ပည်သူလူထုအကြား မျိုးပွားခြင်းဆိုင်ရာ
အသိပညာပေးလုပ်ငန်းများ မြင့်မားလာစေရန် အောက်မြန်မာပြည် ဆေးသုတေသန ဦးစီးဌာနသည် အရေးပေါ်
ဖုန်းလိုင်းမှတစ်ဆင့် ဖြေကြားပေးလျက် ရှိရာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခေါ်ဆိုမှုပေါင်း
၈၅၀ ကျော် လက်ခံရရှိခဲ့ကြောင်း သုတေသနပညာရှင် ဒေါက်တာကိုကိုဇော်က ပြောသည်။
ဆေးသုတေသန ဦးစီးဌာနအနေဖြင့် ၂၀၀၉ ခုနှစ်၊
မတ်လမှစတင်ခါ ဖုန်းလိုင်းမှတစ်ဆင့် မျိုးပွားခြင်းနှင့် ဆိုင်သော သိလိုရာမေး အမေး၊
အဖြေ ကဏ္ဍအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
"ဌာနအနေနဲ့ ပြည်သူတွေဆီက ဒီထက်များပြားတဲ့
ဖုန်းခေါ်ဆိုမှုတွေရရှိဖို့ မျှော်မှန်းပါတယ်။ မီဒီယာတွေကနေ တစ်ဆင့်လည်း ဒီကဏ္ဍအကြောင်း
ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြပေး ဖို့လိုပါတယ်"ဟု ဒေါက်တာ ကိုကိုဇော်က ပြောသည်။
စမ်းသပ်ကာလ ပထမနှစ်လတွင် ပြည်သူလူထုထံမှ
တစ်နေ့လျှင် ဖုန်း ခေါ်ဆိုမှုပေါင်း ၃၀ နီးပါးရရှိခဲ့သော်လည်း ယနေ့အချိန်တွင် တစ်နေ့
ပျမ်းမျှ ၁၀ ကြိမ်ခန့်သာ လက်ခံရရှိတော့ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့အနေနဲ့ မေးမြန်းသူ
တွေရဲ့ ပုဂ္ဂိုလ်ရေးကို တန်ဖိုးထားတဲ့ အတွက် သိလိုရာကို လွတ်လွတ် လပ်လပ် မေးမြန်းနိုင်ပါတယ်။
ဒီထက်များပြားတဲ့ ဖုန်းခေါ်ဆိုမှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဒေါက်တာ
ကိုကိုဇော်က ပြောသည်။
စစ်တမ်းအရ ဖုန်းခေါ်ဆိုသူများ၏ ၇၄ ရာခိုင်နှုန်းမှာ
၂၅ နှစ်နှင့် ၄၅ နှစ် ကြား အရွယ်ရှိသူများဖြစ်သည်။
ပြည်သူလူထုထံမှ မေးမြန်းမှုအများဆုံးသော
ခေါင်းစဉ်များမှာ သားသမီး မရရှိရခြင်း၊ သားဆက်ခြားခြင်း၊ လိင်မှုဆက်ဆံရေးဆိုင်ရာ ပြဿနာတို့ဖြစ်ပြီး
အိပ်ခ်ျအိုင်ဗီ၊ ကိုယ်ဝန်ဆောင်စောင့် ရှောက်ခြင်း၊ မွေးကင်းစကလေးငယ် စောင့်ရှောက်ခြင်းစသည့်
ခေါင်းစဉ်များအား မေးမြန်းမှုနည်းကြောင်း ၎င်းက ပြောသည်။
အီးမေးလ်မှတစ်ဆင့် မျိုးပွားခြင်းနှင့်
ပတ်သက်ပြီး သိလိုရာမေး မေးမြန်းသည့် ကဏ္ဍကိုလည်း ဧပြီလလောက်တွင် စတင်အကောင် အထည်ဖော်ရန်
အစီအစဉ်ရှိကြောင်း ဒေါက်တာကိုကိုဇော်က ပြောသည်။
ဖုန်းလိုင်းမှတစ်ဆင့် မျိုးပွားခြင်းအကြောင်း
မေးမြန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၁-၃၇၅ ၅၆၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း
သိရသည်။
မြန်မာတိုင်းမ် - အတွဲအမှတ် (၂၃ ၊ အမှတ်
၄၅၄)




