်။

ဆေးစတင်သောက်ချိန်မှစ၍ ဆေးလုံးဝပြတ်လပ်မှုမရှိစေရန် ဂရုစိုက် သောက်ရမှာဖြစ်သလို တစ်သက်လုံး သောက်ရမည့်ဆေးလည်းဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်မှစ၍ ARV ဆေးဝါးများကို သုံးမျိုးပေါင်းစပ်သောက်သုံးခြင်းဖြင့် ပိုမို ထိရောက်သောအစွမ်းရှိသည်ကို ပညာရှင် များမှ လေ့လာတွေ့ရှိခဲ့ရပြီး နောက်ပိုင်း ယခုအချိန်ထိ ဆေးသုံးမျိုးပေါင်းစပ်ပြီး သောက်နေရခြင်းပင်ဖြစ်သည်။ ARV ဆေးဝါးအုပ်စုသုံးမျိုးရှိရာNRTI, NNRTI နှင့် PI ဟူ၍လုပ်စုသုံးခု ရှိပါသည်။ W.H.O Guide Lime အရ ခုခံအားစနစ် CD4 COUNT 350 အောက် ရောက်ရှိနေသူများကို (ART) ကုထုံးဖြင့် ကုသရန် ညွှန်ကြားထားပါ သည်။

ARV ဆေးဝါးအုပ်စုဖြစ်သည့် NRTI အုပ်စုမှ ဆေးနှစ်မျိုးနှင့် NNRTI အုပ်စုမှဆေးတစ်မျိုးပေါင်းစပ်ပြီး Anti Retroviral Therapy (ART) ကုထုံးဖြင့် HIV ပိုးကို မျိုးပွားခွင့်မပေး တော့ဘဲ ထိန်းချုပ်လျှော့ချကာ ခုခံအားစနစ်များကို ပြန်လည်မြင့်မားလာအောင် ပြုလုပ်နိုင်နေ ပြီဖြစ်ပါသည်။ စာရေးသူတို့နိုင်ငံတွင်လည်း နိုင်ငံပိုင်ဆေးရုံများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ART ကုထုံးများဖြင့် အခမဲ့ ကုသပေးလျက်ရှိရာ စာရေးသူတို့ နိုင်ငံသားများ ရှင်သန်ခွင့်များ ရနေကြပြီ ဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သူများအဖို့ ARTဆေး များအား လွတ်လပ်စွာဖြင့် အလွယ်တကူဝယ်သောက်နေနိုင်ကြပြီလည်း ဖြစ်ပါသည်။ သို့သော် ART ဆေးဝါးများကို မိမိသဘောဖြင့် ဝယ်သောက်ရန်မသင့်ဘဲ ART ကုထုံးကျွမ်းကျင် သောဆရာဝန်များ နှင့် ကုသပြီးမှ ဆရာဝန်ညွှန်ကြားသည့် အတိုင်း လိုက်နာသောက်သုံးသင့်သည်ကို HIV ပိုးရှိသူများနှင့် မိသားစုဝင်များမှ သိထားသင့်ပါသည်။

HIV ပိုးရှိတိုင်း ART သောက်ရသည်မဟုတ်ဘဲ ဆရာဝန်မှ ညွှန် ကြားမှသာလျှင် သောက်ရသည်ဆိုသည့် ဗဟုသုတကို HIV ပိုးရှိသည်နှင့် လေ့လာ သိရှိထားရန်လိုအပ်ပါသည်။ စာရေးသူတို့ နိုင်ငံသားများ ART ဆေးအခမဲ့ သောက်သုံးခွင့်ရရှိ၍ လူ့စွမ်းအား အရင်းအမြစ်များကို ပြန်လည်ဖော်ထုတ် နိုင်ခွင့်လည်းရနေကြပြီဖြစ်ပါသည်။ ART ဆေးလိုအပ်သူ ဦးရေ ထပ်မံတိုးပွားလာ သည်နှင့်အမျှ နိုင်ငံတော်အစိုးရ၏အမျိုးသား ကျန်းမာရေးစီမံချက်များဖြင့် ARTဆေးအခမဲ့ ထပ်မံပေးဝေနိုင်ရန် အဖွဲ့ အစည်း အသီးသီးနှင့် ညှိနှိုင်းဆောင်ရွက် နေပြီလည်းဖြစ်ပါသည်။ မိမိအတွက် တစ်သက်လုံး အခမဲ့သောက်ရမည့် ဆေးဖြစ် သည့်အတွက် အခမဲ့ပေးသည့် အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များအတိုင်း မိမိတို့ ဘက်မှ စနစ်တကျကုသခံယူရန်အတွက် တာဝန်ရှိနေပါသည်။ ထိုအခမဲ့ ပေးနေသည့် နေရာများဆီသို့ မိမိကိုယ်တိုင်သွားရောက် ကုသမှုခံယူရသည်ဖြစ်ပြီး လူသိမှာစိုး၍ ထိုနေရာများဆီသို့ မိမိမသွားရဲပါက မိမိအတွက် ဆုံးရှုံးနစ်နာမှုကိုသာ ရင်ဆိုင် တွေ့ကြုံရမှာပင်ဖြစ်ပါသည်။

မိမိ၏ အသက်ရှင်သန်ခွင့်ရနိုင်ရေးအတွက် မိမိမှာသာ တာဝန်ရှိနေကြောင်းလည်း အသိ စိတ်ရှိထားရမည်သာဖြစ်ပါသည်။ လူတွင်ဖြစ်နိုင်သော ရောဂါတစ်ခုဖြစ်သော ကြောင့် လူတွင် ကူးစက်ခံလာရခြင်းကို ရှက်စရာရောဂါတစ်ခုဟု မသတ်မှတ်စေချင်ပါ။ အများ၏အမြင်တွင် ရှက်စရာ ရောဂါဟု မြင်ကြလျှင်လည်း မိမိအသက်ထက် ထိုအရှက်များက တန်ဖိုးမရှိပါ။ ယခုလည်း HIV ပိုးရှိသူများအတွက် လိုအပ်လာမည့် ART ဆေးများကို လုံလောက်စွာရရှိနိုင်ရန် အစီအမံများပိုမို ပြုလုပ်နေကြပြီဖြစ်သောကြောင့် မဝေးတော့ပြီ ART ဟုသား ဘဝတူများအား လက်တို့ အသိပေးလိုက်ရပါတော့သည်။

ရိုးရာလေး - မဝေးတော့ပြီ ART

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top