8
Oct

မျိုးဆက်ပွား ကျန်းမာရေးဗဟုသုတများ ဆယ်ကျော်သက်များအကြား ပိုမိုပေးအပ်

ကျောင်းသားကျောင်းသူ လူငယ်များအကြား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုပေးအပ် နိုင်ခြင်းဖြင့် ဆယ်ကျော်သက်အကြား မျိုးဆက်ပွားဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြ ရမှုမှကင်းဝေးနိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)မှ ၎င်းစီမံချက်အဖွဲ့ဝင် ဒေါက်တာ မီမီကိုက ပြောသည်။

"စီမံချက်စတဲ့ ၂၀၀၀ ပြည့်နှစ် လောက်တုန်းက တော့ တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ ကလေးတွေက စပေးရမယ်ဆိုပြီး ဆုံးဖြတ်ထားတာရှိတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းကျတော့ ဒီလုပ်ငန်းတွေကို ပိုပြီးကျယ် ကျယ်ပြန့်ပြန့် လုပ်လာတယ်။ လုပ်လာတာနဲ့ တစ်ပြိုင်နက် အလယ်တန်းအဆင့် ရောက်လာတဲ့ ဆယ်ကျော် သက်ကလေးအားလုံးကို ဘ၀တွက်တာကျွမ်းကျင်စရာဆိုပြီး သင်ခန်းစာ တစ်ခုအနေနဲ့သင်ပေးတယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ကျောင်းကျန်းမာရေး ဆရာဝန်မ ကြီး ဒေါက်တာခင်စောရီကလည်း "ကျောင်း ကျန်းမာရေး လုပ်ငန်းစဉ်တွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပညာပေးလှုပ်ရှားမှုလည်း ပါတယ်။ ဒါက မျိုးဆက်ပွားကျန်းမာရေး စီမံချက်နဲ့မဆိုင်ပါဘူး။ အခြေခံပညာကျောင်းတွေမှာလုပ်သလိုပဲ အဆင့်မြင့် ပညာ ကျောင်းတွေ မှာလည်း ဒါနဲ့ပတ်သက်တဲ့ ပညာပေးတာတွေ လုပ်မယ်ဆိုရင် ဆယ်ကျော်သက် ကလေးတွေ အတွက်ပိုကောင်းတယ်။ အဆင့်မြင့် ကျောင်း ရောက်သွားတဲ့ကလေးတွေက ကိုယ်ပိုင်ဆုံးဖြတ် ချက်တွေ၊ ခံယူချက်တွေ၊ အပေါင်းအသင်း လွှမ်းမိုး ခံရတာတွေ ရှိကြတယ်။ မျိုးဆက်ပွားကျန်းမာရေး နဲ့ပတ်သက် တာတွေသိထားရင် မမှားသင့်တာ မမှားတော့ဘူးပေါ့"ဟု ၎င်းက ပြောသည်။

အသက် ၁၁ နှစ်မှ ၁၉ နှစ်အတွင်း ကလေးများကို ဆယ်ကျော်သက်အဖြစ် သတ်မှတ်ကာ ယင်း အသက် အပိုင်း အခြားအများဆုံးရှိသည့် အခြေခံ ပညာကျောင်းများကို မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အသိ ပညာပေးခြင်းပြုလုပ်ခဲ့သော်လည်း၊ ယခုနှစ်မှစကာ ကျောင်းသား/သူများနှင့် အုပ်စုဖွဲ့ ဆွေးနွေးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆွေးနွေးခြင်းကို ယခင်က ပညာပေး ဟောပြောထားသော အကြောင်းအရာများအပေါ်၌ ဆယ်ကျော် သက်များ၏ လက်ခံမှတ်သားထားနိုင်မှု အခြေအနေများကို ပြန်လည်ဆန်းစစ်သည့် သဘောမျိုးလည်း ဖြစ်သည်ဟု ဆိုသည်။

"အရင်က အသိပညာပေးထားတာတွေကို ကလေးတွေ ဘယ်အတိုင်းအတာလောက်အထိ မှတ်သားထားနိုင် တယ်ဆိုတာ ပြန်ဆန်းစစ်ပြီးသားလည်း ဖြစ်တယ်။ သူတို့ရဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကိုရအောင် လမ်းညွှန် ပေးရာလည်း ရောက်တယ်"ဟု ဒေါက်တာခင်စောရီက ပြောသည်။

ယခုလ ၈ ရက်နေ့က အလုံမြို့နယ်၊ အ-လ-က (၃) တွင် ရှစ်တန်းကျောင်းသား/သူ ၄၀ နှင့် အုပ်စုဖွဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ထို့အတူ တိုက်ကြီး၊ ဗိုလ်တထောင်နှင့် လှိုင်သာယာမြို့နယ်များတွင်လည်း ယခုလဆန်းပိုင်းက အခြေခံ ပညာ ကျောင်းများမှ ဆရာ/ဆရာမများ အား အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ဆယ်ကျော်သက်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စား သောက်နေထိုင်မှုပုံစံ၊ အပေါင်းအသင်း၊ ပြောင်းလဲမှုများ၊ စိတ်ကျန်းမာရေး၊ တည်ကြည် ခိုင်မာပြောဆိုရေး၊ မှန်ကန်သော ဆုံးဖြတ်ချက်ချရေး၊ မိသားစုရေး၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ အရက်၊ ဆေးလိပ်၊ မူးယစ် ဆေးဝါး စသည့် အကြောင်းအရာများ ဆွေးနွေးကြ ခြင်းဖြစ်သည်။

 မြန်မာတိုင်းမ် (အတွဲ ၂၂၊ အမှတ် ၄၃၂ )

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top