28
Aug

မန္တလေးတွင် ART ဆေးဝါးယူသူ ယမန်နှစ်ထက် မြင့်တက်

မန္တလေးတိုင်းတွင် HIV ကူးစက်ခံ ဝေဒနာရှင်များကို ART ဆေးဝါးပေးရမှုမှာ ယခင်နှစ်ထက် လူနာဦးရေ ၅၀၀ နီးပါး မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကာလသားရောဂါ ခုခံကာကွယ် တိုက်ဖျက်ရေးဌာန တာဝန်ခံ ဒေါက်တာကျော်စိုးက ပြောကြားသည်။

“၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ပေးရတဲ့ လူနာဦးရေက ၈၉၉၆ ဦးပဲ ရှိခဲ့ပေမယ့် ဒီနှစ် ဇူလိုင်လကုန်အထိ စာရင်းကြည့်တော့ ၉၄၄၅ အထိရှိလာတယ်။ တစ်နှစ်အတွင်း လူနာ ၅၀၀ လောက် မြင့်တက်လာတဲ့အတွက် သတိထားရမယ့် အခြေအနေပဲ” ဟု ယင်းဆရာဝန်က ဆက်လက်ပြောဆိုသည်။

အဆိုပါ ကာလသားရောဂါမှာ လိင်တူချစ်သူများမှတစ်ဆင့် အများဆုံး ကူးစက်ခြင်းဖြစ်ရာ ယင်းကဲ့သို့ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ယခုနှစ်မှစတင်၍ တောင်ပြုန်းပွဲတော် ကာလအတွင်း လိင်တူချစ်သူချင်း ဆွေးနွေးဖလှယ်ခြင်းကို ပထမဦးဆုံးအကြိမ် အုပ်စုဖွဲ့ ပြုလုပ်ပေးခဲ့ကြောင်း ဒေါက်တာကျော်စိုးက ရှင်းပြသည်။

ယခုနှစ် ဇူလိုင်လအထိ HIV ပိုး ကူးဆက်ခံရသည်ဟု ယူဆရသည့် သံသယအဆင့်ရှိသူ ၃၅ ဦး တွေ့ရှိရပြီး ဆေးရုံသို့ လာရောက် ဆွေးနွေးသူမှာ တစ်ရက်လျှင် ပျမ်းမျှ ငါးဦးနှုန်းသာ ရှိကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံ၊ ကာလသား ရောဂါဌာန တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးဌာန အနေနှင့် HIV/AIDS ရောဂါ ကူးစက်မှုနှုန်း ကျဆင်းစေနိုင်ရန် ပြည်တွင်းပြည်ပရှိ NGO၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာပေး ဟောပြောခြင်း၊ စည်းရုံးခြင်းများကို လစဉ်နယ်လှည့် ပြုလုပ်ပေးလျက် ရှိကြောင်း အဆိုပါဌာန မှတ်များအရ သိရှိရသည်။

သန်းဖေသား (မန္တလေး၊ သြဂုတ်၂၆)

The Voice Myanmar - မန္တလေးတွင် ART ဆေးဝါးယူသူ ယမန်နှစ်ထက် မြင့်တက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top