စေတနာအစစ်အမှန်ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့ ။ ကာယကံရှင်မှ စေတနာ နဲ့ ပြုလုပ်တဲ့ လုပ်ရပ် တခုမှာ ပေါ့ဆမှုကြောင့် မမှားသင့်ပဲ မှားမိသွားတဲ့အခါမျိုးကျတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး ဆိုတာ သိစေချင်လို့ ဒီအကြောင်းအရာလေးကိုရေးလိုက်ပါတယ်။
ခေတ်မှီတိုးတက်နေပါတယ် လို့ ဆိုတဲ့ နိုင်ငံတနိုင်ငံမှာတောင် ခုလိုအမှားမျိုးပြုမိတဲ့ အဖြစ်တခု ၊ ကမ္ဘာပေါ်မှာ ပထမ ဦးဆုံးဖြစ်ခဲ့တဲ့ မမှားသင့်တဲ့ အမှားတခု၊ မကြာခင်ရက် အနည်းငယ်က ဒီနိုင်ငံရဲ့ ဆေးပညာလောကမှာ ဖြစ်သွားခဲ့ပါတယ် ။ဇာတ်လမ်း အကျဉ်းချုပ်က ဒီလိုပါ ။
၂၀၁၁၊သြဂုတ်လ ၂၄ ရက်နေ့ က ထိုင်ဝမ် နိုင်ငံ ရှင်းကျု 新竹 မြို့ နေ 邱 မျိုးရိုးအမည်၊ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံခဲ့ရာမှာ ဦးနှောက်သေဆုံးခြင်း ( Coma ) လို့  အတည်ပြုပြီးတဲ့နောက် ကျန်ရစ်သူမိသားစုမှ သူ့ ရဲ့ ကောင်းမွန်နေသေးတဲ့ ကိုယ်ခန္ဓာ မှ အင်္ဂါ အစိတ်အပိုင်း တို့အား လိုအပ်သလို အသုံးပြု နိုင်ဖို့  လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆေးရုံကြီး National Taiwan University Hospital (台大醫院) ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသရေးအဖွဲ့ သို့  အမြန်ဆုံး အကြောင်းကြားခဲ့ပါတယ် ၊ ထို အဖွဲ့ မှ လှူဒါန်းသူ( Donar) နဲ့ လက်ခံသူ (Recipient) အံဝင်ဂွင်ကျ ရှိ မရှိ အတွက် လိုအပ်တဲ့ စစ်ဆေးမှုများ ( သွေးအမျိုးအစား၊ ကူးစက်ရောဂါ ရှိမရှိ ၊ ဘီပိုး စီပိုး HIV အစရှိတဲ့ သွေးစစ်ခြင်း အပါအဝင် အသေးစိတ် စစ်ဆေး ခဲ့ပါတယ် ၊ ) ။ သွေးစစ်ဆေးရေး ဓါတ်ခွဲခန်းမှ HIV ပိုးရှိသည် (HIV Reactive) ဆိုတဲ့ အဖြေကို အစားထိုးခွဲစိတ်အဖွဲ့ သို့  ဖုံးဖြင့် အကြောင်းကြားရာမှာ ၊ လက်ခံ နားထောင်သူမှ ပေါ့ဆစွာ ဖြင့် HIV ပိုးမရှိပါ ( HIV-Non Reactive) လို့ ရေးမှတ်လိုက်ပါတယ် ။
သြဂုတ်လ ၂၅ ရက်နေ့ မှာ - အဆိုပါ အကောင်းပကတိကျန်နေသေးတဲ့ အဆုပ်၊ ကျောက်ကပ်တစ်စုံ နှင့် အသည်း တို့ ကို ၊ NTUH မှ လူနာ ၄ ဦး ထံ သို့၎င်း၊ နှလုံးအား ချန်သဆေးရုံ(成大醫院) မှ လူနာတဦး သို့ ၎င်း အစားထိုး ခွဲစိတ် ကုသပေးလိုက်ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ မှာ မှ အဆိုပါ လှူဒါန်းသူမှာ (HIV ပိုးရှိသည်) လို့ သိရပြီး နောက်တကြိမ် ပိုးထပ်စစ်ပါတယ်။ သေချာပါတယ် ။ ဒီလှူဒါန်းသူမှာ HIV ပိုးရှိနေခဲ့ပါပြီ ။ ဒါကြောင့် ချန်သ ဆေးရုံမှ နှလုံးအစားထိုးခွဲစိတ်အဖွဲ့ နဲ့ အစားထိုးခံရသူလူနာရှင် တို့ အား အကြောင်းကြား အသိပေးခဲ့ပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ - NTUH ဆေးရုံကြီးမှ တာဝန်ရှိသူများက ကူးစက်ရောဂါထိန်းသိမ်းကွပ်ကဲရေးဌာန (CDC) ၊ အင်္ဂါအစားထိုးခြင်းဆိုင်ရာမှတ်တမ်းဌာန နဲ့ အစားထိုးကုသခံ လူနာများရဲ့ မိသားစုများထံ အကြောင်းကြားပြီး ထို လူနာများအား HIV ရောဂါကာကွယ်ဆေးများ သုံးစွဲဖို့ ပြောကြားခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ ခွဲစိတ်မှုများကို လုပ်ဆောင်ပေးခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ( ဆရာဝန် ၊သူနာပြု )အား ကာကွယ်ဆေးသုံးစွဲကုသရန် မပြောကြားခဲ့ပါ။( HIV ကာကွယ်ဆေး ဟာ ရောဂါမဖြစ်အောင် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်ပေးနိုင်မှု ထိရောက်မှုရှိတယ် ဆိုတဲ့ အချက်ကို ယခုထက်တိုင် သေချာစွာ မသိကြသေးပါ )။
ဖြစ်သွားခဲ့တဲ့ အခြေအနေကို ပြန်ပြီး စစ်ဆေးကြည့်တဲ့ အခါမှာ အဆိုပါ HIV ပိုးရှိသူလူနာထံမှ အင်္ဂါအစိတ် အပိုင်းများကို ဖြတ်တောက်ခွဲစိတ်ပေးတဲ့ အဖွဲ့မှာပါဝင်သူ အနည်းဆုံး ၆ ဦး၊ အသည်း၊ အဆုပ် နှင့် ကျောက်ကပ် တစ်လုံးစီအား အစားထိုးပေးတဲ့အဖွဲ့ မှာပါဝင်သူ ၄ဦးစီ ။ နှလုံး အစားထိုးအဖွဲ့မှာ ပါဝင်သူ ၃၁ ဦး ၊ စုစုပေါင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အနည်းဆုံး ၅၃ ဦး တို့မှာ HIV ရောဂါ ကူးစက်ခံရဖို့  အလားအလာ တွေ ရှိနေပါတယ် ။ ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အစားထိုးကုသမှု ခံလိုက်ရတဲ့ လူနာ ၅ ဦး တို့ပါပဲ ။ သူတို့ ဟာ ဒီရောဂါပိုးအများအပြား ပါရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းများကိုရယူထားရတဲ့ အတွက် HIV ရောဂါ လက္ခဏာတွေကို မလွဲမသွေ အမြန်ဆုံး ကူးစက်ခံစားရတော့မှာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ တာဝန်ရှိတဲ့ ဓါတ်ခွဲခန်း နဲ့ အစားထိုးခွဲစိတ်အဖွဲ့ တို့မှဝန်ထမ်းများအား ထိုက်သင့်သလို အရေးယူဆောင်ရွက်ဖို့  အခြေအတင် ဆွေးနွေးနေကြဆဲပါ ။
လက်ရှိ ဥပဒေ အရ ဆိုရင် အင်္ဂါ အစိတ်အပိုင်းများကို အစားမထိုးမှီ HIV ပိုး ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။ ပိုးရှိ သူရဲ့ အင်္ဂါကို အစားထိုးကုသမှု မပေးရပါ ။ ထို အချက်ကို ဖေါက်ဖျက်ပါက တာဝန်ရှိသူအား ဒါဏ်ငွေ သုံးသောင်း မှ တစ်သိန်းခွဲ (ထိုင်ဝမ် ဒေါ်လာ ) ချမှတ်နိုင်တဲ့ အပြင် ထောင်ဒါဏ် ၃နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ပါတယ်။
အကယ်၍ ခုလို ပေါ့ဆမှု အတွက် လူနာ သေဆုံးပါက ၊ အဆိုပါဆေးရုံအား ဒါဏ်ငွေ ငါးသောင်းမှ ငါးသိန်း ထိချမှတ်နိုင်ပြီး ဆေးရုံလုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း တစ်လမှ တစ်နှစ်ထိ ချမှတ်နိုင်ပါတယ်။
ဒီအဖြစ်ကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် - ဦးနှောက် သေဆုံးသူထံမှာ HIV ရောဂါပိုးရှိနေမှန်း အမှန်တကယ် မသိရှိခဲ့ပါ၍၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အလဟဿမဖြစ်စေပဲ အခြားသူတွေ အသက် ကယ်စေလိုသဖြင့် လှူဒါန်းခဲ့တဲ့ လူနာရှင် ကျန်ရစ်သူ မိသားစုတို့ရဲ့ စေတနာကောင်းဟာ ၊ ပေးအပ်ခံရသူလူနာများနဲ့ မိသားစုများကို ကနဦး အစမှာ အတိုင်းအဆမရှိ ဝမ်းမြောက်စေခဲ့ပေမဲ့၊ တစုံတယောက်ရဲ့ ပေါ့ဆမှုကြောင့် သက်ဆိုင်တဲ့ လူပေါင်းများစွာအတွက် ဝေဒနာများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ် ။ဘယ်လို ဒါဏ်ငွေ ထောင်ဒါဏ်မျိုး ချမှတ်ပေမဲ့လည်း၊ ဒီ ရောဂါဆိုးကြီး ဘယ်အချိန်မှာ ပေါ်ပေါက် ခံစားရလာမလည်း ဆိုတဲ့ ကြောင့်ကျ စိုးရိမ်မှု ဝေဒနာ များကို ချေဖျက်လို့ ရနိုင်မယ် မဟုတ်ပါဘူး ။
စကားတခွန်းကို ( ရှိသည် / မရှိပါ ) သေချာ နားမထောင်ပဲ ပေါ့ပေါ့ဆဆပြုခဲ့သူ၊ တိုးတက်လှပါတယ် ဆိုတဲ့နိုင်ငံတွေမှာတောင်( သွေးအဖြေ မှတ်တမ်းကို အရေးကြီးလျှင်ကြီးသလို Fax ,e mail စသဖြင့် ပေးပို့နိုင်ပါလျှက်နဲ့၊ ယခုဆိုလျှင် electronic chart system များနဲ့ အလွယ်တကူ မှတ်တမ်းတင် ပြီး အဖြေလွှာ ရှာယူနေနိုင်ပါလျှက်နဲ့ )ဖုံးဆက်ပြီး ပေါ့ပေါ့ဆဆ ပြောဆိုသူ၊ မှတ်တမ်းတင်သူ၊ နှစ်ဦး နှစ်ဖက်မှ နှစ်ခါပြန်စစ်ဆေးခြင်း Double Check မလုပ်ပဲ ခွဲစိတ်မှုကို ပြုလုပ်သူ ၊ အဆိုပါ တာဝန်ရှိသူများ ရဲ့ ပေါ့ဆပုံများကို သေချာစစ်ဆေး အရေးယူဖို့ လုပ်ဆောင်နေကြပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ ရောဂါခံစားလာရမဲ့သူတွေ အတွက်တော့ လောလောဆယ်တော့ ကြိုတင်ကာကွယ်ဆေးသောက်သုံးစေဖို့  နဲ့ အချိန်မှန် သွေးစစ် ဆေး ပေးမှု အတွက် စီစဉ် ဆောင်ရွက်ပေးမှုမျိုး သာ ရှိနေပါသေးတယ် ။ပိုပြီးတိကျသက်ရောက်တဲ့ ဥပဒေ မျိုး ချမှတ်ပေးဖို့ လည်းတောင်းဆိုနေကြပါတယ်။ ခုလို အမှားတခုတွေ့ ရင် အမှန်ဖြစ်အောင်၊ နောက်ထပ် အလားတူ အမှားမျိုး မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်းမှုတွေ ရှိနေတာကတော့ သင့်တော် ကောင်းမွန်ပါတယ်။ အဆိုးထဲက ရလိုက်တဲ့ သင်ခန်းစာကောင်းတခု လို့ ပဲ မှတ်ယူရမှာပါ ။
အဆိုပါဆေးရုံမှ တာဝန်ရှိသူများကလည်း သူတို့ရဲ့ မှားယွင်းပေါ့ဆမှုတွေကို ဝန်ခံ တောင်းပန် ခဲ့ ပြီး လိုအပ်တဲ့ ပေးဆပ်မှုများကို တာဝန်ယူဆောင်ရွက်ပေးမဲ့ အကြောင်း ပြောခဲ့ပါတယ် ။ အမှားကို ဝန်ခံတာဝန်ယူတတ်တဲ့ လူ့ အဖွဲ့ အစည်းမျိုး ရှိနေသေးတာကြောင့် ကိုယ့်တိုင်းပြည်ကိုလည်း ခုလို အခြေအနေမျိုးမှာ ရှိစေချင်လှပါတယ်။
ခုလို လူတဦးရဲ့ ပေါ့ဆမှု ကြောင့် အမှတ်တမဲ့ မှ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ဖြစ်သွားခဲ့ အဖြစ်မျိုးတွေ ဒီကမ္ဘာကြီးမှာ ရှိနေခဲ့ပါတယ် ။ ကားမောင်းသမားတဦး ပေါ့ဆမှုကြောင့် ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ၊ လေယာဉ်ထိန်းသိမ်းမှူ အချက်ပြမှုပေါ့ဆလိုက်လို့  ခရီးသည် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတာ ။လမ်းတံတား အဆောက်အဦ အင်ဂျင်နီယာ၊ ကန်ထရိုက် တို့ရဲ့ ပေါ့ဆမှု မသမာမှုများကြောင့် အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတာ ၊ အဖွဲ့အစည်းတခု တိုင်းပြည်တခုရဲ့ ဦးဆောင်သူ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် တာဝန်မဲ့မှုကြောင့် မသမာမှုများကြောင့် တိုင်းသူပြည်သားလူအများတို့ ရဲ့ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရတာ တွေဟာ ကြိုတင် ကာကွယ်မှု မပြုနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးရတာတွေ လိုပဲ ရင်နာစရာ ကောင်းလှပါတယ်။
အကယ်၍သာ လူတိုင်း လူတိုင်း အရာရာကို သတိလက်မလွတ် လုပ်ကိုင် နေထိုင် နိုင်ကြမယ် ဆိုရင် ၊ကိုယ့်တာဝန် ကိုယ်သိတဲ့ အသိတရားလေးရော၊ အမြဲမပြတ်ထားနေရမဲ့ သတိတရားများပါ ရှိနေနိုင်မယ် ဆိုရင်........
စေတနာအစစ်အမှန် ရှိပါသော်လည်း မသိလို့ ဖြစ်သွားရတဲ့ အမှားမျိုးကို တချို့ကိစ္စရပ်တွေမှာ ခွင့်လွှတ်လို့ရကောင်းပါရဲ့  ။ သို့ပါသော်လည်း စေတနာလည်းမပါ ၊ သိလျှက်နဲ့ တမင်မှားနေကြတဲ့ သူများရဲ့ အမှားတွေကိုတော့ ခွင့်မလွှတ်စေချင်ပါ။
"ဒီနေရာက နဂိုမူလသတင်း ကို မှီငြမ်းပါတယ်။" ဟု ရေးထားသော်လည်း လင့်ချိတ်ထားခြင်း မတွေ့ရပါ။
၎င်းသတင်းကို အင်္ဂလိပ်လိုဖော်ပြထားတာကို Skynews မှာ တွေ့ရပါသည်။
သတင်း - မှားချက်ရယ် တစ်ချက်ကြောင့်၊ စေတနာတခုမှ ဝေဒနာများစွာသို့..




