HIV ပိုးကူးစက်ခံထားရသူတွေလို့ ပြောလိုက်တာနဲ့ ဒီနေ့ခေတ်မှာ သိပ်ရေပန်းမစားလှတဲ့ ရိုးအီနေတဲ့ အကြောင်းတွေပဲ များပါလိမ့်မယ်။ ပြီးတော့ HIV ကူးစက်ခံထားရသူတွေရဲ့ အရေးကိစ္စတွေဟာ ဒီနေ့မှာ လူတော်တော် များများ မေ့မေ့ပျောက်ပျောက် ရှိနေလောက်ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဘ၀တွေ၊ နောက် ထပ် နေထိုင်သွားရမဲ့ သူတို့ရဲ့ လက်ကျန် အချိန်တွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဘယ်လိုအသက်ရှင် နေထိုင်ကြ သလဲ။ သူတို့ရဲ့ ပြောရေး ဆိုခွင့်ဆိုတာ ဘယ်နေရာ ရောက်နေပြီလဲ။
မြန်မာနိုင်ငံအတွင်းရှိ HIV ပိုးကူးစက်ခံထားရသူများအတွက် အကာအကွယ်တွေ၊ ရပိုင်ခွင့်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရပ်တည်တောင်းဆိုပေးနိုင်တဲ့ HIV ပိုးကူးစက်ခံထားရသူ မြန်မာအမျိုးသမီးများ ကွန်ရက် (Myanmar Positive Women Network) က ဥက္ကဋ္ဌ နော်ရှဲဝါးနှင့် မဇ္ဈိမက တွေ့ဆုံ မေးမြန်းတာကို ဖော်ပြလိုက် ပါတယ်။
HIV ပိုးကူးစက်ခံထားရသူ မြန်မာအမျိုးသမီးများ ကွန်ယက်ကို ဘယ်လိုဖွဲ့စည်းခဲ့တာလဲ။
၂၀၀၈ခုနှစ်၊ စက်တင်ဘာမှာ စဖွဲ့ဖြစ်တာပါ၊ အခုရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအပါအ၀င် ဧရိယာ ၁၂ ခုထိ တိုးချဲ့လာခဲ့ပြီး အဖွဲ့ဝင် နှစ်ထောင်ကျော် ရှိတယ်၊ ကွန်ယက်မှာ အားလုံးက positive အမျိုးသမီးတွေ ချည်းပဲ၊ ကွန်ရက်နဲ့ထိတဲ့ အမျိုးသမီးတွေပဲ စာရင်းကောက်ထားတာ၊ ကျွန်မတို့ ကွန်ရက်နဲ့ မထိတဲ့ အမျိုးသမီးတွေ ရှိသေးတယ်၊ ကြည့်လိုက်ရင် မုဆိုးမတွေများတယ်၊ သူတို့တွေအားကိုးဖို့ ယူထား တဲ့ အမျိုးသားတွေက ဆုံးသွားကြပြီ၊ အမျိုးသမီးတွေက မှီခိုသူတွေ အနေနဲ့ပဲ နေခဲ့ကြတယ်။ အမျိုးသမီးတွေ အရမ်းကို ထိခိုက်ခံစားရတယ်၊ ရုတ်တရက် ယောက်ျားတွေ ဆုံးသွားတဲ့အခါ မိသားစု မယိုင်လဲအောင် ပြန်ကိုင် တွယ်ဖို့ အရမ်းကိုခက်ခဲတယ်၊ ဒါ ပြသာနာတစ်ခုပဲ၊ ဒီအရာကို ကျွန်မတစ်ယောက်ထဲ ပြောရင် အားမကောင်းဘူး။ ရန်ကုန်တစ်ခုတည်း ပြောရင် အားမကောင်းဘူး။ ဒေသ အားလုံးမှာရှိတဲ့ အမျိုးသမီး တွေပြောရင် အားကောင်းမယ်။ ဘ၀တူ အမျိုးသမီးကွန်ရက်ကို ဒီ့အတွက် ဖွဲ့ဖြစ်သွားတာပါ။
ကွန်ရက်ကို ၀င်ထားတဲ့ အမျိုးသမီးတွေအတွက် ဘယ်လိုအနေအထားတွေ ဆောင်ရွက်ပေးပါလဲ။
ပိုးကူးစက်ခံထားရသူ အများစုသော အမျိုးသမီးတွေက စားဝတ်နေရေး အခက်အခဲတွေ မပြေလည်တာ တွေများတယ်။ ဒီကွန်ရက်ထဲ ၀င်ထားတာကောင်းတာလေးတွေ ရှိသွားတယ်။ ကျွန်မတို့ ကွန်ရက်နဲ့ ထိ လို့ရှိရင် သူတို့ဘယ်နားမှာ ဆေး ရနိုင်လဲ၊ အလုပ်အကိုင်ရနိုင်ဖို့ သတင်းအချက်တွေရလာတယ်။
အချင်းချင်း အားပေးကြတာဆိုတော့ စိတ်ဓာတ်အင်အားတွေ မြင့်တက်လာတယ်။ ထိုက်သင့်တဲ့ စွမ်း ဆောင်ရည်တွေ မြင့်တက်လာတယ်။ အခုဆို သူတို့ အလုပ်တွေ လုပ်နေရင်းနဲ့ ရောဂါကို မေ့သွားကြတယ်။ တလောက HIV ရှိတဲ့ အမျိုးသမီး တိုက်ပေါ်က ခုန်ချတာကြားရတယ်။ ကျွန်မတို့ ကွန်ရက်နဲ့ထိတဲ့ အမျိုးသမီးတွေမှာ စိတ်ဓာတ်ကျဆင်းတာ မရှိဘူး။ ဆေးလိုအပ်တဲ့အခါ ဆေးသောက်ဖို့ သတင်းအချက်အလက်တွေ ရတယ်။
HIVကူးစက်ခံထားရသူ အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုဆောင်ရွက်ပေးပါလဲ။
HIV ပိုး ကူးစက်ခံထားရတဲ့ အမျိုးသမီးတွေမှာ အလွှာအမျိုးစုံ ပါဝင်တယ်၊ ပညာမတတ်ဘူး ဈေးရောင်းတတ်ရင် သူ့ကို ရင်းနှီးမတည်ငွေပေးလိုက်၊ ဘွဲ့ရတဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြင့်တက်ပေးရင် သူတစ် နေရာရာမှာ အလုပ်ရသွားမယ်၊ KMD နဲ့ ချိတ်ဆက်ပြီးတော့ ကွန်ပြူတာ သင်တန်းတွေပေးတယ်၊ အင်္ဂလိပ်စာ သင်တန်းတွေ၊ စာရင်းကိုင် ဘာသာရပ်တွေ အပါအ၀င် မျိုးဆက်ပွား ကျန်းမာရေးသင်တန်းနဲ့ အခြား ကျန်းမာရေး သင်တန်းတွေ ပေးနိုင်ဖို့ ဧရိယာ ၁၂ ခုက ကွန်ရက်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အလုပ်အကိုင် ရရှိရေးအတွက် ကွန်ယက်က ဘယ်လိုလှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်ဖို့ရှိပါလဲ။
ဒီဇင်ဘာလတဲမှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ တွေ့ဖို့ရှိတယ်၊ ရန်ကုန်က နေရာသုံးနေရာမှာရှိတဲ့ ကုမ္ပဏီတွေကို ကွန်ရက်က တွေ့ဆုံမှုတွေ ဆောင်ရွက်သွားမယ်၊ HIV ဆိုတာ သာမာန် လူတွေကဲ့သို့ အလုပ်လုပ်နိုင်တယ်၊ အတူတူ ထိုင်ရုံနဲ့ အလုပ် အတူလုပ်ရုံနဲ့ မကူးစက်နိုင်ဘူးဆိုတဲ့ ကျန်းမာရေး အမြင်တွေကို ဆွေးနွေးသွားချင်တာပါ၊ ကုမ္ပဏီတွေမှာ လုပ်သားခန့်ထားမှု ပေါ်လစီပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ပါ၊ အခုလူတွေက ကြောက်တုန်ပြီး အလုပ်မခန့်ကြတာ၊ ပိုးမရှိတဲ့ သာမာန်သူတွေတောင် စီးပွားရေးခက်ခဲတာကို တွေ့ရ တယ်၊ HIV ပိုးရှိရင် ပိုဆိုးသေးတယ်၊ သူတို့ ခွဲခြားခံရမယ်လေ၊ ပြည်ပ အလုပ်သွားလုပ်ဖို့လဲ မလွယ်ဘူး၊ ကျွန်မတို့အတွက် ပြည်ပသွားဖို့ အခွင့်အရေး လဲရမနေဘူး၊ ပြည်တွင်းထဲမှာပဲ နေရတယ်၊ ပိုးကူးစက်ခံ ထားရသူတွေအတွက် အခက်အခဲအဟန့်အတား ဖြစ်နေတယ်၊ HIV ပိုးကူးစက်ခံရတဲ့ အမျိုးသမီးတွေ ထိုက်တန်တဲ့ အလုပ်တွေရဖို့က ကွန်ယက်ရဲ့ ပန်းတိုင်ပဲ၊ ပိုးကူးစက်ခံထားရတဲ့ သူတွေလဲ နိုင်ငံမှာရှိတဲ့ လူသားတွေပဲလေ။
ကွန်ရက်ကို မရောက်လာသေးတဲ့ မြန်မာနိုင်ငံအတွင်းက HIV ပိုးကူးစက်ခံထားရတဲ့ အမျိုးသမီးတွေ ကျန်နေသေးလား၊
မရောက်လာသေးတဲ့ အမျိုးသမီးတွေက သူ့ပတ်ဝန်းကျင်မှာ ခွဲခြားမှုတွေရှိနေသေးလို့ရှက်တာ ကြောက်တာရှိတယ်၊ ပိုးကူးစက်ခံထားရလို့ဆိုပြီး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ထိလွယ်ရှလွယ် ခံစားချက်ရှိ နေကြ တယ်၊ နောက် တစ်ချက် က ကွန်ရက်ရှိနေတာ မသိသေးလို့ပါ၊ ချိတ်မိသွားပြီဆိုရင် အဆင်ပြေသွား ပြီ၊ ကျွန်မတို့ ဆီလာခဲ့ပါ၊ အနိမ့်ဆုံးတော့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေတော့ ရတာပေါ့၊ ကျွန်မတို့ ကွန်ရက်က အမျိုးသမီးတွေကို ကြည့်လန်းနေတာပဲ၊ မထင်ရဘူး၊ ဒါပေမဲ့ သူတို့ နောက်ခံအခြေအနေကို ပြန်ကြည့် ရင် ဒီကိစ္စနဲ့ပက်သက်တဲ့ စိတ်ခံစားမှု အခံတော့ရှိတယ်၊ ကျွန်မတို့ အချင်းချင်းတွေ့လို့ရှိရင် လုံး၀၀မ်းမ နည်းဘူး၊ ကွန်ရက်နဲ့ မထိတဲ့သူတွေက ခက်နေသေးတယ်၊ ဥပမာ - ချင်းပြည်နယ်မှာဆို သူ့ဒေသက ပြည့်စုံမှု မဖြစ်နေသေးတော့ ပြည်ပမှာသွားပြီး ဆေးယူရတာရှိတယ်။
HIV ပိုး ကူးစက်ခံထားရတဲ့ အမျိုးသမီးတွေ အလုပ်အကိုင်က အဓိက လိုအပ်ချက်ဖြစ်နေလား။
နေ့စဉ် ဆေးသောက်ရတယ်၊ အကယ်၍သာ အလုပ်အကိုင်ကောင်းတွေ ရှိလာတဲ့အခါ ဆေးလက်လှမ်းမမှီဘူး ဆိုရင် ဆေးဝယ်သောက်လို့ရတယ်၊ ကျွန်မတို့ကအောက်ခြေကို အဓိကထား စဉ်းစားရတယ်၊ အောက်ခြေက လူတစ်ယောက်က သူ့လစာတစ်သိန်းအောက်ပဲရှိမယ်ဆိုရင် မ၀ယ်သောက်နိုင်သေးဘူး၊ သူ့အိမ်စားဝတ်နေရေး အတွက် လုပ်နေရသေးတယ်၊ အမျိုးသမီးတွေက သူ့အိမ်နောက်ဖေးမှာ ဆန်လေးရှိဖို့ ဆီလေးရှိဖို့ နောက် သူ့ သား သမီးတွေ ကျောင်းထားနိုင်ဖို့ ဒါလေးရှိနေရင်ပဲ အမျိုးသမီးတွေအတွက် အတော်လေးလုံလောက်နေပြီ။
လွှတ်တော်မှာ HIV ကူးစက်ခံထားရသူများ အရေးကို စိတ်ဝင်စားသူတွေ ထည့်သွင်းဆွေးနွေးနိုင်ဖို့ ကွန်ရက်က ဥပဒေ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ရေးဆွဲထားတဲ့ အချက်တွေထဲမှာ ဘယ်အချက်တွေ ပါဝင်နေပါသလဲ။
အလုပ်အကိုင်နဲ့ သားသမီးတွေရဲ့ ပညာရေးထောက်ပံ့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်၊ မြန်မာနိုင်ငံမှာ လုပ်သား ခန့်ထားမှု ဆိုင်ရာ ပေါ်လစီတွေ ချိန်းသွားနိုင်ရင်ကောင်းမယ်၊ ဥပဒေတွေထဲမှာ မဟုတ်ရင်တောင်မှ ဌာနဆိုင်ရာတွေမှာ HIV ပေါ့စတစ်ရှိရင်နေရင်လဲ အလုပ်အကိုင် ခန့်ထားပေးမယ်ဆိုရင် သူတို့ အလုပ်ပုံမှန် ပြန်လုပ်နိုင်လာမယ်၊ အခုဆိုရင် ဆေးသောက်ပြီး အကောင်းပကတိပြန်ဖြစ်နေတယ်၊ ပုံမှန်အတိုင်း အလုပ်ပြန် လုပ်နေကြပြီ၊ အလုပ်လေး ရှိတော့ အရာအားလုံးမေ့သွားကြတယ်၊ ကျွန်မတို့ဆို အလုပ်နှစ်ခု၊ သုံးခုလုပ်နေကြတယ်။
ကွန်ရက်က အမျိုးသမီးတွေရဲ့ သားသမီးတွေ ပညာရေးလိုအပ်ချက်ရှိနေလား။
ကွန်ရက်ကအမျိုးသမီးတွေ အများကြီးမှာ သားသမီးတွေရှိတယ်၊ ရင်သွေးလေးတွေထဲမှာ ကျောင်း တက်နေဆဲ ကလေးတွေ အများကြီးရှိတယ်၊ ဗလာ စာအုပ်လေး ထောက်ပံ့ပေးရင် ဘယ်လောက်ဝမ်းသာ ကြမလဲ၊ ကလေးတွေ ကျောင်းစရိတ်ကို ပံ့ပိုးပေးစေချင်တယ်၊ အမေတွေရဲ့ ၀န်ထုတ်ဝန်ပိုးတွေ ကတော့ လျော့သွားနိုင်တာပေါ့၊ အထူးသဖြင့် ၁၀ တန်းဆိုရင် ကျောင်းချည်းပဲ နေလို့မရဘူး၊ ဘေးပတ်ဝန်းကျင်က ကျုရှင်တို့ သင်တန်းတို့ လိုအပ်တယ်၊ တချို့ ကလေးတွေဆို ၁၀ တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်တာ ရှိတယ်။
ဘယ်လို အခက်အခဲတွေ အများဆုံး ရင်ဆိုင်ရလဲ။
ရုံးခန်းအခက်အခဲရှိတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်လုပ်နေရတဲ့ အခါကျတော့ ရုံးခန်းအထိုင်လေးရှိရင် ပိုကောင်းမယ်လို့ ယူဆမိတယ်၊ နေရာ အခက်အခဲ ငွေကြေး အခက်အခဲကြောင့် ရုံးခန်းမရှိဘူး လေ အခုက၊ ကွန်ရက်က ပရောဂျက်နဲ့ (project) သွားနေရတာဆိုတော့ တချို့အလှူရှင်တွေက ရုံးခန်းခကို ခြောက်လစာပေးမယ်၊ တစ်နှစ်စာပေးတယ်၊ စာချုပ်ပြည့်လို့ နှစ်ကုန်ရင် ကျွန်မတို့ ခေါင်းကိုက် ပြန်ရော၊ ရုံးခန်း အတွက် အဆောက်အအုံ အကြီးကြီး မလိုဘူး၊ အခန်းတစ်ခန်းစာလောက် နောက်နှစ်တွေမှာ စဉ်းစားစရာမလိုအောင်ရတက် အေးရတာပေါ့၊ အခန်းလေး တစ်ခန်းရှိပြီဆိုရင် ကျွန်မတို့ လုပ်ဆောင်စရာ တွေရှိလာမယ်။
သမ္မတကြီးကို မဇ္ဈိမကတစ်ဆင့် ကွန်ရက်က ပြောချင်တဲ့ အကြောင်းအရာရှိနေလား၊
ကျွန်မတို့ အမျိုးသမီးတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ပဲ၊ မှီခိုနေတဲ့ ဘ၀မျိုးကိုလဲမကြိုက်ဘူး၊ ကျွန်မတို့ သားသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်ဆိုရင် သူကလဲ သူ့ဘာသာကြိုးစားရမှာ ရှိနေသလို သူ့ရဲ့ ဘ၀ကို တကယ်ပဲ တောက်လျောက်ရေရှည်မှာ ပိုမိုပြီးပြည့်စုံသွားပြီ။
မဇ္ဈိမ - မှီခိုနေရတဲ့ ဘ၀မျိုးကို မကြိုက်ဘူး ကျွန်မတို့ အမျိုးသမီးတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ လိုတယ်




