အလှပြင်ဆိုင်များတွင်
မျက်နှာပိုင်းဆိုင်ရာ သန့်စင်မှု၊ အလှပြုပြင်မှုနှင့် အခြားသော ပြုပြင်မှုများပြုလုပ်
ရာမှ သွေးထွက်သည့် အပြုအမူမျိုးဖြစ်ပါက အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်နိုင်ခြေကို သတိပြုဖွယ် ဖြစ်လာကြောင်း သတင်းရရှိသည်။
အလှပြုပြင်ရေး
ဆိုင်များတွင် မျက်ခုံးရိတ်ခြင်း၊ ဆားဝက်ခြံများကို ကိရိယာဖြင့်ညှစ်ထုတ်ခြင်း၊ လက်သည်း၊
ခြေသည်းညှပ်ခြင်း၊ လက်သည်းခြေသည်း ပုံသွင်းခြင်းတို့ကို အမျိုးသမီးများ ယခုနောက်ပိုင်း
ပြုလုပ်မှုများ ပြားလာကြပြီး ယင်းပြုပြင်မှုများသည် မတော်တဆ သွေးထွက်မှု ဖြစ်နိုင်ခြေရှိသော
ပြုပြင်မှုများဖြစ်သည်ဟု သိရှိရသည်။
''မျက်နှာကို
ပြုပြင်တဲ့နေရာမှာ ပေါင်းတင်တာမျိုးကတော့ ပြဿနာမရှိဘူး။ သွေးထွက်တဲ့ အပြုအမူမျိုး ဆိုရင်တော့
သတိထားရပါမယ်။ သွေးထွက်တာနဲ့ သတိကိုထားဖို့ လိုတယ်။ တစ်ခါသုံးသုံးနိုင်ရင်တော့ အကောင်းဆုံးပဲ။
တစ်ခါသုံးမဟုတ်ရင်လည်း ပိုးသတ်ထားဖို့လိုတယ်။ ပိုးသတ်ထားတာမဟုတ်ရင် မသုံးသင့်ပါဘူး''ဟု
အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါသည်။
ယခုနောက်ပိုင်းတွင်မူ
အမျိုးသမီးများအနေဖြင့် အလှပြုပြင်ရေးဆိုင်များ၌ မျက်နှာပိုင်းဆိုင်ရာ သန့်စင်မှုများဖြစ်သည့်
မျက်နှာပေါင်းတင်ခြင်း၊ မျက်နှာဆေးခြင်း၊ ပုလဲ သွင်းခြင်း၊ ရွှေသွင်းခြင်း၊ မျက်နှာ
ချေးချွတ်ခြင်း စသည်တို့ကို ပြုလုပ် မှုများလာခဲ့ကြောင်း၊ မျက်နှာပိုင်းဆိုင်ရာကို အသားအရည်သန့်စင်မှု
မှအစ အသေးစိတ်ပြင်ဆင်လာကြကြောင်း လည်းသိရှိရသည်။
ယင်းသို့ပြုလုပ်ရာတွင်
မျက်ခုံးရိတ်ခြင်း၊ ဆားဝက်ခြံကို ကိရိယာဖြင့် ထုတ်ခြင်းစသည်တို့မှာ ပြုလုပ်သူ၏ မကျွမ်းကျင် မှုကြောင့်
မတော်တဆ သွေးထွက်မှုဖြစ်နိုင်၍ သတိပြုသင့်သည်ဟု ဆိုပါသည်။
မျက်ခုံးရိတ်ရာတွင်
အသုံးပြုသည့်ဓားကို အလှပြင်ဆိုင်များ၌ တစ်ခါသုံးသာ အသုံးပြုလေ့ရှိပြီး ပြုပြင်မှုခံယူသူ ဘက်မှလည်း
တစ်ခါ သုံးကိုသာ အသုံးပြုရန် သတိပေးမှု များရှိသည်ဟု သိရှိရသည်။
သို့သော်
ဆားဝက်ခြံကို ကိရိယာဖြင့်ထုတ်ခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ပုံသွင်းခြင်းတို့ ပြုလုပ်ရာတွင်မူ
အသုံးပြုသည့် ပစ္စည်း များမှာ တစ်ခါသုံးများမဟုတ် ကြောင်း သိရှိရသည်။
''ဆိုင်မှာ
ဆားဝက်ခြံလာထုတ်လို့ ဆေးနဲ့ကပ်တာ လုပ်ပေးတော့ customer က ညစ်တံလေးနဲ့ မလုပ်ပေးဘူးလားလို့
မေးတယ်။ အဲဒီလို လုပ်ရင် တစ်ခါသုံးမဟုတ်တဲ့အတွက် ပိုးကူးနိုင်တယ်လို့ ကြားဖူးတာကြောင့်
မသုံးဖြစ်တော့တာလို့ ရှင်းပြရပါတယ်''ဟု တာမွေမြို့နယ်ရှိ အလှပြုပြင်ရေး ဆိုင်တစ်ခုမှ
တာဝန်ရှိ သူက ပြောပြသည်။
ဆားဝက်ခြံကို
ထုတ်ယူသည့် ကိရိယာကို အသုံးပြု၍ ညှစ်ယူရာမှ သွေးထွက်ကာ ပိုးကူးစက်ခဲ့သည့်ဖြစ်စဉ် တစ်ခုရှိခဲ့ဖူးကြောင်းလည်း
ကြားသိခဲ့သူတစ်ဦးက ပြောပြခဲ့ပါသည်။
အိပ်ခ်ျအိုင်ဗွီပိုးသည်
ရောဂါပိုးရှိသူ၏ သွေးမှတစ်ဆင့်လည်း ကူးစက်နိုင်ခြင်းဖြစ်ကြောင်း၊ အဆိုပါ သွေးနှင့်
အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုဖြစ်ပွားထားသည့် သွေးထွက်ရာနေရာ ထိတွေ့မိပါက ပိုးကူးစက်နိုင်ကြောင်း
သိရသည်။
အလှပြုပြင်ရေးဆိုင်များတွင်
ခြေသည်း၊ လက်သည်းညှပ်ခြင်း၊ ပုံသွင်းခြင်း၊ ဆေးဆိုးခြင်း စသည်တို့ ကိုလည်း ပြုလုပ်မှုများလာသည့်
အတွက် အသစ်လဲရန်မလွယ်ကူသော လက်သည်းညှပ်များအတွက် သတိပြုဖွယ်ဖြစ်သည်ဟု သိရှိရသည်။
ဝီကလီး
အလဲဖ်ဗင်း - မျက်နှာပိုင်းဆိုင်ရာ ပြုပြင်မှုများတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ခြေကို
သတိပြုဖွယ်ဖြစ်လာ




