ယီမင် နိုင်ငံမှ ၁၂ အရွယ် သတို့သမီးလေးဟာ သူမထက် အသက်သုံးဆ ကြီးသူနှင့် လက်ထပ်ပြီး
သုံးရက်အကြာ အတူအိပ် လိင်ဆက်ဆံ ပြီးနောက်၊ အတွင်းပိုင်း
သွေးထွက်လွန် သေဆုံး သွားခဲ့တယ်လို့ ကုလ သမဂ္ဂ ကလေးများ
ရန်ပုံငွေ အဖွဲ့ ( the United Nations Children’s Funds) က ဆိုပါတယ်။
UNICEF
အရှေ့ အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ဒါရိုက်တာ က “ကလေးမက သူ့ထက် အသက် သုံးဆမက ကြီးသူကို လက်ထပ်ခဲ့ရတာ၊ သူမ သေဆုံးမှုက
ယီမင်နိုင်ငံမှာ အရွယ်မတိုင်မီ မိန်းကလေး ငယ်တွေကို အတင်း အိမ်ထောင်ပြုခိုင်းနေတဲ့ သဘာဝလွန်ကဲမှုတွေကို တကမ္ဘာလုံးသိအောင် တပ်လှန့် လိုက်သလို ဖြစ်သွားတယ်”
လို့ ကြာသာပတေး နေ့က ပြောပါတယ်။
ယီမင် နိုင်ငံ Hajjah ပြည်နယ်မှာ နေထိုင်သူ၊ အသက် ၁၂ တောင် မပြည့်တတ်သေးတဲ့ `Elham´
ဟာ မတ်လ ၂၉ ရက်နေ့က လက်ထပ်ခဲ့ပြီး၊ နောက်သုံးရက် အကြာမှာ ကွယ်လွန် သွားခဲ့ပါတယ်။ ယခု အသက်
မပြည့်ခင် အိမ်ထောင် ချထားမှုတွေ အဆုံးသတ်ဖို့
ယီမင်အစိုးရက စတင်လုပ်ဆောင်နေပြီး၊ ပါလီမာန်မှာလည်း အသက်ဘယ်လောက်မှာ
မိန်းကလေးငယ်တွေ စတင် လက်ထပ်သင့်တယ် ဆိုတာကို ဝေခွဲမရသေးဘဲ အကြိတ်အနယ် ဆွေးနွေး
နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ လမှာလည်း `အသက် ၁၂ အရွယ် ယီမင်မိန်းကလေး Fawziya
Ammodi ဟာ ကလေးမွေးရင်း
သွေးထွက်လွန်ပြီး၊ မိခင်ရောကလေးပါ အသက်ဆုံးပါးခဲ့တယ်´လို့ ကလေးများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ Seyaj
Organization က ပြောပါတယ်။ သူမ
သေဆုံးမှု ကလည်း ဆေးဝါး ကုသမှု မပြည့်စုံမှု၊ ကျန်းမာရေး အသိပညာ ညံ့ဖျင်းမှု
တို့ကြောင့်လို့ ယီမင် မှာ စတင် လုပ်ကိုင်နေတဲ့ NGO တဖွဲ့က ဆိုပါတယ်။
ကုလသမဂ္ဂ ရဲ့ ခန့်မှန်းချက် အရ ယီမင် နိုင်ငံမှာ အသက် ၁၈နှစ်
မတိုင်မီ အိမ်ထောင်ပြုတဲ့ မိန်းကလေး အရေအတွက်ဟာ သုံးပုံနှစ်ပုံကျော် ရှိနေပြီး၊
အမျိုးသားများဟာလည်း မိန်းမ သုံးယောက်ထက် အထက် ယူကြတယ်လို့ သိရပါတယ်။




