27
Mar

မှားယွင်းမှု တစ်ခု၏ အလျားနှင့် အနံ



က။

ငယ်စဉ်က
သင်ယူဆည်းပူးခဲ့သော ကျောင်းသင်ခန်းစာများထဲမှ သင်ခန်းစာတစ်ခုမှာ အလျားနှင့် အနံကို
မြှောက်လျှင် ဧရိယာအကျယ်အ၀န်းကို ရသည်ဟူ၍ ဖြစ်သည်။ သို့သော် လွဲချော် မှားယွင်းခဲ့မှု
တစ်ခု၏ အလျားနှင့် အနံကို မြှောက်ကြည့်လျှင် ရလာနိုင်သည့် ဧရိယာ အကျယ်အ၀န်းမှာ။ အဲဒီ
အချိန်အခိုက်အတန့်လေး အတွင်းမှာတော့ အမေ့ကို သွားကန်တော့တိုင်း အမေ ပြောနေကျ စကားဖြစ်သည့်
စားသတိ၊ သွားသတိ၊ အရာရာ သတိဝီရိယ ရှိကြ။ အသက် ဥာဏ်စောင့်၊ ဥစ္စာကံစောင့်” ဟူသော အမေ့
ဆုံးမစကားတို့အား သတိရမိခြင်း အလျဉ်းမရှိခဲ့ပါ။

အဲသည်လို
သတိရမိခြင်း မရှိ၍လည်း ဦးဘကောင်း တစ်ယောက် အပျက်အပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ရခြင်း
ဖြစ်သည်။ ဦးဘကောင်း၏ အသက် ၅၀ သို့ ပြည့်မြောက်၍ ကျော်လွန်ခဲ့သည်မှာပင် ၃ နှစ် စွန်းစွန်း
ရှိခဲ့ပါပြီ။ ဦးဘကောင်း၏ အမေ အသက်က ၇၅ နှစ်ထဲမှာ။ သို့သော် အမေက မာသည်။ စားနိုင်သည်။
သွားနိုင်သည်။ ကျန်းမာရေးက ဒေါင်ဒေါင် မြည်သလို ဘုရား တရားလည်း မြဲသည်။

စီးပွားရေး
လုပ်ငန်းများ အဆင်ပြေသည့် ဦးဘကောင်းက အမေချစ်သည့် သားပီပီ အမေ့မျက်နှာ တစ်ချက် မညှိုးရအောင်
လိုလေသေးမရှိ အမေ့ ကျေးဇူး တရားများကို ဆပ်နေနိုင်သည့် သားလိမ္မာ တစ်ယောက်လည်း ဖြစ်သည်။
အမေက သူ့သား ဦးဘကောင်းကို ချစ်သလို ချွေးမဖြစ်သူ ဒေါ်မိသဉ္စာနှင့် မြီးကောင်ပေါက်အရွယ်တွေကို
ကျော်လွန်ခဲ့ကြပြီဖြစ်သည့် မြေးမများဖြစ်ကြသော မေမိုးအေး နှင့် ဇူလိုင်မိုးအေးတို့
နှစ်ယောက်ကိုလည်း တုန်နေအောင် ချစ်သည့် အဘွားဖြစ်သည်။

မြေးမတွေက
အသက် ၂၀ ကိုယ်စီ ကျော်၍ ဘွဲ့တစ်ခုစီ အသီးသီး ရယူ ပိုင်ဆိုင်ကြပြီး ဖြစ်သော်လည်း ဘွားအေ
ဖြစ်သူ၏ မျက်လုံးထဲတွင်မတော့ မြေးမပိစိကွေးလေး တွေဟုပင် ထင်မြင်ယူဆ နေတုန်း ရှိပါလိမ့်ဦးမည်။
အသက် ၅၀ ကျော်နေပြီ ဖြစ်သော သားဖြစ်သူ ဦးဘကောင်းကိုပင် အမေက နို့နံ့မစင် သည့်ကလေးငယ်
တစ်ယောက်လို ပြုမူ ဆက်ဆံ နေတုန်း ဖြစ်သည်။

ဦးဘကောင်းသည်
ပင်ကို စရိုက်အရ တည်ငြိမ် ရင့်ကျက်သူ တစ်ဦးဖြစ်သော်လည်း အမေ့ရှေ့မှောက် ရောက်လျှင်တော့
သူငယ်နှပ် စားကလေးလေး ဘ၀သို့ ပြန်လည် ရောက်ရှိ သွားရသည် ချည်းပင်ဖြစ်သည်။ အမှန် တကယ်တွင်လည်း
ဤကဲ့သို့ ကိစ္စရပ်မျိုးတွင် ဦးဘကောင်းသည် သူငယ်နှပ်စား အဆင့် လူကြီး တစ်ယောက်ပင် ဖြစ်၍
နေပါသေးသည်။

 

ခ။

တကယ်တော့
ဦးဘကောင်းသည် အနေအထိုင် စည်းကမ်းမရှိသော ရှုပ်ရှုပ်ပွေပွေ လူကြီးတစ်ယောက် မဟုတ်သလို
မိသားစု အပေါ်တွင်လည်း တစ်ကိုယ်ကောင်းဆန် အတ္တကြီး တတ်သည့် လူတစ်ယောက် မဟုတ်ပေ။ ဦးဘကောင်းသည်
ဇနီးသည် ဖြစ်သူ ဒေါ်မိသဉ္စာ အပေါ်တွင် ခင်ပွန်း တာဝန်နှင့် ၀တ္တရားများကို ကျေပွန်သလို
သမီး နှစ်ယောက်ဖြစ်သော အကြီးမ မေမိုးအေးနှင့် အငယ်မ ဇူလိုင်မိုးအေးတို့ အပေါ်တွင်လည်း
ဖခင် တာဝန်နှင့် ၀တ္တရားများကို ကျေပွန်သူ တစ်ဦးဖြစ်သည်။

သို့သော်
“ပြဿနာအစ စားသောက်ဆိုင်က” ဟုပင် ပြောရတော့မည်လား မသိပါ။ အဲသည်နေ့က ဦးဘကောင်း၏ ငယ်သူငယ်ချင်းဖြစ်သူ
ပွဲစား ဦးမောင်မောင်ကျော်က ကားတစ်စီး အရောင်းအ၀ယ် ဖြစ်သည့် အထိမ်းအမှတ်ဖြင့် ဦးဘကောင်းကို
စင်တင် တေးဂီတပါသော နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်တွင် ညစာခေါ်ယူ ကျွေးမွေးသည်။

ဦးမောင်မောင်ကျော်သည်
ဦးဘကောင်းကဲ့သို့ပင် အသက် ၅၀ ကျော် ဘူဒါးကြီး တစ်ဦး ဖြစ်သော်လည်း ဦးဘကောင်းနှင့် ယှဉ်လျှင်တော့
ပို၍နုနယ်သော အသွင်အပြင် ရှိသည်။ ဘောင်းဘီရှည်နှင့် စပို့ရှပ် သို့မဟုတ် သရီးကွာတား
ဘောင်းဘီတိုနှင့်တီရှပ် စသဖြင့် လွတ်လပ် ပေါ့ပါးစွာ နေထိုင်တတ်သူမို့ ဦးမောင်မောင်ကျော်သည်
အသက် ၄၀ ခန့်ရှိသူ တစ်ဦးဟုသာ ထင်မြင်ယူဆရလေသည်။ ထို့ပြင် ဦးမောင်မောင်ကျော်တွင် အတည်တကျ
အိမ်ထောင်လည်း မရှိပေ။ အတည်တကျမဟုတ်သော အိမ်ထောင်များကတော့ မရေမတွက်နိုင်အောင် ရှိသည်ဟု
ပြောရပါမည်။

ရိုးရိုးအေးအေး
သမားဖြစ်သော ဦးဘကောင်းက ဦးမောင်မောင်ကျော်၏ ဘ၀နေထိုင်မှု ပုံစံနှင့် ပတ်သက်၍ ဘ၀င်မကျလှသော်လည်း
ပေါင်းသင်း ဆက်ဆံရေး အနေဖြင့်မူ အဆင်ပြေ ချောမွေ့သည်ဟု ပြောရပါမည်။ သူငယ်ချင်း နှစ်ယောက်စားကြ၊
သောက်ကြရင်း ခဏအကြာမှာ သူတို့ ထိုင်နေသော စားပွဲသို့ အသက် ၂၅ နှစ်ခန့်အရွယ် ချောမောပြေပြစ်သော
မိန်းမပျိုတစ်ဦး ၀င်ရောက်လာသည်။ ဦးမောင်မောင်ကျော်က ဦးဘကောင်းကို ကောင်မလေးနှင့် မိတ်ဆက်ပေးသည်။

“ကဲ
သူငယ်ချင်း၊ ဒါ ဒီဆိုင်က နာမည်ကြီး အဆိုတော် သီရိတဲ့။ သီရိ ဒါ အစ်ကိုကြီးရဲ့ သူငယ်ချင်း
ဦးဘကောင်း။ သီရိအတွက် မိတ်ဆွေတစ်ယောက် တိုးတာပေါ့ ဟုတ်လား” ဆိုပြီး မိတ်ဖွဲ့ပေးသည်။
ဦးဘကောင်းနှင့် သီရိလည်း အပြုံးနုနု တစ်ပွင့်စီ ကိုယ်စီခြွေရင်း ခင်မင်ရင်းနှီးမှုကို
စတင်လိုက် ကြသည်။

သီရိဆိုသော
ကောင်မလေးက ရုပ်ချောသလို အဆိုလည်း ပိုင်ပါပေသည်။ သီချင်း တစ်ပုဒ်တည်းဖြင့် ပန်းကုံး
၇ ကုံး ရသည်ကိုကြည့်ခြင်းအားဖြင့် သီရိသည် နှယ်နှယ်ရရ သီရိတော့ မဟုတ်ပေ။ ဦးမောင်မောင်ကျော်က
ဇွတ်တောင်း ဆိုနေ၍ ဦးဘကောင်းသည် ပင်လျှင် သီရိကို ပန်းကုံး တစ်ကုံးတက်ရောက် ချီးမြှင့်
လိုက်ရသေးသည်။

 

ဂ။

ဦးမောင်မောင်ကျော်
အတွက် ဤအတွေ့အကြုံများက ဖန်တစ်ရာ တေလောက်အောင် ရိုးနေမည် ဖြစ်သော်လည်း ခုမှအသက် ၅၃
နှစ် အရွယ်သူငယ် နှပ်စား လူကြီး တစ်ယောက်ဖြစ်သော ဦးဘကောင်းအတွက်မူ အိမ်ပြန်ရောက်၍ ညအိပ်ရာဝင်သည်အထိ
အင်္ကျီအဖြူ၊ ဘောင်းဘီရှည် အဖြူဖြင့် လှချင်တိုင်း လှနေသည့် အဖြူမလေး သီရိကိုသာ မျက်စိထဲ
တ၀ဲ လည်လည်ဖြင့် မြင်ယောင်၍ နေသည်။ ချစ်ဇနီး ဒေါ်မိသဉ္ဇာကို နံဘေးမှာ ထားပြီး အိပ်စက်
နေသော်လည်း စိတ်က သီရိဆီ ရောက်၍ နေသည်။ သမီး ၂ ယောက်ကိုလည်း သတိ မရတော့။

ဤသို့ဖြင့်
ဦးဘကောင်း တစ်ယောက် စားလည်း သီရိ၊ သွားလည်း သီရိ၊ အိပ်လည်း သီရိချည်း ဖြစ်၍ နေတော့ရာ
ဇာတ်လမ်း စပေးခဲ့သူ သူငယ်ချင်း ဦးမောင်မောင်ကျော်ကို အသိပေး အကြောင်းကြား အကူအညီ တောင်းရုံမှတစ်ပါး
အခြားမရှိ ဖြစ်လို့နေတော့သည်မို့ ဦးမောင်မောင်ကျော်၏ စကားပြောခွက် နံပါတ်များကိုသာ
ကပျာကယာ နှိပ်လိုက်ရပါတော့သည်။

သည်လိုနှင့်
လိုရင်း ပြောရလျှင် ဦးမောင်မောင်ကျော်၏ ကြားခံ ဆက်သွယ်ပေးမှုမှ တစ်ဆင့် သီရိနှင့် ဦးဘကောင်းတို့
ငြိသွားကြသည်။ ဦးဘကောင်းကတော့ ကြီးမှဝက်သက် ပေါက်သည့် လူတစ်ယောက်လို မနေတတ်၊ မထိုင်တတ်ဖြင့်
ပူစပ်ပူလောင် ဖြစ်၍နေသည်။ ဦးမောင်မောင်ကျော် ကတော့ ဦးဘကောင်းကို သူငယ်ချင်းကောင်း ပီသစွာ
ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်တိုက်ခန်းကို ဘယ်လိုငှား ဆိုသည်ကစ၍ ဘယ်ဖုန်းကို ဘယ်လို သုံးဆိုတာအဆုံး
စီစဉ်ပေးသည်။ ဦးဘကောင်းသာ ခြေမကိုင်မိ၊ လက်မကိုင်မိနှင့် မျောက်အုန်းသီး ရသလို ခုန်ဆွခုန်ဆွဖြစ်နေသော်လည်း
ဦးမောင်မောင်ကျော်ကမူ အတွေ့အကြုံ ရင့်ကျက်သည့် ၀ါရင့် ရှေ့တန်း တိုက်စစ်မှူးတစ်ဦး ပီပီ
ဘယ်လိုဂိုးတွေကို ဘယ်လိုဝင်အောင် ရှူးရမည် ဆိုတာကိုသာ မမောနိုင် မပမ်းနိုင် လက်ချာပေး၍
နေသည်။

 

ဃ။

လူ၏စိတ်သည်
ဆန်းကြယ်လှသည်။ တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေး နေတတ်ခဲ့သော ဦးဘကောင်းတစ်ယောက် ယခုလေကလေး
တချွန်ချွန် ဖြစ်လာသည်။ ရေ ခဏခဏချိုးသည်။ ခေါင်း ခဏခဏဖြီးသည်။ မှန်ခဏ ခဏကြည့်သည်။ ရေမွှေး
ခဏခဏ ဆွတ်သည်။ သို့သော် သတိမလွတ်သူမို့ အိမ်က ဇနီးနှင့် သမီးတွေ အတွက် ထမ်းဆောင်ရမည့်
တာဝန် မပျက်ကွက်သလို၊ ကျေစရာရှိသော ၀တ္တရားများကိုလည်း မလစ်ဟင်းစေသည့်အတွက် အခြေအနေအားလုံး
နဂိုအတိုင်း ဟန်မပျက် ဆက်လက် လည်ပတ်နေဆဲဟု ပြောရပါမည်။

သီရိနှင့်
ပတ်သက်၍ ဦးဘကောင်း၏ ရင်ထဲတွင် အချိန်ပြည့် “မောင့်အချစ် သီရိ” ချည်းဖြစ်လို့ နေတော့သည်။
သီရိကလည်း ဦးဘကောင်းကို အလိုလိုက် အကြိုက် ဆောင်တတ်သူမို့ ဦးဘကောင်း တစ်ယောက် သီရိ၏
ရင်ခွင်ထဲတွင် တစ်လောကလုံးကို မေ့လို့သွားခဲ့ပြီ။ သီရိသည် သူ့သမီးများ၏ အရွယ်သာ ရှိသေးသည်ကိုလည်း
ဦးဘကောင်း တစ်ယောက်မေ့လို့ထားနိုင်ခဲ့ပြီ။ ဦးဘကောင်းက သီရိ ကို စားသောက်ဆိုင်တွင် ဆက်ပြီး
သီချင်းမဆိုစေချင်တော့သော်လည်း သီရိက ဤနေရာတွင် သူ့ထက်ပို၍ လူကြီးဆန် ပါးနပ်သည်ကို
ဦးဘကောင်း တွေ့လိုက်ရသည်။

“ဦး
သီရိကို စိတ်ချပါ။ ဦးရဲ့ ကျေးဇူးတွေကြောင့် သီရိ အခုလို အဆင်ပြေပြေ နေရ၊ ထိုင်ရ၊ ၀တ်ရ၊
စားရ တာတွေကို သီရိ နားလည်ပါတယ်။ ဒါပေမယ့် ဦးမှာက မိန်းမနဲ့ သမီး ၂ ယောက်ရဲ့ တာဝန်တွေကလည်း
ရှိသေးတယ်ဆိုတော့ သီရိ တစ်ကိုယ်ကောင်း မဆန်ချင်ဘူး။ အတ္တလည်း မကြီးချင်ဘူး။ ဒီတော့ ဆိုင်မှာ
သီရိ အလုပ်ဆက်လုပ် နေခြင်းအားဖြင့် သီရိအတွက် ၀င်ငွေ တစ်စုံတစ်ရာရရှိစေသလို သီရိရဲ့နောက်က
မိသားစုအတွက်လည်း အဆင်ပြေစေတယ်။ မိသားစု အပေါ် ထမ်းဆောင်ရမယ့် သီရိရဲ့ တာဝန် အားလုံးကို
ဦးရဲ့ပခုံး တစ်ခုတည်းအပေါ် သီရိ ပစ်ပြီး တင်မပေးရက်ပါဘူး ဦးရယ်” တဲ့။

ကဲ
ကြည့်ကြပါဦး။ ဘယ်လောက်တောင် သိတတ် လိမ္မာလိုက်သည့် ကလေးလေးလဲ။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းသည့်
ချာတိတ်မလေးလဲ။ ဘာတဲ့ “သီရိရဲ့ တာဝန် အားလုံးကို ဦးရဲ့ ပခုံးတစ်ခုတည်း အပေါ်ပစ်ပြီး
တင်မပေးရက်ပါဘူး” တဲ့။

 

င။

ယခု
သူလည်ပတ်နေသည့် ပုံစံလေးအတိုင်း ဟန်မပျက် ဆက်သွားနေ၍ ရလိမ့်မည်ဟု ဦးဘကောင်းက ထင်မြင်ယူဆ
ထားခဲ့ခြင်းဖြစ်သည်။ လောကကြီးတွင် မည်သည့် အရာမျှ မမြဲဆိုသည်ကို ဦးဘကောင်း မေ့လျော့သွားပုံရသည်။
ပြဿနာက ထင်မှတ် မထားသည့် ထောင့်မှ ဖြတ်ပြီး ၀င်လာသည်။

မနက်စောစော
ဖုန်းဆက်လေ့ မရှိသည့် သီရိဆီက အဲဒီနေ့ မနက်ခင်းတွင်မှ ဖုန်းသံ ထူးထူးခြားခြား ထမြည်လာသည်။

“ဦးနဲ့
တွေ့ချင်တယ်။ အရေးကြီးတဲ့ စကား ပြောစရာရှိလို့” ဆိုသော သတ္တုခွက် အတွင်းမှ စကားသံတို့က
ဦးဘကောင်း၏ နားထဲသို့ စီးမျောဝင်ရောက်လာသည့် အတွက် သီရိကို ငှားပေးထားသည့် တိုက်ခန်းရှိရာ
ကျောက်မြောင်းကြီးဘက်ကို ဦးဘကောင်း ကားမောင်းပြီး ထွက်လာခဲ့လိုက်သည်။ ဇနီးသည် ဒေါ်မိသဉ္ဇာကိုတော့
အလုပ်ကိစ္စ ချိန်းထား၍ဟု ပြောထားခဲ့သည်။

ဦးဘကောင်း
ကားမောင်းရင်း စဉ်းစားနေမိသည်က သီရိဘာတွေ အရေးကြီးနေသလဲ။ သူနှင့်အတူ နေထိုင် လာသည့်
၆ လအတွင်း တစ်ခါမျှ အခုလို အရေးတကြီး ကိစ္စရပ်မျိုး မပေါ်ခဲ့ဖူးဘူး။ ကိုယ်ဝန်တွေ၊ ဘာတွေများ
ရှိသွားလို့လား။ ဒါလည်း မဖြစ်နိုင်ဘူး။ ဒါတွေက သီရိ နားလည်ထားပြီးသား ကိစ္စ တွေပဲ။ နေများ
မကောင်းလို့လား။ ဘာတွေများ ဖြစ်သလဲ။ ဦးဘကောင်း၏ ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်၍နေသည်။

သီရိကို
ဝင်ခေါ်ပြီးသည်နှင့် ဦးဘကောင်း ကားကို တာမွေ အ၀ိုင်းကြီး ထိပ်နားရှိ မော်ဒန် လက်ဖက်ရည်ဆိုင်သို့
ဦးတည်ပြီး မောင်းလာခဲ့သည်။ လက်ဖက်ရည် ဆိုင်ရောက်၍ စားစရာ၊ သောက်စရာများ မှာပြီးသည်နှင့်
ဦးဘကောင်းက စပြီး “ကဲ သီရိလေး။ ဘာတွေ အရေးကြီးလာသလဲ။ စောစောစီးစီး၊ ပြောပါဦး” ဟု ဆိုတော့
သီရိက ဦးဘကောင်း၏ မျက်နှာကို မကြည့်ဘဲ စကားသံတိမ် တိမ်ဖြင့် “သီရိ လက်ထပ်တော့မယ် ဦး”
တဲ့။

ရုတ်တရက်မို့
ဦးဘကောင်း ပျာသွားသည်။ နားကြား လွဲတာလား။ ဘာလားပေါ့။ ဒါပေမယ့် သီရိက ဆက်ပြီး “အဲဒါ
ဦးကို သီရိ အသိပေး ခွင့်တောင်းချင်လို့ ပါ” တဲ့။ အသိပေးခွင့်
တောင်းတာတဲ့လား သီရိရယ်။ ဘာလဲ။ သူနှင့် သီရိက ဘာတွေလဲ။ သီရိက ဘယ်သူနှင့် လက်ထပ်မှာလဲ။
ဦးဘကောင်း၏ ရင်ထဲတွင် ကမ္ဘာကြီး အပြင်ဘက် လွင့်စင် ထွက်သွားသလို ဖုတ်လှိုက် ဖုတ်လှိုက်
ဖြစ်၍နေသည်။

အသိစိတ်တွေကို
ပြန်လည် ထိန်းချုပ်လိုက်နိုင်တော့မှ ဦးဘကောင်း သီရိ ကိုကြည့်ပြီး “သီရိ ဘာတွေ ပြောနေတာလဲ။
ဦးနဲ့ နေရတာ အဆင်မပြေလို့လား။ သီရိလိုတာ မှန်သမျှ ဦးဘက်က ဖြည့်စွမ်း ပေးနေတာပဲ မဟုတ်လား။
သီရိကို ဦး သိပ်ချစ်မှန်း သိလို့ ဦးကို ရင်တုန်ပန်းတုန် ဖြစ်ရအောင် လုပ်နေတာလား။ လူကြီးကို
အဲသလို မစမနောက် ကောင်းဘူးနော် ကလေး” ဆိုသည့် ဦးဘကောင်း၏ စကားသံတို့ က ချွဲပျစ်တုန်ခါနေသည်။

သီရိက
“နောက်တာ မဟုတ်ဘူး ဦး။ တကယ်အတည် ပြောနေတာ။ တစ်သက်လုံး ဒီအတိုင်း သီရိ နေမသွားနိုင်ဘူး။
ခုလောက်ဆို ဦးလည်း ကျေနပ်လောက် ရောပေါ့။ ဦးနဲ့နေခဲ့တဲ့ ကာလ တစ်လျှောက် သီရိဘက်ကလည်း
ဦးစိတ်တိုင်းကျ လိုက်လျောပေးခဲ့တာပဲလေ။ ပြီးတော့ သူများတကာရဲ့ အိမ်ထောင်ရေးကိုလည်း
သီရိ မဖျက်ဆီးပစ်ချင်ဘူး။ ၀ဋ် လိုက်မှာ သီရိ ကြောက်တယ်။ ဦးရဲ့ဘ၀မှာလည်း သီရိက နံပါတ်တစ်
မဟုတ်ခဲ့သလို သီရိရဲ့ ဘ၀မှာလည်း ဦးက နံပါတ်တစ်မှ မဟုတ်ခဲ့တာပဲ။ အဲဒီတော့ သီရိတို့ နှစ်ယောက်
တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိစွာနဲ့ပဲ အေးအေး ဆေးဆေး လမ်းခွဲကြရအောင်ပါ။ ငှားထားတဲ့
တိုက်ခန်းကလည်း ၆ လပြည့်တော့မှာမို့ ဦးထပ်ပြီး ငှားပေးစရာ မလိုတော့ပါဘူး။

သီရိ
ချစ်သူနဲ့ သီရိ လက်ထပ်ပြီး တခြား တစ်နေရာကို ပြောင်းသွားတော့မှာ။ သီရိမရှိလို့ ဦးမနေတတ်၊
မထိုင်တတ်ဖြစ်တယ် ဆိုလည်း ခဏပေါ့ ဦးရယ်။ နောက်တော့လည်း အဆင်ပြေသွားမှာပါ။ ဘယ်လိုမှ
နေလို့ မရရင် ဦးရဲ့ သူငယ်ချင်းကြီး ဦးမောင်မောင်ကျော်ကို ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့
သီရိထက် သာတဲ့ မိန်းကလေးတွေ အချိန်မရွေး ဦးတွေ့နိုင်ပါတယ်။ ကဲ ဦး သီရိကို ခွင့်ပြုဦး။
သီရိမှာ စီစဉ်စရာ လေးတွေ ရှိသေးလို့” ဆိုပြီး အနားက ထပြီးထွက်သွားသည့် သီရိ၏ နောက်ကျောပြင်ကိုသာ
ဦးဘကောင်း ကြောင်ငေးပြီးကြည့်နေမိသည်။ ဘ၀ထဲမှ ရုတ်တရက်ထပျံသွားသည့် ငှက်ကလေး သီရိကြောင့်
ကိုင်းဖျား ဆတ်ဆတ်ခါနာပြီး ကျန်ရစ်ခဲ့သလို ဦးဘကောင်း တစ်ယောက်လည်း ငေါင်ပြီး ကျန်နေရစ်ခဲ့သည်။

 

စ။

ဦးဘကောင်း
ဖုန်းဆက် ပြီးခေါ်၍ ရောက်လာသော ဦးမောင်မောင်ကျော်က မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည့်
ဦးဘကောင်းကို တစ်ချက်ကြည့်ရင်း “ဘယ်လိုဖြစ်ကြတာလဲ” ဟု စကားစသည်။ အခြေအနေ ကို ဦးဘကောင်းက
ရှင်းပြတော့ ဦးမောင်မောင်ကျော်က “တိုက်ခန်းကို ၆ လစာ စာချုပ်ချုပ်ပြီး ငှားကတည်းက ငါ
မင်းအတွက် စိုးရိမ်မိခဲ့တာပဲ သူငယ်ချင်း။ ဒါတောင်မင်းက တစ်နှစ်စာ ချုပ်မယ် လုပ်နေလို့
ငါမနည်း တားခဲ့ရတာ မင်းမှတ်မိဦးမှာပါ။ ငါဆို ဒီကလေးတွေနဲ့ ဆက်ဆံနေတာ ကြာပြီပဲ။ တစ်ယောက်ကို
သုံးလထက် မပိုခဲ့ဘူး။ ငါနဲ့ မင်းရဲ့ သီရိနဲ့ နေတုန်းကလည်း ၃ လပဲ နေခဲ့ကြတာ”

ဦးမောင်မောင်ကျော်၏
နှုတ်ထွက်စကားများကို အရှင်လတ်လတ်နားနှင့် ဆတ်ဆတ် ကြားလိုက်ရသည့် ဦးဘကောင်း မျက်နှာတစ်ခုလုံး
ပူထူရှိန်းဖိန်းသွားသည်။ ရှက်ခြင်း၊ နောင်တရခြင်း၊ ဒေါသ ဖြစ်ခြင်းတို့အပြင် ဘာမှန်း
မသိသည့် စိတ်ခံစားမှုတို့ဖြင့် လူတစ်ကိုယ်လုံး နတ်ပူးထားသလို တုန်ယင်လာသည်။

ဦးဘကောင်းက
ကြိတ် မနိုင်ခဲမရ အသံကြီးနှင့် “မင်းကွာ မင်းနဲ့ နေပြီးသားကိုမှ ငါ့ကို ပေးတွေ့ရ တယ်လို့”
ဟုဆိုတော့ ဦး မောင်မောင်ကျော်က “ဟ ဒီ လောကမှာ ဒါမျိုးပဲလေကွာ။ ငါနဲ့မတွေ့လည်း တခြား
တစ်ယောက်နဲ့တွေ့မှာပဲ။ မင်း သဘောပေါက်ပြီးသားထင်လို့ ငါကမင်းကို ဘာမှ ထွေထွေထူးထူး
ပြောမနေတော့တာ။ ဒါမျိုးက ငါတို့ စီးပွားရေး လုပ်ငန်းလို ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။
ဒီလောကထဲမှာရှိတဲ့ မိန်းကလေးတွေ အကုန်လုံးကို ဒီလိုချည်းပဲလို့တော့ တစ်ဖက်သတ် ငါမပြောချင်ပါဘူး။
ကိုယ့်ကိုယ်ကိုထိန်းသိမ်းပြီး သတိလေးနဲ့ ကောင်းရောင်းကောင်းဝယ် စီးပွားရှာနေကြတဲ့ မိကောင်းဖခင်
သားသမီးတွေလည်း အများကြီးရှိတာပါပဲ။

ဒါပေမယ့်
အများစုက ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြဘူး။
ထား ပါကွာ။ ဒါတွေက တကယ်တော့ မဆန်းပါဘူး။ ဆန်းနေတာကမင်း။ ငိုင်မနေနဲ့။ ငါ နောက်တစ်ယောက်
ရှာပေးမယ်”

“ဒါနဲ့နေပါဦး။
မင်း သီရိနဲ့နေတဲ့ ကာလတစ်လျှောက် ကွန်ဒုံး သုံးရဲ့လား” ဆိုသည့် ဦးမောင်မောင်ကျော်၏
စကားတစ်ခွန်းကတော့ ဦးဘကောင်း၏ နားထဲတွင် ဗုံးတစ်လုံး ကျကွဲသလို တုန်ခါ မြည်ဟည်းသွားသည်။
ကွန်ဒုံး။ ကွန်ဒုံး။ သီရိက သူ့ကို သုံးဖို့ ပြောပေမယ့် တွေ့ခါစ တစ်ခါ၊ နှစ်ခါပဲ သုံးဖြစ်ပြီး
နောက်ပိုင်း လုံးဝမသုံးဖြစ်တော့။

“မင်း
ဘာအဓိပ္ပာယ်နဲ့ မေးတာလဲ” ဆိုတော့ ဦးဘကောင်းကို ဦးမောင်မောင်ကျော်က “ဘာ အဓိပ္ပာယ်ရမလဲကွ။
သူကိုယ့်အရင်က ဘယ်နှယောက်နဲ့တွေ့ခဲ့ပြီးလို့ ရောဂါရှိမှန်း မသိ။ ဘာမှန်းမသိ။ သုံးမှ
စိတ်ချရမှာပေါ့” တဲ့။

သွားပြီ။
ဟုတ်တယ်။ ကိုယ့်မှာ ရောဂါ မရှိတာ သေချာပေမယ့် သူ့မှာရှိ မရှိ ဘယ်လို လုပ်ပြီး သိနိုင်မှာတဲ့လဲ။
ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဆိုတာ အဲသလို လိင်ကိစ္စတွေကပဲ အများဆုံး ကူးစက်ပြန့်ပွားနေတာ။
မြင်ရုံနဲ့သန့်တယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာတဲ့လဲ။ အဲဒီ အချိန်တုန်းကသာ မွှန်ထူပြီး
သူမေ့လျော့ နေခဲ့တာ။ မှားပြီး။ မှားသွား ပြီ။ သူအများကြီး မှားခဲ့ပြီ။

အဲဒီ
ရောဂါဆိုးကြီး သူ့ဆီကိုများ ကူးစက် ၀င်ရောက်လာခဲ့ပြီးလား။ မိသဉ္ဇာ၊ မိသဉ္ဇာ။ ဇနီးသည်
မိသဉ္ဇာ ဆီကိုကော။ ဘုရား၊ ဘုရား ဖွဟဲ့လွဲပါစေ ဖယ်ပါစေ။ ဦးဘကောင်းက သီရိနှင့် နေခဲ့သလို
ဒေါ်မိသဉ္စာနှင့်လည်း နေခဲ့ ထိုင်ခဲ့သည်ပဲလေ။ ဦးဘကောင်း တစ်ကိုယ်လုံး ဇောချွေးများ ပြန်လာသည်။
“စားသတိ၊ သွား သတိ...” ဆိုသော အမေ့ ဆုံးမစကားတို့ကို နားထောင်ရ ကောင်းမှန်း အခုမှ ဦးဘကောင်း
သိလာသည်။

ကားတံခါး
ဖွင့်ဆင်းပြီး အိမ်ပေါ်သို့ လှမ်းတက်လာသည့် ဦးဘကောင်း၏ ခြေလှမ်းများက အသက် မပါဘဲ စက်ရုပ်ဆန်လွန်းနေသည်။
လူတစ်ကိုယ်လုံးလည်း နုံးချိ ပြီး အင်အားမဲ့သလို ခံစားနေရသည်။ သမီး ၂ ယောက်နှင့် ဇနီးသည်ကို
သူဘယ်လိုရင် ဆိုင်ရပါ့မလဲ။ မိသားစုအပေါ် သစ္စာမဲ့စွာ ဖောက်လွဲဖောက် ပြန်ပြုခဲ့မိသောသူ့ကို
ခွင်လွှတ်နိုင်ကြပါ့မလား။ သမီးကြီးနှင့် သမီးငယ်တို့၏ ထက်မြက် စူးရှသောမျက်ဝန်းများအောက်တွင်
ဘယ်လောက်ကြာကြာ သူကြံ့ကြံ့ခံရပ်တည် နေနိုင်မလဲ။ တစ်သက်လုံး သူ့အပေါ် ရိုသေလေးစားပြီး
ပါရမီ ဖြည့်ခဲ့သည့် ဇနီးသည် မိသဉ္စာ၏ ဖြူစင် ရိုးသားသော မျက်နှာနှင့်မျက်ရည်စများကို
မြင်ယောင် မိသောအခါ ဦးဘကောင်း သူ့ကိုယ်သူ ခွင့်လွှတ်ချင်စိတ် မရှိတော့။

ထို့အပြင်
ရောဂါနှင့်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ ခေါင်းထဲ ၀င်ရောက်လာသည့် အချိန်မှာတော့ ဦးဘကောင်းတစ်ယောက်
ဆောက်တည်ရာမဲ့ ဖြစ်ခဲ့ရပြီ။

အလျားနဲ့
အနံကို မြှောက်လျှင် ဧရိယာအကျယ်အ၀န်းကို ရသည်မှာ တိကျခိုင်မာသော သင်္ချာ ပညာရပ် သဘောတရား
တစ်ခုဖြစ်ပါသည်။ ထို့အတူ လွဲချော်မှားယွင်းမှု တစ်ခု၏ အလျား နှင့်အနံကို မြှောက်ကြည့်လျှင်
ရလာနိုင်သည့် ဧရိယာနှင့် အကျယ်အ၀န်းမှာလည်း။

 

ရွှေအမြူတေ
- မှားယွင်းမှု တစ်ခု၏ အလျားနှင့် အနံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top