10
Dec

ရန်ကုန်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်း AIDS ဝေဒနာ ခံစားနေရဟုဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်းမှာ HIV/AIDS ရောဂါဝေဒနာ ခံစားနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အပြည်ပြည်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွင် မူးယစ်ဆေး ထိုးသွင်းသူ၏ ၅ ရာခိုင်နှုန်း၌ HIV Positive များအဖြစ် တွေ့ရှိရပါက ယင်းနယ်မြေကို HIV ထိန်းချုပ်မရသော အန္တရာယ်ရှိ နယ်မြေ သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တွင် မူးယစ်ဆေး သုံးစွဲမှုကြောင့် AIDS ရောဂါ ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်း ရှိသောကြောင့် အစိုးရ အနေနှင့် မည်သို့ ဆောင်ရွက်ရန် ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာညိုညိုသင်းက ပြည်တွင်း အခြေစိုက် ဆာဒါးအမည်ရှိ HIV/AIDS ရောဂါ ဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရေး အဖွဲ့၏ သုတေသန ပြုချက်အရ ရရှိလာသော အချက်အလက်ပေါ်တွင် အခြေပြု မေးမြန်းခြင်း ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။ “ဝန်ကြီးက ကျွန်မမေးတာကို သေချာ သဘောမပေါက်ဘူး ထင်တယ်၊ ပြန်ဖြေတာမှာ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက မြန်မာနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်မှုနှုန်း ၀ ဒသမ ၄၇ ရာခိုင်နှုန်းသာ ရှိပြီး သတ်မှတ်ထားသည့် ဆေးရုံကြီးများတွင် ကုသပေးနေကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး ညီလာခံတွင် မူးယစ်ဆေး သုံးစွဲ၍ ရောဂါ ကူးစက်ခံနေရသူ များကို ပြစ်မှုဆိုင်ရာ ဥပဒေထက် လူနာအဖြစ် သတ်မှတ်ပေးရန် တောင်းဆို ထားကြောင်း ဒေါ်ညိုညိုသင်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ညီလာခံကို နိုဝင်ဘာလ တတိယပတ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် ၁၇ ဦး အပါအဝင် အတိုက်အခံ ပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ဒေါ်ဖြူဖြူသင်းနှင့် ဒေါက်တာညိုညိုသင်းတို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အကြောတွင်း မူးယစ်ဆေး ထိုးသွင်း သုံးစွဲမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၉၀ ရာခိုင်နှုန်းနှင့် လားရှိုးမြို့တွင် ၇၈ ရာခိုင်နှုန်း HIV/AIDS ရောဂါ ကူးစက်ခံနေရကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

The Voice Weeekly - ရန်ကုန်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်း AIDS ဝေဒနာ ခံစားနေရဟုဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top