ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IRI က ဇွန် ၂၂ ရက်မှ ၂၃ ရက်အထိ ကြီးမှူးကျင်းပသည့် Women's Policy Dialogue ပွဲသို့ တက်ရောက်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် နိုင်ငံရေး လှုပ်ရှားတက်ကြွသူ မဇင်မာအောင်တို့သည် ဇွန် ၂၄ ရက်က မဲဆောက်မြို့ရှိ Social Action for Women (SAW) အဖွဲ့သို့ သွားရောက်လေ့လာ ခဲ့သည်ဟု သိရသည်။
SAW အဖွဲ့၏ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုမျိုးလွင်က "ဒီနေ့ ဒေါ်အေးအေးမာနဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ဇင်မာအောင်တို့ တွေ့ကြတယ်။ ကျွန်တော်တို့က SAW ရဲ့ Activities တွေကို သူတို့ကို ရှင်းပြတယ်။ အဓိကကတော့ ကျွန်တော်တို့ ဆီမှာ HIV ဝေဒနာ ရှင်တွေကို ဘယ်လိုစောင့်ရှောက်လဲ။ ဆေးဝါးကို ဘယ်လိုရအောင် လုပ်လဲဆိုတာကို သူတို့ကို ပြောပြတယ်။ သူတို့ကလည်း သူတို့ အတွေ့အကြုံကို ပြောပြတယ်။ နောက်ပြီး ကျွန်တော်တို့ ဆီမှာ နေကြတဲ့ မိဘမဲ့ ကလေးတွေနေတဲ့ ဂေဟာနဲ့ အဲဒီ ကလေးတွေရဲ့ ပညာရေး အကြောင်းတွေကိုပါ ပြောပြခဲ့တယ်" ဟု The Daily Eleven သို့ ပြောကြားသည်။
ဇွန် ၂၅ ရက်တွင် ၎င်းတို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများကိုလည်း သွားရောက်လေ့လာမည်ဟု သိရသည်။ SAW အဖွဲ့သည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အတွင်းရှိ မဲဆောက်မြို့တွင် ရှိပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းသည် HIV ဝေဒနာရှင်များ၊ လူကုန်ကူး ခံခဲ့ရသည့် အမျိုးသမီးများနှင့် စောင့်ရှောက်သူ မဲ့နေသည့် ကလေးသူငယ်များအား စောင့်ရှောက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။




