မြန်မာနိုင်ငံ၌ အသက်(၁၀)နှစ်နှင့်(၁၄)နှစ်အရွယ် HIV ရောဂါကူးစက်နေသည့် ကလေးဦးရေမှာ (၃)နှစ်အတွင်း တိုးပွားနေကြောင်းနှင့် ရောဂါကူးစက်ခံ ယောက်ျားလေးနှင့်မိန်းကလေးငယ်ဦးရေမှာ အတူတူပင် ဖြစ်ကြောင်းလည်း ယူနီဆက်(မြန်မာ)မှသိရသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း HIV ရောဂါကူးစက်ခံကလေးများ တိုးပွားလာခြင်းဖြစ်ပြီး အဆိုပါ ရောဂါကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးဦးရေမှာလည်း တိုးတက်များပြားလာကြောင်းနှင့် ကလေး အသက်အရွယ် အုပ်စုအားလုံး ရှိ ရောဂါကူးစက်ခံနေရသူ ယောက်ျားလေးနှင့် မိန်းကလေးဦးရေမှာ အတူတူပင် ဖြစ်ကြောင်းကိုလည်း သိရသည်။
“မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ HIV ရောဂါကူးစက်ခံနေရမှုရဲ့ အနီးကပ်ဆုံး အကြောင်းအရင်း သုံးခုရှိပါတယ်။ (၁)ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးခြင်း၊ (၂)အန္တရာယ်မြင့်မားတဲ့ အမူအကျင့်၊ (၃) ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မူ အသိပညာအားနည်းခြင်းများကြောင့် အများဆုံး ကူးစက် ခံနေရတယ်။” ဟု ကျန်းမာရေး စီမံကိန်းဦးစီးဌာန ဒုညွှန်ကြားရေး မှူးချုပ်(ငြိမ်း) အကြံပေး အရာရှိ ဒေါက်တာ ဘုန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် မိခင်မှသန္ဓေသားသို့ ရောဂါကူးစက်မူမှ ကာကွယ်သည့် ပညာပေးအစီအစဉ်များအား ကျယ်ပြန့်စွာ ဆောင် ရွက်နိုင်ခြင်းကြောင့် အမျိုးသမီးများ၏သုံးပုံနှစ်ပုံနီးပါးမှာ မိခင်မှ သန္ဓေသားသို့ ရောဂါ ကူးစက်ပုံ နည်းလမ်း(၃)မျိုးစလုံးကို သိရှိနေကြသော်လည်း လက်တွေ့တွင် လိုက်နာကျင့်သုံးမှု၊ အသုံးချမှု အားနည်းခြင်းများကြောင့် မိခင်မှ HIVကူးစက်သည့် ကလေးမှာ ပိုမိုများပြားလျှက် ရှိနေ ခြင်းဖြစ်ကြောင်း ကျန်းမာရေး စီမံကိန်း ဦးစီးဌာနက ဆိုသည်။
မြန်မာနိုင်ငံရှိ HIVကူးစက်ခံနေရသည့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းများရရှိရန် ယူနီဆက်(မြန်မာ)နှင့်ကျန်းမာရေးနှင့် စီမံကိန်း ဦးစီးဌာနတို့မှ ပူးပေါင်းကာ နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်များ HIV ရောဂါကူးစက်မူနူန်း ကျဆင်းရန်အတွက် ကလေး သူငယ်များအား ပိုမို အလေးထားရန် လိုအပ်ကြောင်း၊ အသက်(၁၀)နှစ်နှင့် (၁၄) နှစ်အရွယ်များ အတွက် ကူးစက်မူ လျှောနည်းစေရေး အတွက် အလေးထားဆောင်ရွက်သင့်ကြောင်း၊ မိခင်မှ သန္ဓေသားသို့ ရောဂါ ကူးစက်မှုမှ ကာကွယ်မှုကို လက်လှမ်းမီသလောက် အရည်အသွေး တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်နိုင် ရန်အတွက် စသည့် အချက် များအား နိုင်ငံတော်အစိုးရထံ တင်ပြသွားမည်ဟု မြန်မာနိုင်ငံကလေးသူငယ်များ အခြေအနေ သုံးသပ်ချက်အစီခံစာမှ သိရသည်။
မြန်မာနိုင်ငံရှိ ကျန်းမာရေး စီမံကိန်းများ၌ ကိုယ်ခံအားကျဆင်းမူ ကူးစက်ရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါများကို ဦးစားပေး ရောဂါ များ အဖြစ် သတ်မှတ်၍ ထိရောက်စွာ ကုသနေသော်လည်း HIV ရောဂါ ခံစားနေရသည့် ကလေးသူငယ်များအတွက်မူ ကာကွယ်စောင့်ရှောက် မှု အားနည်းနေသေး ကြောင်း ယူနီဆက်(မြန်မာ) က ဆိုသည်။
၂၀၀၉ ခုနှစ်က မြန်မာနိုင်တွင် အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၄၆၅၀) ဦးတွင် ရောဂါပိုး တွေ့ရှိရပြီး ၄င်းတို့၏ ထက်ဝက်မှာ အသက်(၅)နှစ်အောက်များ ဖြစ်သည်ဟု ယူနီဆက်(မြန်မာ)မှ ကောက်ယူသည့် စစ်တမ်းများအရ သိရသည်။
မြစ်မခ - လက်တွေ့ လိုက်နာမှု အားနည်းသည့် မိဘများကြောင့် HIV ရောဂါ ကူးစက်ခံ ကလေးများ တိုးပွားနေ




