ရန်ကုန်တိုင်းဒေသကြီးမှ AIDS ရောဂါအဆင့်သို့ ရောက်ရှိနေသော ဝေဒနာသည်များအနက် ဝေဒနာရှင် ၁၅ဝဝ ကျော်ကို ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်သည့်ဆေးဝါး များဖြင့် ယခုနှစ်အတွင်း ဟန့်တားကုသပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒီဇင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဝေဒနာသည် ၁၅၇၆၉ ဦးကို ပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ART ဆေးများ တိုက်ကျွေး၍ ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ် ဟန့်တားပေးနိုင်ခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ART ဆေးတိုက်ကျွေးခြင်း အစီအစဉ်များကို ၂ဝဝ၅ ခုနှစ်ကပင် စတင်ခဲ့ပြီး ယခုလက်ရှိတွင် ဆေးရုံပေါင်း ၃ဝ၌ ယင်းဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ART ဆေးတိုက်ကျွေးရန် လို အပ်သော လူနာဦးရေမှာ ၂ဝဝ၉ ခုနှစ်စာရင်းများအရ ၇၄ဝဝဝ နှင့် မိခင်မှသန္ဓေသားသို့ မကူးစက်နိုင်ရန် မိခင်ဦးရေ ၄၃ဝဝ ကို ART ဆေးတိုက်ကျွေးရန် လိုအပ်နေဆဲဖြစ်ကြောင်း HIV ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လတ်တလောကာလတွင် ART ဆေး ရရှိနိုင်မှု အနေအထားမှာ လူနာဦးရေအချို့နှင့် ချကြည့်ပါက ရေရှည်ကာလများအတွက် လုံလောက်မှုမရှိနိုင်သေးကြောင်း ဝေဒနာသည် ရာဂဏန်းအတွက်တစ်ပတ်စာ ဆေးလုံလောက်စွာ ရရှိရေး ကိုပင် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ကြောင်းHIV ဝေဒနာသည်များ ပြုစုစောင့်ရှောက်ရေးဂေဟာ ထူထောင်ထားသည့် မဖြူဖြူသင်းက ဆိုသည်။
လတ်တလော ကာလ မြန်မာနိုင်ငံ၏ HIV ရောဂါ ကူးစက်ခံရသည့် အခြေအနေများမှာ လျော့ကျလျက်ရှိပြီး ၂ဝဝဝ ပြည့်နှစ်က ကူးစက်ခံရသူ ဝ ဒသမ ၉၄ ရာခိုင်နှုန်းမှ ၂ဝဝ၉ ခုနှစ် နောက်ဆုံးစာရင်းများအရ ဝ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်းHIV ရောဂါတိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်လင်း
Popular News - ရန်ကုန်တိုင်းဒေသကြီးမှ အေ့စ်ဝေဒနာသည် ၁၅ဝဝ ကျော်အား ပိုးပွားမှု ဟန့်တားပေးနိုင်ခဲ့




