9
Jul

ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမားကျယ်ပြန့်လာ



ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာဈေးကွက်သည် တစထက်တစ ပိုမိုကြီးမားလာနေပြီး
ပြည့်တန်ဆာလုပ်သူများ ပိုမိုများပြားလျက်ရှိသည်။
မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ် အဆောက်အအုံ၌
ရွှေမြို့တော် အအေးခန်း ဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့်
လပ်ကီး အနှိပ်ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။

 

ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်
အစရှိသည့် နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး
ပျော်ပါးလိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား
ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက
ပြောသည်။
၎င်းက အဲလိုဆိုင်တွေမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေက (၁၀၀) လောက်ရှိတယ်၊
ပြည့်တန်ဆာထိန်း (ခေါင်း) က အယောက် (၃၀) လောက်ရှိတယ်။ လာခေါ်တဲ့ ဧည့်သည်များရင်
များသလို ဈေးသည်တွေရော သူတို့ကို လိုက်ပို့ပေးရတဲ့ အငှားယာဉ် သမားတွေရော
အရမ်းအလုပ်ဖြစ်ကြတယ်
ဟု
ပြောသည်။

 

တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊
ဒုစရိုက်နှိမ်နင်းရေးအပါအ၀င် လုံခြုံရေး အဖွဲ့အစည်းများအား ပြည့်တန်ဆာထိန်းများ က
သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေး ပေးဆောင်ကြရကြောင်း၊ တည
လိုင်းကြေးစုစုပေါင်း (၁) သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။

 

နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက် လုပ်ကိုင်ကြသည့်
အမျိုးသမီးများ၊ ၂၀၀၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်
ပိတ်သိမ်းလိုက်ရသော စက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့်
မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာ ဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့်များလာကြောင်း အဆိုပါ
ပြည့်တန်ဆာထိန်း လူငယ်က ပြောသည်။

 

မင်္ဂလာတောင်ညွန့် ရပ်ကွက်အတွင်း နေထိုင်သူတဦးက ညနေ (၆) နာရီကျော် (၇) နာရီဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ
လမ်းတောင် ဖြတ်မလျှောက် ရဲလောက်အောင် အရှက်နည်းတဲ့ မြင်ကွင်းတွေ တွေ့နေရတယ်
ဟု ပြောသည်။ နေ့လယ်ဘက် ရောင်းချသော အထည်ဆိုင်ရှင်တဦးကမူ နေ့လုံခြုံရေး၊
ညလုံခြုံရေးများ ရှိနေသည့်ကြားမှ ဈေးတာဝန်ခံ ရုံးအနီး၌ ယခုကဲ့သို့
ပြည့်တန်ဆာဈေးကွက် ကြီးမားနေခြင်းဖြစ်သည်ဟု ပြောသည်။

 

၎င်းက ရန်ကုန်မြို့ရဲ့ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေတဲ့
ဒီလိုဈေးကွက်ကို နှိမ်နင်းနိုင်မယ့် အာဏာပိုင် အဖွဲ့အစည်း မရှိတာဟာ
တရားရေး အားနည်းတဲ့ ပြရုပ်တခုပဲ
ဟု ဝေဖန်သည်။ အဆိုပါ မင်္ဂလာဈေး အောက်ဘက်မှ ပြည့်တန်ဆာဈေးကွက်နှင့်
ကမ်းနားလမ်း (ယခင် ၆ ထပ်ရုံး) အောက်ဘက်ရှိ ပြည်တွင်းသုံး ငွေချင်း ဖလှယ်သည့်
ဈေးကွက်တို့မှာ ရန်ကုန်မြို့၏ထင်ရှားသည့် တရားမ၀င် မှောင်ခိုဈေးကွက်တို့ဖြစ်သည်။



ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက်
ကြီးမားကျယ်ပြန့်လာ(ခေတ်ပြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top