ရန်ကုန်
တစ်ခုသော World AIDS Day ဒီဇင်ဘာ ၁ မှာ သူငယ်ချင်းတွေ စုပြီး အင်းလျား ကန်ဘောင်ပေါ်တက်
တွေ့သမျှ လူကို ပညာပေး စာစောင်နဲ့ ကွန်ဒုံးတွေ ဝေကြတယ်။
ဝေတယ်ဆိုမှတော့ ယူသွားကြတာ များတယ်။ တချို့လည်း ဘာမှန်းမသိ ယူပြီးမှ
တ၀ါးဝါးနဲ့ ရယ်သွားကြတယ်။ တချို့လည်း ပြုံးစိစိနဲ့ ယူသွားကြတယ်။ ပေးသူယူသူ ကြည်ဖြူတော့
အားလုံး ပျော်ကြရတယ်။
HIV/
AIDS အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုမှာ ကွန်ဒုံးတွေ
လက်ဆောင်ပေးတယ်။ သစ်သီး၊ ချောကလက် အနံ့တွေနဲ့ လုပ်ထားတယ် ဆိုတာ အဖြူရောင် အခွံပေါ်မှာ
ရေးထားတယ်။ အိတ်ထဲမှာ ကွန်ဒုံးတွေ ထည့်ထားပြီး Junction 8 ကိုဝင်ကြတယ်။ အ၀င်ဝ စစ်ဆေးရေးက အိတ်ကို ဖွင့်စစ်တော့ မျက်နှာ
တော်တော်ပူသွားတယ်။ ငါ့ကို ဘယ်လို ထင်မလဲ။ ဒီလောက် အများကြီး ထည့်လာတာ။ သင်တန်းက ပေးလိုက်တာလို့
ပြောရင် ကောင်းမလား။
အို... ဒါကျန်းမာရေး ပစ္စည်းပဲ ကြည့်ပစေ စစ်ပစေဆိုပြီး ကိုယ့်ကိုယ်ကို
အားပေး လိုက်ရတယ်။ ဆူးလေကနေ ရန်ကင်းဘက်မှာရှိတဲ့ NGO တစ်ခုကို ဘတ်စ်ကားစီးပြီး သွားတယ်။ နေ့ခင်း ၁၂ နာရီဆိုတော့
နေက အရမ်းပူချွေးကထွက်၊ ဒါနဲ့ အိတ်ထဲက လက်ကိုင်ပ၀ါကို အမြန် ဆွဲထုတ်လိုက်တာ ထောက်ဆို
လက်ကိုင် ပ၀ါနဲ့ အတူ ကွန်ဒုံး တစ်ခု ထွက်ကျလာတယ်။ ဘတ်စ်ကား ပေါ်မှာ၊ ပြီးတော့ ရှေ့တည့်တည့်
ထိုင်ခုံမှာ ရွယ်တူ မိန်းကလေးနှစ်ဦး။ ဘာလုပ်ရမှန်း မသိ ပျာသွားတယ်။
ဒီမိန်းကလေး နှစ်ဦးက ကွန်ဒုံးဆိုတာ သိချင်လည်းသိမယ်၊ သိချင်မှလည်းသိမယ်။
ကဲ... သိလည်း သိပစေ၊ မထူးပါဘူးဆိုပြီး ပြန်ကောက်ထည့် မှင်သေသေနဲ့ ကားအတူစီးခဲ့ကြတယ်။
နောက်ပိုင်းလူတွေ တက်တာများလာပြီး ကြားက လာရပ်တဲ့အတွက် စိတ်သက်သာရာရခဲ့တယ်။
မိန်းကလေး သူငယ်ချင်းတချို့ ကွန်ဒုံးကိုဖြတ် ထိပ်က ကွင်းလေးကိုပဲ သီးသန့်ယူပြီး အရေးပေါ်
ခေါင်းစည်းကြိုး လုပ်ကြတယ်။ ပြီးရင် အဲဒီကွန်ဒုံး အပျက်စကို ယောကျာ်းလေး သူငယ်ချင်းရဲ့
ဘေးအိတ်ထဲ မသိမသာ ခိုးထည့်ပေး၊ ချစ်သောသူတွေ့ ပြဿနာ တက်စေပေါ့။ ပညာပေး
အလုပ် လုပ်နေသူတွေ ဆိုတော့ ကွန်ဒုံးနှင့် တရင်းတနှီး ရှိလှတယ်။
ဟာသ
လူပြောသူပြောများတဲ့ ကွန်ဒုံးနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု။ HIV
လို့ ထင်ပေါ်ခါစ ၁၉၈၀ ၀န်းကျင်၊ HIV
ရှိတဲ့ လူတစ်ဦး လေယာဉ်ကို ပြန်ပေးဆွဲတယ်။ လက်တစ်ဖက်မှာ ရှိတဲ့
ဘလိတ်ဓားနဲ့ လက်ဖျံသွေးကို ဖောက်ပြီး ငါ့မှာ HIV ရှိတယ်။ အနားမကပ်နဲ့ လေယာဉ်ကို အပိုင်စီးလိုက်ပြီ။ အားလုံး ဟင်၊
ဟာနဲ့ ထိတ်လန့် တုန်လှုပ်ပြီး ဘယ်သူမှ မလှုပ်ရဲဘူး။ ဒီအချိန်မှာ ရေအိမ်ထဲက ထွက်လာတဲ့
လူတစ်ယောက်က အတင်းဝင်လုံးပြီး ဖမ်းဆီးလိုက်တယ်။ သူရဲကောင်းကို အားလုံးက လက်ခုပ်တီး အားပေးကြတယ်။
မေးခွန်းတွေ မေးကြတယ်။
“သူ့မှာHIV ရှိတာ နင် မကြားဘူးလား၊ မကြောက်ဘူးလား”
“ကြားပါတယ်၊ မကြောက်ပါဘူး၊ ရေအိမ်ထဲမှာ ကတည်းက ကွန်ဒုံးစွပ်ပြီး
ဝင်ဖမ်းတာပဲ၊ အန္တရာယ် မရှိတော့ဘူး ပေါ့ဗျာ”
ရုပ်ရှင်
“Americans
Were Wolf in Paris” ကောင်လေးက သူ နှစ်သက်တဲ့
ကောင်မလေးနဲ့ စားသောက်ဆိုင် တစ်ခုမှာ ချိန်းတယ်။ နှစ်ယောက်စလုံး ရိုးရိုးသားသား တွေ့ဆုံ
စကားပြောဖို့၊ ဒီလောက်ပဲ။ ဒါကို သူငယ်ချင်းတွေက မြှောက်ပေးပြီး ကောင်လေး အိတ်ထဲ ကွန်ဒုံး
ထည့်ပေးလိုက်တယ်။ စားရင်းသောက်ရင်း စကားပြောရင်း ရှေ့ကို ကုန်းလိုက်တာ ကွန်ဒုံးက နှစ်ယောက်ကြား
ကျလာတယ်။ ကောင်မလေး မျက်နှာတင်းသွားတယ်။
“ဒါ ဘာလဲ” ကောင်လေးက မျက်နှာ အပျက်ကြီး ပျက်ပြီး
“ပီ... ပီကေပါ” ကောင်မလေးက မျက်ခုံးပင့်ပြီး
“ဒါဆို ၀ါးပြ” ကောင်လေးက ကွန်ဒုံးကိုဖောက်
ပါးစပ်ထဲ ထည့်ဝါးပြရတယ်။
“မှုတ်ပြဦး” ကောင်မလေးက ကောင်းကောင်း ပညာပေးနေတယ်။ ၀ါးတာကိုရပ် ဘောလုံး
မှုတ်သလို မှုတ်ပြတယ်။ မှုတ်ရင်းနဲ့ လေလုံးကြီးလာပြီး ပါးစပ်က လွတ်ထွက် လေထဲ ပျံပြီးတော့
ကိုကိုကြီး တစ်ယောက်ရဲ့ အရက်ခွက်ထဲ “ဇွပ်” ဆိုကျသွားတယ်။ ကောင်မလေး ထပြန်။ ကောင်လေး လိုက်တောင်းပန်ဖို့
ကြိုးစား။ ကိုကိုကြီးက ကောင်လေး ကုပ်ဆွဲ ဆိုင်ပြင် ကန်ထုတ်လိုက်တယ်။
ဘန်ကောက်
ဘန်ကောက် Big C ကုန်တိုက်မှာ စားသောက်ပြီး ရေအိမ်ဝင်တော့ ပုံးတစ်ပုံး တွေ့တယ်။
ပုံးမှာ ရေးထားတဲ့ အင်္ဂလိပ်စာကို စိတ်ဝင်တစား ဖတ်ကြည့်တော့ ၁၀ ဘတ် အကြွေစေ့ ထည့်ပါ။
ကွန်ဒုံး ၂ ခုရမည်။ အကြွေစေ့ ထည့်ကြည့်တယ်။ “ချလွင် ဂျောက်... ဒေါက်” လက်နှစ်လုံး သာသာ ဘူးကလေး အောက်ပေါက်က ထွက်လာ။ စတော်ဘယ်ရီနဲ့
ငှက်ပျောသီး တံဆိပ်။
Jusco
ဆိုတဲ့ ၂၄ နာရီဖွင့် စတိုးဆိုင်ကြီးကို ရောက်တယ်။ ရေအိမ်ထဲသွား
လေ့လာတယ်။ ကျား၊ မ အ၀င်လမ်းဆုံမှာ အထက်ကလို ကွန်ဒုံးပုံး ၂ ပုံးအပြင် ထူးထူးခြားခြား
နောက် ၁ ပုံးကတော့ Pregnancy Test ကိုယ်ဝန် ရှိ မရှိ စစ်ဆေးနိုင်သည်။ ဈေးနှုန်း ဖတ်လိုက်တော့ ဘတ်
၆၀။ “ချလွင်.. ဂျောက်” မလုပ်ဘဲ “ဖျတ်”ဆို ဓာတ်ပုံ ရိုက်ခဲ့တယ်။
ဘယ်နေရာ ရောက်ရောက် ဆဲဗင်း အလယ်ဗင်း (၇။ ၁၁) စတိုးနဲ့ မလွတ်ဘူး။
၂၄ နာရီ ဖွင့်တယ်။ စီးကရက် ၀င်ရှာဝယ်တယ်။ မတွေ့ဘူး။ ဒါနဲ့ ကောင်တာ သွားမေးတော့မှ အရောင်း
စာရေးက နောက်က အဖုံးတစ်ခုကို ဆွဲတင်လိုက်တယ်။ စီးကရက်ဘူးတွေ အစီအရီ။ လက်ထဲ ရောက်လာတော့
ဘူးခွံပေါ်မှာ အာခံတွင်း ကင်ဆာပုံကြီးကို အော်ဂလီဆန်စွာ တွေ့ရတယ်။ စီးကရက်ဘူးကို ပြမရောင်းပါလား။
ကောင်တာဘေး ကြည့်လိုက်တော့ ထင်ထင်ရှားရှား မြင်သာထင်သာနဲ့ ကွန်ဒုံးဘူးတွေ
အစီအရီ။ နာမည်ကြီး တစ်ခုတည်းသော စားသောက်ဆိုင် Mr.Condom. စားပွဲ မှန်အောက်မှာ ကွန်ဒုံးတွေက ပန်းပွင့်တွေလို အရောင်အသွေး
အစုံ။ လူရုပ်တွေမှာ အ၀တ်အစားက ကွန်ဒုံး အင်္ကျီ ဘောင်းဘီတွေ။ ဆိုင်ကအထွက် အပေါက်ဝက ပုံးသေးသေးမှာရေးထားတာ
“ခွင့်လွတ်ပါ လူကြီးမင်း၊ ကျွန်တော်တို့ ဆိုင်မှာ ပူရှိန်း ငုံဆေးပြား
ကုန်နေပါသည်။
၎င်းအစား “ကွန်ဒုံးကိုသာ စိတ်ကြိုက်နှိုက်ယူသွားပ”
ပူရှိန်းလေးငုံရရင်တော့ အစပ်ပြေမှာ။ ဒါပေမယ့် ကွန်ဒုံးပဲ နှိုက်ခဲ့ပါတယ်။
လည်တယ် ပတ်တယ်။ အိပ်ဆောင်ရောက်တော့ မောမောနှင့် အိပ်ပျော်သွားခဲ့။ အိပ်ပျော်ရင်း အိပ်မက်
မက်တယ်။ အိပ်မက်ကို ချလွင် ဂျောက် လုပ်ကြည့်တဲ့ အခါ ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..
ဒေါက်.. (ဒေါက်..အသံဆုံး မရှိ ဆက်ကြားရ၏)။
မြင့်မြတ်နိုင်
ဆယ်ကျော်သက် မဂ္ဂဇင်း -
ရန်ကုန်၊ ဟာသ၊ ရုပ်ရှင်၊ ဘန်ကောက်




