2
Aug

ယုံကြည်ခဲ့သော အချစ်…..

“…… အခုမှတော့ မှားပါတယ်လို့ နောင်တမရချင်တော့ပါဘူး ဆရာရယ်…. အင်ကြင်းဘဝနဲ့ အင်ကြင်း သာရှိပါစေတော့လေ….” မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်.. နှလုံးသားထဲမှာလည်း နာကြည်းချက် ဒဏ်ရာတွေပြည့်နှက်နေတဲ့ သူ့ရဲ့အသံကိုကျနော်ပြန်ကြားယောင်နေပါတယ်…..

အင်ကြင်းက နယ်ကနေ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် လာတက်နေတဲ့ ကောင်မလေး တစ်ယောက်ပါ၊ ရန်ကုန်မှာ ဆွေးမျိုးမိဘက မရှိလေတော့ အဆောင်နေပြီး ကျောင်းတက်ရတယ်ပဲ ဆိုပါတော့။ အခုဆိုနောက်ဆုံးနှစ် ရောက်နေပါပြီ အသက် (၁၉) နှစ်ရှိပြီတဲ့၊ အီကို (Eco) ကျောင်းမှာတော့ သူက princess ရထားတာဆိုပဲ၊ ပညာတွေလဲ စုံခါနီးပြီပေါ့၊ မြို့ပြရဲ့ပြောင်းလဲမှု လူနေမှု စရိုက်တွေလည်း သူအခု အားလုံးနီးပါးကို ကျွမ်းဝင်နေပြီလေ၊ တိုးတက်နေတဲ့ ခေတ်မှာ ပညာရှာနေတဲ့ လူငယ်ပီပီ အင်တာနက်ဆိုတဲ့ အရာနဲ့လည်း သူကျွမ်းဝင်ခဲ့တယ်လေ။ လျှပ်စစ်မီး တောင်မရှိတဲ့ ရွာလေးကနေ ကျောင်းလာတတ်နေရတဲ့ အင်ကြင်း တစ်ယောက်ခေတ်မီတဲ့ ရန်ကုန် မြို့ကြီှးမှာ အများတန်းတူ အင်တာနက်ကို သုံးခွင့်ရလို့ အကျေနပ်ကြီး ကျေနပ်ခဲ့ရတယ်လေ။ အခုတော့ အဲဒီအင်တာနက်ကြောင့်ပဲ သူလေးတစ်ယောက် ပန်းကောင်း အညွန့်ကျိုး ဖြစ်ခဲ့ရလေ ပြီကော…။ ကျွန်တော့်ဆီရောက်လာတဲ့ အချိန်မှာတော့ သူ့မှာ အနာဂတ်ဆိုတာ ဘာမှမသိ။ ဘဝဆိုတာ အဓိပ္ပါယ် မဲ့နေပါပြီတဲ့။

“အသက်ရှင်ချင်စိတ်လည်း မရှိတော့ပါဘူးတဲ့။ ငိုရုံမှတစ်ပါး သူဘာကိုမှ မသိတော့ပါဘူးတဲ့၊ နယ်ကိုလည်း မပြန်ချင်တော့ဘူး… မိဘတွေနဲ့လည်း မတွေ့ရဲတော့ဘူးလေ…. အိမ်ကထွက်ခဲ့တုန်း ကတော့ စီးပွားရေး ပညာရပ်မှာထူးချွန်တဲ့ ဘွဲ့ရတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က အခိုင်အမာ။ ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ တစ်ခါမှ မရောက်ဖူးတဲ့ ဒီရန်ကုန်မြို့ကြီးကို တစ်ယောက်တည်း အရဲစွန့်ပြီး လာခဲ့ပါတယ်၊ ခေတ်ရဲ့တောင်းဆိုမှုနဲ့အညီ အလုပ်ကိုင်ကောင်းလေး ရအောင်လို့ အင်္ဂလိပ် စာသင်တန်းတွေလည်း ကျောင်းအားရက်တွေမှာ တက်ခဲ့ရတယ်လေ…. ကွန်ပျူတာ ဆိုတာကလည်း မတတ်ရင် လူရာမဝင်လေတော့ ရွာကမိဘတွေကို မရမကနားချပြီး တက်ခွင့်တောင်းခဲ့ရသေး…။

ရွာမှာက အင်္ဂလိပ်စာ သင်တန်းလို့ ပြောရင် လူကြီးတွေက နားလည်လွယ်ပေမယ့် ကွန်ပျူတာလို့ ပြောရင် ရှင်းပြရတော့ ခက်သား… အဘိဓာန်မှာလဲ ကွန်ပျူတာဆိုတာက တောသူတောင်သား နားလည်လွယ်တဲ့ စကားလုံး ဝေါဟာရကမရှိလေတော့ ပိုခက်တယ်လေ။ အင်တာနက်ဆိုပိုဝေးစွ။ ဒါပေမယ့်လည်း အလုပ်အတွက် အသုံးကျပါတယ်လို့ ပြောတော့ မိဘတွေမှာလည်း မသိပေမယ့် မရှိရှိတာလေး ပေါင်နှံရောင်းချပြီး သင်တန်းကြေး အတွက် ဖန်တီးပေးရတာပေါ့လေ…။

ဒီလိုနဲ့ အင်ကြင်း ကွန်ပျူတာကို အခြေခံ တက်မြောက်ခဲ့ပါတယ်… သူများတွေက အွန်လိုင်း၊ အွန်လိုင်း ဆိုတဲ့ ခေတ်မှာ အင်ကြင်းလည်း လိုင်းချင်တယ်လေ၊ သူငယ်ချင်းတွေ အင်တာနက်ကဖေး သွားမယ် ဆိုရင် လက်ဖက်ရည်ဆိုင် သွားကြတယ်လို့ ထင်ခဲ့တာလေ။ ဒါနဲ့ သူများတွေလိုငါလည်း တတ်ရမယ်ဆိုတဲ့ စိတ်နဲ့ အင်တာနက် အခြေခံသင်တန်းကို တက်မိခဲ့ပါတယ်။ အင်း.. အခုတော့ အင်တာနက် ဆိုတာ… ၀က်ဘ်ဆိုက်ဆိုတာ… ဟုမ်းပေ့ခ်ျ ဆိုတာတွေနဲ့ အင်ကြင်း ရင်းနှီးခဲ့ရပြီလေ။ သြော်… ငါတကယ် ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး အွန်လိုင်းကနေ ကမ္ဘာကြီးနဲ့ ဆက်သွယ်နေပါလား ဆိုပြီး တစ်ခါတစ်ခါ ဘဝင်လေဟပ် သွားသေးရဲ့။

အီးမေးလ်ဆိုတာနဲ့လည်း စတင်သိရှိခဲ့ပြီလေ။ အော်… တယ်လည်း အသုံးဝင်လှပါလား… တယ်လည်း ခေတ်မီပါလား၊ ရွာကို အဲဒီ အီးမေးလ်နဲ့ ပို့လို့ရရင် ကောင်းမှာပဲ ရယ်လို့ တွေးပြီး တစ်ခါတစ်ခါ စိတ်ကူးယဉ်မိသေး။ အို… ထူးဆန်းလိုက်တာဂျီတော့ ဆိုတာကလည်း မမြင်ရပေမယ့် စာရိုက်ပြီးတော့လည်း ပြောလို့ရသေးတာပဲ…။ တစ်ဖက်လူက ဖုန်းခေါ် ပြီးတော့လည်း ပြောလို့ရသေး…။ သြော်ငါနဲ့နော်.. လူဖြစ်တာနောက်ကျ လိုက်လေခြင်းရယ်လို့ တစ်ခါတစ်ခါ အားမလို အားမရကဖြစ်သေး၊ ရွာက သူငယ်ချင်းတွေကိုလည်း ဒါတွေ ဒီလောက်ထိ ရန်ကုန်မြို့ကြီးမှာ တိုးတက်နေပြီ ဆိုတာကိုပြေးပြော လိုက်ချင်ပါတယ်။

ဒီလိုနဲ့ အင်တာနက် သုံးတတ်တာ တစ်လလောက် ရှိလာတော့ အင်ကြင်းလည်း အင်တာနက်ရောဂါစွဲ ပါတော့တယ်။ အချိန်တိုင်း လိုင်းပေါ်တက်ချင်တယ်…၊ ချက်ချင်တယ်…၊ ဖေ့စ်ဘွတ်ဆိုတာကြီးထဲ လည်းလျှောက်လည်ချင်တယ်…။ သူများတွေ ဘာလုပ်နေလည်း ဆိုတာလည်း သိချင်လာတယ်…။ ဓာတ်ပုံတွေ ရိုက်ပြီး တင်ချင်လာတယ်…။ သူများတွေကို ကွန်မန့်တွေ ပေးချင်လာတယ်…။ မသိတဲ့သူ တွေကိုလည်းအင်ဗိုက် လုပ်ချင်လာတယ်လေ….။

တစ်နေ့တော့ လိုင်းပေါ်က တစ်ယောက်က အင်ကြင်းကိုစကားတွေ ဖောင်ဖွဲ့လေရဲ့၊ သူက အင်းကြင်းကို သတိထားမိတာကြာပြီတဲ့…။ ဖေ့စ်ဘွတ်မှာလည်း မြင်ဖူးတယ်တဲ့…။ ထူးဆန်းလိုက်တာ သူက အင်ကြင်းရဲ့ မွေးနေ့တွေ၊ ဝါသနာတွေကိုပါ သိနေတယ်လေ….။ အင်ကြင်း ကြိုက်တဲ့ မင်းသား၊ မင်းသမီး နာမည်တွေကိုပါ သိနေတယ်လေ…။ အင်ကြင်းကြိုက်တဲ့ သီချင်းတွေကိုပါ သူကသိနေ လေရဲ့…။ သူက အင်ကြင်းကို တော်တော်စိတ်ဝင်စားပုံ ရတယ်ထင်တယ်….။ ဟိဟိ သူကလည်း လူချောပဲကိုး….။

အင်းကြင်း ဖေ့စ်ဘွတ်သုံးတိုင်း သူ့ပရိုဖိုင်းကို ဝင်ကြည့် နေမိပါတယ်….။ သူ့အပေါ်ကို စိတ်များဝင်စား နေပြီလား….။ အင်ကြင်း သေသေချာချာ မတွေးချင်တော့ပါ…။ သေချာတာ တစ်ခုကတော့ ဖေ့စ်ဘွတ်ကို ရောက်တိုင်း သူ့ဆီကပို့လာမယ့် မက်ဆေ့လေးတွေ ကွန်မန့်လေးတွေ ကိုတော့ မျှော်နေမိတယ်လေ….။ သူအွန်လိုင်းမှာ ရှိနေရင် အင်ကြင်း စိတ်ထဲပျော်နေသလိုပဲ။ သူနဲ့ ချက်နေရရင် ကျန်တဲ့သူတွေကို မေ့သွားမိတယ်လေ…။ ကျူရှင်သွားဖို့တောင် မေ့ပါတယ်…။ တစ်ခါတစ်လေ အင်တာနက်ဆိုင်က ည ၁၀ နာရီထိုးလို့ ပိတ်ပါတော့မယ် ပြောမှ သတိဝင်ပါတော့တယ်..။ အင်း.. သူက အင်ကြင်းစိတ်ကို စိုးမိုးနေပါရောလား….။

တစ်နေ့မှာတော့ သူကဗွီဇက်အို ချက်မယ်လို့ပြောလာတယ်လေ…။ အို… ဝမ်းသာလိုက်တာ သူ့ကိုမြင်ရတော့မယ်ပေါ့လေ…။ အင်ကြင်းလည်း မလုပ်တတ် မကိုင်တတ်ဆိုတော့ အင်တာနက်ဆိုင်က အစ်ကိုကြီးတွေကို အကူအညီ တောင်းပြီး သူနဲ့ဗွီဇက်အို ချက်ဖို့ ကြိုးစားရတာပေါ့လေ။ အင်း.. တွေ့ပြီ တွေ့ပြီ။ အခုမှပဲ သူ့မျက်နှာလေးကို မြင်ခွင့်ရပြီလေ…။ ရင်တွေခုံလိုက်တာ တဒိန်းဒိန်းပဲ..။ သူနဲ့ပြောတော့ စကားလုံးတွေက အစီအငေါ် မတည့်ဘူးလေ…။ ကိုယ့်ကိုယ်လဲ စိတ်တိုမိတယ်…။ သူကအေးအေးဆေးဆေး ပြောပေမယ့် မိအင်ကြင်းက မအေးဆေးနိုင်ဘူးလေ..။ သူ့ကို တိတ်တခိုး ချစ်မိနေတာကိုး…။

အခုတော့ တကယ်အင်တာနက်ရောဂါက ကျွမ်းနေပါပြီ..။ ကျောင်းကပြန်ရောက်တာနဲ့ အင်တာနက် ဆိုင်မှာ ညလုံးပေါက်..။ ညစာတောင် ချက်ဖို့သတိမရ..။ အပြင်မှာပဲ ကြုံသလိုဖြစ်သလို ဝယ်စား နေမိပါတယ်…။ အဆောင်ရှင် အဒေါ်ကြီးကတော့ ရိပ်မိမယ့်ပုံ မပေါ်ပါ..။ အဆောင်မှာ ထမင်းမချက် စားလေကြိုက်လေဖြစ်မှာပါ…။ အခုဆို အင်တာနက်ဆိုင်က အစ်ကိုကြီးတွေနဲ့လည်း မျက်နှာချင်း ရင်းနေပြီလေ..။ အင်ကြင်းက ပုံမှန်ဖောက်သည်ကြီး ဖြစ်နေတာကိုး…။ မန်ဘာကတ်လည်း ဝယ်ထား တယ်လေ…။ သူနဲ့ အကြာကြီး ချက်လို့ရအောင်လို့လေ…။

ဒါနဲ့သူ့အကြောင်း ပြောရဦးမယ်..။ သူကအင်ကြင်းထက်၂ နှစ်ကြီးတယ်..။ ရန်ကုန် ဆေးတက္ကသိုလ် ကနောက်ဆုံးနှစ် ကျောင်းသားလေ။ သူကလည်း နယ်ကပဲတဲ့။ သူကတော့ မိဘတွေကချမ်းသာ တော့ ကိုယ်ပိုင် တိုက်ခန်း ရှိတယ် ပြောတယ်လေ။ သူက လူရည်မွန်လေးပါ။ အရပ်မြင့်တယ် ဗလ ကောင်းကောင်း၊ ဒါပေမယ့် အသားကတော့ နည်းနည်းညိုတယ်။ သူ့အသံလေး ကြားရတာတော့ အင်ကြင်း အတွက် နားဝင်အချိုဆုံးပါ။

သူနဲ့တွေ့ပြီး တစ်လလောက်ကြာတော့ သူက အင်ကြင်းကို ချစ်ရေးဆိုလာတယ်လေ….။ အင်ကြင်း ပျော်လိုက်တာ..။ သူ့ကို အင်ကြင်းက စချစ်ခဲ့တာကိုး…။ သူက အခုမှချစ်တယ်လို့ ပြောလာတယ် လေ..။ နောက်တောင် ကျနေသေးလို့ တိုးတိုးလေးပြောလိုက်ချင်သေး….။ သူ့ကို အဲဒီညက ဗွီဇက်အို ကနေအဖြေပေးလိုက် ရမလားလို့ တွေးမိပါသေးတယ်…။ ဒါပေမယ့် လူချင်းတွေ့မှ ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်လေ…။

ဒီလိုနဲ့သူနဲ့ အပြင်မှာတွေ့ဖို့ ချိန်းဖြစ်ပါတယ်…။ အများနည်းတူ အင်လျားကန်ဘေးက မွန်းမှာပေါ့။ အဲဒီနေ့လေးကို အမှတ်ရနေပါတယ်..။ နေကလည်း သာရာ သီဥတုကလည်း သာသာယာယာနဲ့ အင်လျားကန် ရေပြင်ကြီးဟာ အလွန်ကို လှနေပါတယ်…။ သူနဲ့မွန်းမှာ ကော်ဖီအတူတူ သောက်ပါတယ်..။ ပြီးတော့ သူက ကန်ဘောင်ပေါ်လမ်းလျှောက်ဖို့ ပြောတယ်လေ…။ ကန်ဘောင် ပေါ်က ထိုင်ခုံလေးမှာ အင်ကြင်းတို့ ထိုင်ဖြစ်ခဲ့ပါတယ်…။ သူယူလာတဲ့ နှင်းဆီပန်းနဲ့ အသည်းပုံကတ်လေး တစ်ကတ်ကို ပေးတယ်လေ။ ရေးထားတာက I will love you until my last breath တဲ့။

သြော်… သူအင်ကြင်းကို တကယ်ချစ်ပါလားလို့ သိလိုက်တယ်လေ…။ အဲဒီနေ့မှာပဲ အင်ကြင်း သူ့ကိုအဖြေပေးခဲ့ပါတယ်။ သူလည်း အတော်ပျော်သွားပုံရတယ်။ အင်ကြင်းအတွက်တော့ သူက အချစ်ဦး ပါ….။ သူ့မှာ ဘယ်လိုနောက်ကြောင်းတွေ ရှိလည်း ဆိုတာတော့ အင်ကြင်း မသိချင်သေးပါဘူး..။ နောက်မှ အေးအေးဆေးဆေး မေးမယ်ပေါ့..။ အဲဒီနေ့က ကျောင်းပြေးခဲ့တယ်လေ…။ ဇွန်လ၂၈ ရက် နေ့ပါ။ ဟုတ်ပါတယ် အဲဒီနေ့စွဲလေးက အင်ကြင်းအတွက် အမှတ်တရပါပဲ..။ သူပေးခဲ့တဲ့ ပထမဆုံး အနမ်းလေးတွေက အမြဲအမှတ်ရစေတာလေ….။

သူနဲ့ ချစ်သူတွေဖြစ်တော့ သူ့ကျောင်းကို လိုက်လည်ဖို့ အင်ကြင်းကိုပြောပါတယ်၊ သူများကျောင်းကိုသွားလည်ရတာတော့ ကြောင်တောင်တောင်နိုင်ပါတယ်..။ ဒါကြောင့်နောက်မှ လိုက်လည်မယ်လို့သာ ပြောခဲ့ပါတယ်။ သူ့ကို အင်ကြင်းတို့ကျောင်းကို အရင်အလည်ဖို့ ခေါ်ခဲ့တယ်လေ။

သူလည်း အင်ကြင်းတို့ကျောင်းကို လိုက်လည်ပါတယ်…။ ကျောင်းက သူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးပါတယ်…။ ကန်တင်းမှာ အကြာကြီး အချိန်ကုန်ခဲ့တာပေါ့။ အမှတ်တရ ဓာတ်ပုံတွေ လည်း ရိုက်ခဲ့ပါသေးတယ်။ အဲဒီနေ့က ကျောင်းမှာ အချိန်တော်တော် ကြာပါတယ်…။ ကျောင်းက အပြန်ဖယ်ရီကြပ်တော့ သူက တက္ကဆီနဲ့ ပြန်မယ်ဆိုတာနဲ့ သူနဲ့ အတူမြို့ထဲ ပြန်ခဲ့တယ်လေ….။ ကားပေါ်မှာလည်း သူက တစ်လမ်းလုံး အင်ကြင်းကို ဖတ်ထားတယ်လေ…။ နွေးတွေးတဲ့ သူ့ရဲ့ရင်ခွင်ကို အင်ကြင်း မသိမသာ မှေးစက်နေမိပါတယ်…..။ သူက သူ့အခန်းကို လိုက်ဖို့ ပြောတယ်လေ…။ အင်ကြင်းလည်း မငြင်းသာတော့ လိုက်ခဲ့ရတယ်လေ…။ သူ့အခန်းကို ရောက်တော့ အခန်းကတော်တော် ရှုပ်နေပါတယ်..။ သူ့အပြောအရတော့ သူ့သူငယ်ချင်းတွေ လာအိပ်သွားတယ်လို့ ဆိုတာ ပဲ…။ သူကတော့ ပင်ပန်းလို့ ရေချိုးမယ်ပြောပြီး၊ ရေချိုးခန်း ဝင်လေရဲ့။

အင်ကြင်းက မနေတတ် လေတော့ အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ ပြင်လိုက်ပါတယ်…။ ပြန့်ကျဲနေတဲ့ စာအုပ်တွေ..၊ တောင် တစ်ခုမြောက်တစ်ခု ရောက်နေတဲ့ ခေါင်းအုံးတွေကို နေရာတကျပြန်ထားပေးလိုက်ပါတယ်…။ ညစ်ပေနေတဲ့ ဖန်ခွက်တွေ ကိုလည်းဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဖန်ခွက်ကို ကောက်ယူတုန်း ရုတ်တရက် လက်ထဲက လွတ်ကျပါလေရော…။ သူက စိုးရိမ်တကြီးနဲ့ ရေချိုးခန်းထဲက ထွက်လာပြီး ဖန်ခွက်ကွဲရှထားတဲ့ အင်ကြင်း လက်ချောင်းလေးကို ပါးစပ်ထဲ ငုံပြီးစိတ်ပူတဲ့ မျက်လုံးတစ်စုံနဲ့ စိမ်းစိမ်းကြီးကြည့်နေပါတော့တယ်….။ !@#$%^&*()_+ ဒီလိုနဲ့ သူ့ကို အင်ကြင်း တစ်ဘဝလုံး ပုံပေးခဲ့မိပါတယ်။ သူကဆေးကျောင်းသားဆိုတော့ အကာအကွယ်သုံးဖို့လည်း မလိုဘူးလို့ ထင်တယ် လေ….။ သူ့ကို ယုံခဲ့ပါတယ်….။

နောက်နေ့မှာတော့ သူအင်ကြင်းနဲ့ ချိန်းတဲ့ နေရာကိုရောက်မလာခဲ့ပါဘူး။ အကြောင်း တစ်ခုခုကြောင့် သာသူမလာနိုင်တာပဲလို့ ထင်ပြီးသူ့ကို ခွင့်လွတ် ခဲ့ပါတယ်…။ အွန်လိုင်းမှာတော့ မက်ဆေ့ ရေးထားခဲ့တယ်လေ….။ မွန်းမှာ တွေ့မယ်ပေါ့။ တစ်ရက်ကနှစ်ရက်… ဒီလိုနဲ့ တစ်ပတ်လောက် သူပေါ်မလာပါဘူး….။နောက်တော့မှ သိလိုက်ရတာကသူအင်ကြင်းရဲ့ အကောင့်တွေကိုဘလော့ လိုက်တယ် ဆိုတာကိုပါပဲ…။အင်ကြင်းကတော့ သူအွန်လိုင်း မလာဘူးလို့ ထင်နေတာလေ….။ သူကအင်ကြင်းကိုလုံးဝ အဆက်သွယ်ဖြတ်ခဲ့တာလေ…..။ သူလိုချင်တာ သူဖြစ်ချင်တာတွေ ရသွားတော့ သူအင်ကြင်းကို ထားခဲ့ပြီလေ…။သူ့မှာက ဆက်သွယ်စရာဖုန်းနံပါတ်လဲမရှိဘူးလေ…။ သူ့တိုက်ခန်း ဆိုတာကိုလည်း သွားပါသေးတယ်…။ တကယ်တော့ အဲဒါ သူ့ကိုယ်ပိုင် အခန်းလည်း မဟုတ်ပါဘူး…။ ဒါတွေလည်းနောက်မှသိလိုက်ရတာတွေပါ…။ သူများအခန်းမှာကပ်နေတာတဲ့..။ အဲဒီအခန်းကဖဲဝိုင်းလုပ်တဲ့ အခန်းတဲ့..။ ကဲကောင်းလိုက်လေရော….။ အင်ကြင်းကတော့ စေတနာနဲ့သန့်ရှင်းရေး လုပ်ပေးခဲ့မိတာသူတို့တွေ မဟုတ်တာလုပ်နေတဲ့ နေရာကြီးလေ…။ ကိုယ့်ဘဝပါ အဲဒီမှာပျက်ခဲ့ ရတယ်လေ…။ ပိုဆိုးတာကသူကဆေးကျောင်းသားလည်းမဟုတ်ဘူးတဲ့…။ သေပါလေရော…။ အင်ကြင်းကတော့ သူ့ကို ယုံမှတ်ပြီး ပုံအပ်ခဲ့တယ်လေ….။ သူကတော့ ပိပိရိရိကိုလိမ်ဇာတ်တွေ ဆင်ခဲ့တာကိုး….။ အင်းလေ… ရှိပါစေတော့ ဆိုပြီး အင်ကြင်းကိုယ့်စိတ်နဲ့ကိုယ် ဖြေပါတယ်..။ ငါညံ့ခဲ့လို့ ငါခံရတယ်ပေါ့လေ…..။

သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးကိုယ်ဝန်ရှိမှာ ကြောက်လို့ ဆီးလည်းစစ်ခဲ့ရပါသေးတယ်….။ အပျိုတန်မယ့် ဆေးဆိုင်မှာဆီးစစ်တဲ့ ပစ္စည်းသွားဝယ်ရတာဘဝမှာ မျက်နှာအပူဆုံးပါပဲ…။ ဒါပေမယ့် လည်းရှေ့မျက်နှာနောက်ထားပြီးအရဲစွန့်ကာဝယ်ခဲ့ရတယ်လေ…။ ကံကောင်းချင်တော့ အဲဒီနေ့ကဆေးကောင်တာမှာ ရောင်းတာက အန်တီကြီး တစ်ယောက်ဖြစ်နေတယ်လေ…။ ဘုရားဘုရားမျက်စိ စုံမှိတ်ပြီးဆီးစစ်တဲ့အဖြေကိုမဝံ့မရဲ ကြည့်မိပါတယ်….။ အောင်မလေး… ကိုယ်ဝန်မရှိဘူးလေ…။ အင်းတော်သေးတာပေါ့…။ နို့မို့ဆိုဘဝဆုံးမှာ…။ ဒါပေမယ့် ဒင်းကိုတော့ ဘယ်တော့မှခွင့်မလွတ်ဘူး…။ လိမ်ညာပြီးတစ်ဖက်သားဘဝကို ယူတယ်…။ အွန်လိုင်းမှာသူဒီလိုမျိုးဘယ်နှစ်ယောက် လောက်များ လိမ်ခဲ့လေသလဲ မသိဘူး…။ တွေ့လို့ကတော့ မလွယ်ဘူးသာမှတ်…။

ဒီလိုနဲ့အင်ကြင်း အွန်လိုင်းဆိုတာကြီးကိုမုန်းသွားပါတယ်….။ အွန်လိုင်းမှာအလိမ်တွေချည်းပဲဘယ်သူ့ကိုမှမယုံရဘူးဆိုတာလည်းနောင်တတွေနဲ့ပေါ့လေ…။ ဗီဇက်အိုဆိုတာကိုလည်း လုံးဝ အသံ တောင်မကြားချင်တော့ဘူးလေ…။

အပြောလေးချိုရုပ်လေးပြပြီးတော့လူတွေအချင်းချင်းလိမ်နေညာနေကြတာပါလား ဆိုပြီးသံဝေဂ လည်းရပါရဲ့…။ ဒီလိုနဲ့အင်ကြင်း ကျောင်းစာကိုပဲ လုပ်ဖို့သတိပြန်ဝင်ပါတယ်…။ ရွာကိုလည်းအဆက်အသွယ် မလုပ်တာကြာတော့။ပြန်ဆက်သွယ် ဖြစ်တယ်လေ…။ ဒီအထိတော့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်…။ ငါ့ကံပဲလေ ဆိုပြီးလေ…။

တစ်နေ့တော့ အင်ကြင်းတို့အီကိုကကျောင်းကားအက်ဆီးဒန့် ဖြစ်လို့အင်ကြင်း သူငယ်ချင်း တစ်ယောက် ဆေးရုံတင်လိုက်ရပါတယ်….။ အရေးပေါ်သွေး လိုတယ်ဆိုတော့ သူတို့ကဘီ (B) သွေး ရှာနေကြတယ်လေ..။ အင်ကြင်းလည်း ဘီသွေးဆိုတော့ သူ့ကိုလှူပေးမယ်ပေါ့။ ဒါနဲ့အင်ကြင်းသွေးလှူဖို့ဆုံးဖြတ်ပြီးသွေးစစ်ခဲ့ပါတယ်….။ ဘယ်ဘဝကဖန်လာတဲ့ကံလည်းတော့ မသိပါ…။ အင်ကြင်း သွေးအဖြေက HIV positive တဲ့။

အင်ကြင်းက positive ဆိုတာကို သေသေချာချာ မသိလေတော့ ကြောက်ရကောင်းမှန်းလဲ မသိခဲ့ ပါဘူး။ ဘာမှမမှုဘူးပေါ့လေ..။ နောက်တော့ ဆရာဝန်က သေသေချာချာရှင်းပြတော့မှငါ့အဖြစ် ရှုံးလိုက်လေခြင်း ဆိုပြီးငိုမိပါတယ်…။ အင်ကြင်း ခေါင်းထဲမှာ ဘာမှမရှိတော့ပါဘူး….။ ဘာကိုမှ လည်းမတွေးချင်တော့ပါဘူး…။ သေမထူးနေမထူးတဲ့ဘဝပါ….။ အင်ကြင်းမှာလာမယ့်နှစ်ဘွဲ့ယူတဲ့ အထိရောအသက်ရှင်နိုင်ပါဦးမလား…။ ဘွဲ့ဝတ်စုံကို အခန့်သားဝတ်လို့သစ်ပုတ်ပင်ကြီး နောက်ခံ ထားပြီး မိဘတွေနဲ့အတူဓာတ်ပုံရိုက်ခွင့်ရော ရပါတော့မလား….။ ကျောင်းကသူငယ်ချင်းတွေကိုရောဘယ်လို မျက်နှာပြရမလဲ…။ အင်ကြင်းဘဝမှာတစ်ခါမှားမိခဲ့ပါတယ်…။ အဲဒီအမှားကသေရာပါအမှား ဖြစ်ခဲ့လေတယ်လေ…။

ချစ်လွန်းလှပါတယ် ဆိုတဲ့ ဟိုလူလိမ် လူညာကိုလည်း မေတ္တာ အကြိမ်ကြိမ် ပို့မိတယ်လေ….။ အလွန် တုံးလွန်းတဲ့ အင်ကြင်းကိုယ် အင်ကြင်း လုံးဝ ခွင့်မလွတ်နိုင်ဘူးလေ…။ ငါ့အပြစ်နဲ့သာ ငါပဲလို့ တွေးမိ ပါတယ်….။ အခုမှတော့ မှားပါတယ်လို့နောင်တ မရချင်တော့ပါဘူး ဆရာရယ်…..။ အင်ကြင်းဘဝနဲ့ အင်ကြင်းသာ ရှိပါစေတော့လေ….။

ဒီ HIV ပိုးရှိနေလို့ အင်ကြင်းသေရမှာမကြောက်ပါဘူး…။ ဒီပိုးရှိလို့ လူအထင်သေးခံရမှာကိုလည်း မမှုတော့ပါဘူး။ ဒါပေမယ့် အင်ကြင်းတို့က မြန်မာမိန်းကလေးတွေလေ…။ ဒီလိုမျိုး ညီမငယ်လေးတွေဘဝ မဆုံးရှုံးပါစေနဲ့လို့သာ ဆုတောင်းပါတယ်..။ အချစ်ကို ကိုးကွယ်တန်ဖိုးထားတဲ့ မြန်မာ မိန်းကလေးတွေ အင်ကြင်းလို အချစ်ကိုယုံပြီး ဘဝကို ပုံမအပ်မိစေဖို့နဲ့ ဒီလို လူလိမ်လူညာတွေကို ဆန့်ကျင်ဖို့ အင်ကြင်းကတော့ ကြိုးစား သွားမှာပါဆရာ…။”

ထိုနေ့ ညနေကနှုတ်ဆက်ထွက်ခွာသွားတဲ့ အင်ကြင်းကိုငေးလျက်၊ တိုးတက်လာတဲ့ နည်းပညာနဲ့ အတူ လူမှုရေးပြဿနာတွေလည်း ပိုမိုရှုပ်ထွေး လာပါလားလို့သာတွေးရင်း ရုံးခန်းထဲမှာ ကျနော်ကျန်နေခဲ့ ပါတယ်…..။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top