မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်မြို့နယ် တို့ရှိ ကျန်းမာရေး ဆေးပေးခန်းနှင့် ဆေးရုံများက ယနှစ်ဆန်းပိုင်းမှ စတင်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဝေဒနာရှင်များ အတွက် ART ဆေး အခမဲ့ပေးနေကြောင်း အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ (မန္တလေး) တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။
အဆိုပါ မြို့နယ်များရှိ AIDS ဝေဒနာရှင် များသည် ART ဆေးများကို ယခင်က မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် သွားရောက် ထုတ်ယူနေရပြီး လက်ရှိတွင် အဆိုပါမြို့နယ်များရှိ ဆေးရုံ၊ ဆေးပေးခန်း များတွင် သွားရောက် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ဒီမြို့နယ်တွေအပြင် ရမည်းသင်း မြို့နယ်မှာလည်း ပေးဖို့အစီအစဉ် ရှိတယ်။ ရမည်းသင်း မှာလည်း AIDS နဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးဖို့ အစီအစဉ် လည်း ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
AIDS ဝေဒနာရှင်များအတွက် ART ဆေးကို မန္တလေးခရိုင် ခုနစ်မြို့နယ်ရှိ ဆေးရုံ၊ ဆေးပေးခန်း များတွင် ၂၀၀၉ ခုနှစ်က စတင်ဆေးပေးခဲ့ပြီး လက်ရှိအချိန်ထိ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံ၊ ပြင်ဦးလွင် ဆေးရုံ၊ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ၊ ကျောက်ဆည်ဆေးရုံ၊ မိတ္ထီလာဆေးရုံ၊ ညောင်ဦးဆေးရုံ၊ မြင်းခြံဆေးရုံ တို့တွင်လည်း ထုတ်ပေးလျက်ရှိကာ ၂၀၁၃ ခုနှစ်က စတင်ကာ မတ္တရာနှင့် သာစည်မြို့နယ် တို့တွင်လည်း ထုတ်ပေးခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။
အဆိုပါရောဂါရှိသူ အချို့က ရောဂါ ဖြစ်ပွားသည်ကို ရှက်ကြောက်သဖြင့် ဆေးယူကာ ကုသမှုခံယူမှု မရှိသောကြောင့် ယင်းသို့ မဖြစ်စေရန် ဟောပြောဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း၊ ငွေကြေးတတ်နိုင်သူ အချို့က ပြင်ပတွင် ဆေးဝယ်ယူသောက် သုံးမှုများရှိကြောင်း အဆိုပါဌာနမှ ဆရာဝန် တစ်ဦးက ပြောကြားသည်။
"ကျန်တဲ့မြို့နယ်လေးတွေ ကိုလည်း ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆေးသောက် သုံးနေတဲ့သူတွေ ကလည်း စဉ်ဆက်မပြတ် သောက်သုံးသင့်ပါတယ်။ ဆေးသောက်သုံး နေတဲ့ သူတွေကလည်း ဆေးကို စနစ်တကျ သောက်သုံးရမယ်။ ဆေးမသောက်ဘဲနဲ့ နေတဲ့ ရောဂါပိုး ရှိသူတွေကလည်း သက်ဆိုင်ရာ ကျန်းမာရေးမှူးရုံး တွေမှာ သွားပြီးလေ့လာမယ်၊ ဆွေးနွေးမယ် ဆိုရင် ကောင်းပါတယ်။ ဆေးဝါး ကိုလည်း စနစ်တကျ သောက်သုံး သင့်ပါတယ်" ဟု ART ဆေးသောက်သုံးနေသည့် သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ အမျိုးသားတစ်ဦးက ဆိုသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် ART ဆေးသောက်သုံး ကုသသူ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော် ၏ ၄၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၆၁ ဒသမ ၃ ရာခိုင်နှုန်းတို့ ရှိကြောင်း အဆိုပါ အဖွဲ့ စာရင်းများအရ သိရသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ဆေးပေးခန်း များတွင် ၂၀၁၃ ခုနှစ်အတွင်း ART ဆေးပေးဝေမှု ကလေး ၇၈၁ ဦး၊ လူကြီး တစ်သောင်းနီးပါး ရှိကြောင်း အဆိုပါဌာန စာရင်းများအရ ထပ်မံသိရသည်။
မြန်မာတစ်နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း HIV/AIDS ရောဂါ ဖြစ်ပွားပြီး ပိုးရှိ ရှင်သန်နေသူသည် ၂၀၀၇ ခုနှစ်တွင် လူဦးရေတစ်သောင်းလျှင် ၀ ဒသမ ၆၇ ရာခိုင်နှုန်း၊၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်းအထိ ရှိသည်။
မန္တလေး၊ ဖေဖော်ဝါရီ ၃
The Voice Weekly - မန္တလေး မြို့နယ်သုံးခုတွင် ART ဆေး အခမဲ့ပေးမည်




