9
Sep

မျိုးဗီဇ နည်းပညာနှင့် HIV ကုထုံးသစ်

မိုးလေကင်းစင်နေ၍
ရာသီဥတု သာယာနေ၏။ အနော်ရထာလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ
မဝေးကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေး တည်ရှိ၏။ ထိုလက်ဖက်ရည်ဆိုင်လေးသို့
ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ဝင်ထွက်သွားလာနေ၏။ ထိုပုဂ္ဂိုလ်သည် ဗလကောင်းကောင်း၊ ထောင်ထောင် မောင်းမောင်း
ဖြစ်၏။ အစဉ်အမြဲ အထက်အောက် ယောဂီဝတ်စုံကိုသာ ဝတ်ဆင်တတ်၏။ လွယ်အိတ်တစ်လုံး အစဉ်လွယ်ထားပြီး
ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဖတ်နေတတ်၏။

ထိုပုဂ္ဂိုလ်၏
လွယ်အိတ်ထဲတွင် ကြီးမားသော ပုတီးကြီးတစ်ကုံး ပါရှိ၏။ ပိတောက်သားဖြင့် ပြုလုပ်ထားပြီး
ပိတုန်းရုပ်လည်းပါ၏။ ပိတုန်းရုပ်ထဲတွင် ပြဒါးသွင်းထားသည်ဟု သိရ၏။ သို့သော် ထိုအချက်များမှာ
ဘေးစကားသာဖြစ်ပြီး ၎င်းပုဂ္ဂိုလ် ကိုယ်တိုင်က မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုခြင်း မပြုပေ။

ထိုပုဂ္ဂိုလ်သည်
လက်ဖက်ရည်ဆိုင် ရောက်ပါက ရေနွေးကြမ်းကိုသာ သောက်လေ့ရှိ၏။ စားပွဲထိုးကလေး မောင်ကြွက်နီ
လှူဒါန်းသော သီးမွှေးငှက်ပျောသီး တစ်လုံးသာ စား၏။ မည်သည့် အစားအစာကိုမျှ မစားပေ။

၎င်း၏အမည်ရင်း
အစစ်အမှန်ကို မည်သူမျှမသိကြပေ။ ဂမ္ဘီရလိုင်းမှ စာရေးဆရာတစ်ဦး ဟုသာ သာမန်အားဖြင့် သိရှိရပြီး
အခြား ကိုယ်ရေးကိုယ်တာ ကိစ္စများ မသိရှိရပေ။ ၎င်း၏ ကလောင်အမည်မှာ ရာဟုမောင်မောင် ဖြစ်သော်လည်း
ထိုကလောင် အမည်ကို မည်သည့်မဂ္ဂဇင်း၊ မည်သည့် ဂျာနယ်တွင်မှ ပါရှိခြင်း မတွေ့ရပေ။

ထိုပုဂ္ဂိုလ်သည်
တစ်ခါတရံ နံနက် ၁ဝ နာရီခန့်တွင် ရောက်လာပြီး ခေတ္တထိုင်ကာ ထွက်ခွာသွား၏။ တစ်ခါတရံ ဆိုင်ပိတ်ခါနီး
ည ၈ နာရီခန့်တွင် ရောက်လာပြီး ခေတ္တထိုင်ကာ ထွက်ခွာသွား၏။ တစ်ခါတရံ နေ့လယ် မွန်းတည့်မှ
ဆိုင်သိမ်းချိန်အထိ ထိုင်နေတတ်၏။ လွန်စွာ ထူးဆန်းသော ပုဂ္ဂိုလ်ဖြစ်၏။

ယနေ့ညနေတွင်
လေညိုကုန်း၌ လူရှင်းနေ၏။ ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းနှင့် ဒေါက်တာ တင်မောင်ဆွေတို့
နှစ်ဦးသာရှိ၏။

“ဆရာ၊
ရာဟုမောင်မောင်က ထူးဆန်းတယ်ဆရာ”

“ဘယ်လိုထူးဆန်းတာလဲ
ဦးဥာဏ်အုန်း”

“သူ့ဆီမှာ
ဓာတ်လုံးရှိတယ်တဲ့။ အေအိုင်ဒီအက်စ် ပျောက်တယ်တဲ့။ လူနာ ၁ဝ ဦးလောက် လက်တွေ့ ပျောက်ပြီးပြီတဲ့”

“ရာဟုမောင်မောင်
ကိုယ်တိုင် ပြောတာလား”

“သူကိုယ်တိုင်ဘာမှ
မပြောဘူး။ ဘေးကနေ သိုးသိုးသန့်သန့် ကြားတာ”

“ဟာ…
ဟုတ်မယ်မထင်ပါဘူး။ ကောလာဟလ နေမှာပါ”

“အေအိုင်ဒီအက်(စ်)ကို
မနိုင်သေးဘူးလား ဆရာ”

“အေအိုင်ဒီအက်(စ်)
နဲ့ ပတ်သက်တဲ့ သုတေသန အသစ်တွေအကြောင်း ပြောပြမယ်ဗျာ။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဓာတ်လုံး၊
ကုထုံးမဟုတ်ဘူး။ သိပ္ပံနည်းကျ ကုထုံးဗျ။ Nature Biotechnology လို့ခေါ်တဲ့ သိပ္ပံပညာဂျာနယ်
တစ်စောင်မှာ ပါလာပြီ။ ပါရဂူတွေက မျိုးရိုးဗီဇကုထုံးကို အသုံးချပြီး အိပ်ခ်ျအိုင်ဗွီကို
အပြတ်ဆော်ပစ်တော့မယ်”

“ဟုတ်လား၊
ပြောပါဦးဆရာ။ ဘယ်လိုဆော်ပစ်မှာလဲ”

“ဒီလိုဗျ။
သုတေသီတွေက ပြုပြင်ထားတဲ့ လူသားပင်မ ဆဲလ်တွေ ယူတယ်။ ပြီးတော့ ကြွက်ထဲထည့်တယ်။
Human Stem Cell တွေပေါ့ဗျာ။ ကြွက်ထဲမှာ လူသားမူလပင်မ ဆဲလ်တွေက ကိုယ်ခံစွမ်းအား စနစ်က
ဆဲလ်ဘဝကို ပြောင်းတယ်။ Human Stem Cell ကနေ Immune System Cell ဘဝကို ပြောင်းတာပေါ့ဗျာ”

“ပြောင်းတော့
ဘာဖြစ်လဲ ဆရာ”

“Immune
System Cell ဘဝရောက်တော့ အိပ်ခ်ျအိုင်ဗွီပိုးကို ခုခံနိုင်တာ တွေ့ရတယ်။ ဒီသုတေသနက ထူးခြားတယ်။
တခြားသုတေသနမှာ ကြွက်ဟာ ကြွက်ပဲ။ သဘောက ကြွက်သဘာဝပဲ ရှိနေတာကို ပြောချင်တာပါ။ ခုသုတေသနကျတော့
ကြွက်က လူသားသဘာဝ ဖြစ်နေတယ်။ Humanized လို့ ခေါ်တယ်။ လူသားသဘာဝ ရှိသွားတာက ထူးဆန်းနေတယ်။
ကြွက်မှာ လူသား ခုခံအားဆဲလ်တွေ ပေါ်လာတယ်။ လူသားတွေမှာ ဖြစ်တဲ့ရောဂါကို ခုခံ တားဆီးနိုင်တယ်”

“တယ်လဲ
အံ့သြစရာ ကောင်းပါလား ဆရာရယ်”

“ဟုတ်တယ်
ဦးဥာဏ်အုန်း။ အတော်အံ့သြစရာ ကောင်းတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို လူမှာ လက်တွေ့စမ်းဖို့
လိုနေသေးတယ်။ ဒါကြောင့် သုတေသန ပြီးဆုံးဖို့ နှစ်အတော် ကြာဦးမယ်တဲ့”

“ကြာပါစေ
ဆရာရယ်။ တစ်နေ့ အောင်မြင်ရမှာပါ”

“ဟုတ်ပါတယ်။
ကြီးကျယ်တဲ့ သုတေသနမှန်ရင် အချိန်ယူရတာပါပဲ။ သုတေသနမှာ တွဲဖက် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့
Paula Cannon က မျှော်လင့်စရာ ရှိပါတယ်လို့ ပြောသွားတယ်။ သူက University of
Southern California က Molecular Biology ဘာသာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ ပညာရှင်တွေ
ခုခံအား စနစ်ကို စွမ်းရည်မြှင့်တင်ပေးပြီး အိပ်ခ်ျအိုင်ဗွီနဲ့ ရင်ဆိုင်တွေ့ပေးတာပဲဗျ”

“ဒီသုတေသနမှာ
ပညာရှင်တွေ လူသားမူလ ပင်မဆဲလ်ကို ပြုပြင်ဖန်တီးတာ ပါနေတာ ပေါ့နော်”

“ဟုတ်တယ်။
ပါတယ်ဗျ။ ဒီနေရာမှာ ဗိုင်းရပ်စ်က ခုခံအား ဆဲလ်တွေထဲ မဝင်နိုင်အောင် အပေါက် ပိတ်ပစ်တဲ့
သဘောပါတယ်”

“အိပ်ခ်ျအိုင်ဗွီ
ဝင်ပေါက် သီးသန့်ရှိတယ် တဲ့လား”

“ဟုတ်တယ်။
သီးသန့်ရှိတယ်။ ဝင်ပေါက်ဆိုတာ Receptor ကို ဆိုလိုတာဗျ။ ဒီ Receptor က CCRS ဆိုတဲ့
Gene နဲ့ ဆက် နွယ်မှုရှိတယ်။ သဘာဝအလျောက် လူနည်းစုမှာ ဒီ Receptor ကို ထိန်းချုပ်တဲ့
မျိုးရိုးဗီဇက အလုပ်မလုပ်နိုင်တာ တွေ့ရတယ်။ ဒီလူနည်းစုဟာ အိပ်ခ်ျအိုင်ဗွီကို ခံနိုင်ရည်ရှိနေတယ်
တဲ့ဗျ”

“ကံထူးရှင်တွေပေါ့
ဆရာ”

“ဟုတ်တယ်ဗျ။
ကံထူးရှင်တွေပဲ။ Cannon က ဒီသဘာဝ ဖြစ်ရပ်ကို သိထားတော့ အလားတူ သုတေသန လုပ်ကြည့်တာဗျ။
လူသား ဆဲလ်တွေကို ပြုပြင်ပြောင်းလဲပေးပြီး ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိအောင် လုပ်ဖို့
ရည်ရွယ်ချက်ရှိတယ်”

“တယ်လဲကောင်းတဲ့
ရည်ရွယ်ချက်ပါလား ဆရာ”

“ဟုတ်တယ်ဗျ။
သုတေသီတွေက လူသားပင်မ ဆဲလ်ထဲက မျိုးရိုးဗီဇတချို့ကို ဖြုတ်ယူလိုက်တယ်။ Cutting A
Gene လို့ ခေါ်တယ်။ အဲဒီအခါမှာ လူသားပင်မ မူလဆဲလ်က ဒဏ်ရာကို ပြုပြင်ဖို့ ကြိုးစားတယ်။
မအောင်မြင်ဘူး။ နောက်တော့ အဲသလို မျိုးရိုးဗီဇ လျော့သွားတော့ ဗိုင်းရပ်စ် ဝင်ပေါက်ပါ
ပျောက်သွားတာ တွေ့ရတယ်တဲ့”

“ပြီးတော့
ကြွက်တွေမှာ စမ်းတာပေါ့နော်”

“ကြွက်ကို
နှစ်အုပ်စုခွဲ စမ်းတယ်။ တစ်အုပ်စုက Humanized ကျန်အုပ်စုက သဘာဝအတိုင်းပဲ။ ပြီးတော့
ဗိုင်းရပ်စ် ကူးစက်ခိုင်းတယ်။ Humanized Mice မှာ Mature I- Cell တွေ တစ်ပြုံကြီး ထွက်လာတယ်။
ဗိုင်းရပ်စ်ဝင်ပေါက်လဲ ပိတ်သွားတယ်။ သာမန်ကြွက်က ဗိုင်းရပ်စ်ဝင်ပြီး နှိပ်စက်တာ ခံရတယ်။
Rowena Johnston ဆိုတာက New York City မှာရှိတဲ့ The Foundation for ALDS Reserch မှာ
ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ပုဂ္ဂိုလ်ဗျ။ သူကပြောတယ်။ မျိုးရိုးဗီဇကုထုံးဟာ အလားအလာ အလွန်ကောင်းပါတယ်တဲ့။
အကျိုးရှိနိုင်တာတွေ အများကြီး ထွက်ပေါ်လာမှာပါတဲ့”

“ဟုတ်ကဲ့ဆရာ”

“အရင်က
မျိုးရိုးဗီဇကုထုံးမှာ ဗိုင်းရပ်စ်ကိုနိုင်ဖို့ ရှိသမျှ ခုခံအားစနစ် ဆဲလ်တွေကို ပြောင်းပစ်ရမယ်လို့
သီဝရီ ထွက်ပေါ်ဖူးတယ်။ ခုသီဝရီက အသစ်ဗျ။ သီဝရီအသစ်အရ ရှိသမျှ ဆဲလ်ပြောင်းစရာ မလိုဘူး။
သက်ဆိုင်တဲ့ ဆဲလ်ပဲ ပြောင်းရမှာ”

“ဟုတ်ကဲ့ဆရာ”

“Cannon
ကလဲ ပြောတယ်။ ခုတွေ့ရှိချက်ကို ခိုင်မာသထက် ခိုင်မာအောင် လုပ်ဦးမှာပါတဲ့။ သူတို့က
HIV - Positive Lymphoma ဖြစ်နေတဲ့ လူနာတွေဆီက လူသားပင်မ မူလဆဲလ်တွေ ထုတ်ယူတာဗျ။ ပြီးတော့
အဲဒီဆဲလ်တွေကို ကြွက်မှာ ပြုပြင်တယ်။ ပြီးတော့လူသားထဲ ပြန်ထည့်တယ်။ ခုတော့ သုတေသန အဆင့်ပဲ
ရှိသေးတယ်”

“ဒီကုထုံးက
ဈေးကြီးသလား ဆရာ”

“နောင်တော့
ဈေးပေါလာမှာပါ။ ခုလောလောဆယ်ကတော့ ဈေးကြီးတယ်။ ကုန်ကျစရိတ်က ဒေါ်လာ တစ်သိန်းရှိတယ်”

“အများကြီးပါလား”

“စခါစကိုးဗျ။
ဒါပေမယ့် ဒီကုထုံး မပေါ်ခင်က လူနာဟာ တစ်သက်လုံး ARV ဆေးတွေ သောက်နေရတာဗျ။ တစ်သက်လုံး
ဆေးသောက်ရတာနဲ့ နှိုင်းယှဉ်လိုက်ရင် များတယ်လို့ မဆိုနိုင်တော့ဘူးဗျ”

“ဒါလဲ
ဟုတ်တာပဲဆရာ။ တစ်သက်လုံး ဆေးသောက်ရတာ ဆိုတော့ ဆေးဖိုးကလဲ စုစုပေါင်းဆိုရင် ဒေါ်လာ တစ်သိန်းကျော်ဦးမှာပဲ”

“ဒါပေါ့ဗျာ။
တစ်သက်လုံး ဆိုတာက နည်းတာမှ မဟုတ်ဘဲ။ လူနာက ကံကောင်းလို့ အသက် ၉ဝ နေရင် ဆေးဖိုးတွေ
သန်းချီကျနိုင်တယ်”

“စောစောက
ပြောသလို အချိန် စောင့်ရဦးမှာ ပေါ့နော်”

“စိတ်ရှည်ရှည်နဲ့
စောင့်ရမှာ ပေါ့ဗျာ” ထိုစဉ် ရာဟုမောင်မောင် ရောက် ရှိလာ၏။

“မင်္ဂလာပါ
ရာဟုမောင်မောင်”

“မင်္ဂလာပါ
ဦးဥာဏ်အုန်း။ ဆရာ ဦးတင်မောင်ဆွေ မင်္ဂလာပါ။ ကျွန်တော်လဲ ဆရာကြီး မင်းတင်မွန်ရေးတဲ့
ဗုဒ္ဓဘာသာနဲ့ သိပ္ပံပညာကို နှိုင်းယှဉ်ပြထားတဲ့ ဘာသာရေး စာအုပ်တစ်အုပ် ဖတ်နေတယ်။ မူရင်း
စာရေးဆရာက ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာတဲ့ ပုဂ္ဂိုလ်ဗျ”

“သြော်-
ဟုတ်ကဲ့။ ရာဟု မောင်မောင်”

“လူတွေက
ခက်တယ်ဗျ။ ကျွန်တော့်ကို ဓာတ်လုံးရှိသလေး ဘာလေးနဲ့။ တကယ်က မရှိပါဘူးဗျာ။ ဓာတ်လုံးဝေးလို့
ဓာတ်မီးခြစ်တို့၊ လက်နှိပ်ဓာတ်မီးတို့တောင် မရှိဘူး။ ဝေဒနာဖြစ်လာရင် ဆရာဝန်နဲ့ ကုရမှာပေါ့။
ကျွန်တော်က ဘယ်လိုကု နိုင်မှာလဲ”

“ရာဟုမောင်မောင်က
မြေလျှောက် ဝိဇ္ဇာဆို”

“မဟုတ်ပါဘူးဗျာ။
သာမန်လူပါပဲ။ ဗိုက်ဆာလို့ ငှက်ပျောသီး စားတာကို သိဒ္ဓိတင်တာတဲ့။ လွတ်လွတ်လပ်လပ် မစားရပါဘူးဗျာ။
ငှက်ပျောသီးလဲ ထုတ်လိုက်ရော လူလေး၊ ငါးယောက် ဝိုင်းလာလို့ ထပြေးရ သေးတယ်ဗျာ”

ဦးဥာဏ်အုန်းနှင့်
ဒေါက်တာ တင်မောင်ဆွေတို့က သဘောကျလွန်း၍ တဟားဟားနှင့် အော်ရယ် ကြလေ၏။

ရည်ညွှန်းချက်။
။ Healthday မှ Scientists Make Immune Cells in Mice That Fight off HIV ဆေးပညာ ဆောင်းပါးကို
မှီငြမ်းကိုးကား ပါသည်။


အောင်(ဆေး-၁)

Zaygwet - မျိုးဗီဇ
နည်းပညာနှင့် HIV ကုထုံးသစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top