မြန်မာနိုင်ငံ ဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံး အကြိမ် အွန်လိုင်းမှ ပို့ချသည့် HIV ဆိုင်ရာ သင်တန်း စာမေးပွဲ အောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်း လက်မှတ် ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ခဲ့ သည်ဟု ဒေါက်တာမြင့်ဦးက သင်တန်းဆင်း လက်မှတ် ပေးအပ်သည့် အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ MMA အသင်းတိုက်တွင် ပြောပြသည်။
“ကုသရေးက အဓိက ပါတယ်။ ပျောက်ကင်းတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့က ထိန်းတယ်၊ ကုတယ်၊ ပေါ်ပေါက်လာတဲ့ ရောဂါတွေကို တားတယ်။ တီဘီ ပေါ်လာရင် ပျောက်ကင်းအောင် ကုတယ်။ ကိုယ်ခံအားကျဆင်းရင် ပြန်မြင့်အောင် လုပ်တယ်” ဟု ဒေါက်တာမြင့်ဦးက ရှင်းပြသည်။ HIV/AIDS အဖြစ် အများဆုံးသော နိုင်ငံများတွင် ကုသမှုနှင့် ဆေးသုတေသန လုပ်ကိုင်နေသူ ပါမောက္ခများက ပို့ချ ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
MMA ၏ သတင်း ထုတ်ပြန်ချက် တစ်ခုတွင်လည်း အင်တာနက် အခြေပြု သင်တန်းနှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ဦး၏ အသေးစိတ် ပြောဆို ချက်များကို အောက်ပါ အတိုင်း တွေ့ရှိရသည်။ ” ၀ါရှင်တန် တက္ကသိုလ် ရဲ့ campus စာသင်ခန်းထဲမှာ သင်ကြားနေတာကို ကျွန်တော်တို့ဆီကနေ webinar (အင်တာနက် စာသင်ခန်းမ) နဲ့ ချိတ်ဆက်ပြီး သင်ယူရပါတယ်။
သူတို့ဆီမှာ မနက် ၈နာရီက ကျွန်တော်တို့ ဆီမှာက ည ၁၀ နာရီခွဲ ဖြစ်နေတယ်။ ဒီတော့ သူတို့ဆီက စာသင်အပြီး ၀က်ဆိုက်ပေါ် လွင့်တင်ပေး လိုက်တာကို ကျွန်တော်တို့ ဆီကနေ ဒေါင်းလုတ်ဆွဲပြီး ဗီစီဒီ ခုတ်ရတယ်။ နောက်နေ့ နေ့လည်ကျမှ ရန်ကုန် သင်တန်းသားတွေကို ဒီဗီဒီ တစ်ချပ်စီ ဖြန့်ဝေပေးပြီး ဆရာဝန် အသင်းတိုက်မှာ အွန်လိုင်းနဲ့ စာသင်ကြရတာပါ။ တစ်ရက်ကို ၁ နာရီကျော်ကြာတဲ့ လက်ချာ ၂ ခုစီ တက်ရတယ်။
မြန်မာနိုင်ငံမှာ ရှိနေ တဲ့ HIV သင်ကြားမှု ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာ ဖြစ်ပါတယ်။ ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board ပေါ်မှာ ဖြေကြားပေးပါတယ်။ Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။ တစ်ပတ်ကို ၁၂ နာရီကျော် ကြာအောင် လေ့လာသင်ယူချိန်ပေးခဲ့ရပြီး အပတ်စဉ် စာမေးပွဲလည်း ဖြေဆိုရပါတယ်။
ကိုယ်ပိုင် password နဲ့ တစ်ဦးချင်းစီ ဖြေဆိုရ တာဖြစ်ပြီး အောင်မှတ် ၈၀ ရာနှုန်းကျော်တဲ့ သူတွေကို ၀ါရှင်တန် တက္ကသိုလ်က ပါမောက္ခ ၃ ဦး ကိုယ်တိုင် လက်မှတ်ရေး ထိုးထားတဲ့ အောင်လက်မှတ်တွေကို အမြန်ချောပို့ စနစ်နဲ့ ပို့ပေးလိုက်တာ ဖြစ်ပါတယ်။
မိုးမခ - ရန်ကုန်မှ ဆရာဝန်များ University of Washington သင်တန်းကို အွန်လိုင်းကနေ တက်ရောက်အောင်မြင်




