2
Sep

လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀ တေးသံများ (Ugly Songs on the Rangoon Streets)



ထောင်ဘူးဝ
တံခါးကနေ အပြင်ကို ခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး
အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။

“လွတ်လူ ခေါ်တာနဲ့
အင်္ကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမ ပြင်ဆင်ချိန်
ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင်ပေးတဲ့ သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ
ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ ကျမလို ဘ၀တူတွေကို နည်းနည်း ဝေပေးလိုက်တယ်။
နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီး လမ်းစရိတ်လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ်”
လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလ ကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးက ပြောပါတယ်။
ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲ ဖြစ်ပါတယ်။

လက်ထဲမှ
အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လို ဘ၀တူ သူငယ်ချင်းတွေနဲ့ အတူ စုငှားနေတဲ့
ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို
အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေအတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက
ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။

“မနက်ပိုင်းကနေ
နေ့လည်အထိ အိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်
တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေက ရဲကို ပိုက်ဆံပေးပြီးသားလေ။ ကျမတို့ဘ၀က
ဒီလိုပဲ ရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံး ကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ”
လို့ မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေး စပ်တဲ့ မသီတာက ပြောပြပါတယ်။

ကုန်တင်ကားမောင်းတဲ့
ဖခင်ကြောင့် ငယ်ငယ်က ပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေထောက် ဖြတ်လိုက်ရချိန်မှာတော့
အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ် ၀င်လုပ်ရာက ဒီပြည့်တန်ဆာ
အလုပ်မှာ ကျင်လည်ခဲ့ရတာလို့ သူက ပြောပါတယ်။

“အမေက
အညာက အဖေနဲ့ အိမ်ထောင်ကျပြီး မြို့ကို ရောက်လာတာ။ ပထမတော့ အညာ ပြန်မလား စဉ်းစားသေးတယ်။
ကျမတို့က မြို့မှာပဲ ကြီးလာတော့ နယ်ကအလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက
လဖ္ဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။ နောက် သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက်
မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့
ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ် သွားတာပေါ့” လို့
သွားလေးပေါ်အောင် ရီရင်း မသီတာက ပြောပြ ခဲ့ပါတယ်။

သာမန်ဘွဲ့ရ
မိန်းကလေး ငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေတဲ့ ဒီနေ့ကာလမှာ လူနေမှု
စရိတ်ကြီးမြင့်တာ၊ ငွေရှာရ ခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရ လွယ်ခြင်းနဲ့
လဲလှယ်ဖို့ နာရီမိနစ်နဲ့အမျှ တွန်းအားပေးနေသလို ပါပဲ။

အဲဒီလိုခက်ခဲတဲ့
စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့
အနှိပ်ခန်းမှာ လုပ်ဖို့ လူခေါ်ပေးတဲ့ ပွဲစားတွေက စည်းရုံး ခေါ်ဆောင်ရာနောက် တဖြည်းဖြည်း
ပါသွားကြတာကို မြင်တွေ့ နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့
မိန်းကလေးတွေက ပြောပြပါတယ်။

လွန်ခဲ့တဲ့
နှစ်တွေအတွင်းမှာ ကာရာအိုကေခန်း၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ
သိသာစွာ တိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာ
ရှိနေတာလည်း မြင်တွေ့ သိရှိ နေရပါတယ်။ ဒီလုပ်ငန်းတွေကို နယ်မြေ တာဝန်ရှိသူများ ကိုယ်တိုင်
လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊
ကာရာအိုကေခန်း တွေဆီ တဖွဲဖွဲ ရောက်ရှိ လာနေတာ ကြားရ မြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး
အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီ ရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။
ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါး နှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်း အရေအတွက်ဟာ ၅
ဆမှ ဆယ်ဆ ၀န်းကျင်အထိ တိုးပွား လာခဲ့တာပါ။ ရန်ကုန် တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျ
မရပေမယ့်လို့ မြို့နယ် တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများ အရ အထက်က အဆလောက်
တိုးပွားလာနေတယ် ဆိုတာကို ပြဆိုနေတာပါ။

ဥပမာအားဖြင့်
ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတား မြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်
ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစား လုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။

အနှိပ်ခန်းတွေ
တိုးပွားလာတာနဲ့ အမျှ လိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ
ရှာဖွေခေါ်ယူ လာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ စားဝတ်နေရေး
ကြပ်တည်းခြင်းကြောင့် ၀န်ထမ်း ရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲ မရှိဘူးလို့ အနှိပ်ခန်း
ပိုင်ရှင်တွေက ပြောပါတယ်။

စားဝတ်နေရေးကြောင့်
ဒီဘ၀ကို မတတ်သာပဲ ရောက်ရှိခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့
ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်
တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်း သွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။

“ကျမတို့က
ပဲခူးဘက်ကပါ။ အရင်ကတော့ မိဘတွေက မုန့်ဖို ထောက်တယ်။ နောက် စီးပွားကျလာတော့ ကျမတို့
သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ် လိုတာကိုရှာရင်း ဒီအလုပ်လုပ် ဖြစ်ခဲ့တယ်။
ရောဂါ ရှိ၊ မရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်း မစစ်ချင်ဘူးလေ။ သိနေရင် ကျမ စိတ်ဆင်းရဲမှာ။
မခံနိုင်ဘူး။ အခုတော့ ထောင်ထဲတစ်ခေါက် ရောက်တော့ တစ်နှစ် သမားတွေ ဆေးစစ်ရမယ်ဆိုလို့
စစ်ကြည့်မှ ရောဂါရှိတာ သိတယ်။ ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ပါဘူး။
တတ်နိုင်သလောက် မေ့ထားတယ်” လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲက သပွတ်တံနဲ့ မြေကြီးကို
ဝှက်ခြစ် လိုက်ပါတယ်။ ပြီးတော့ သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့
သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့ စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင် နားမှာတင် ဆံပင်ဝယ်တဲ့
ဆိုင်တွေရှိတယ်လို့ ပြောပါတယ်။

ထောင်က
ထုတ်ပေးတဲ့ ချည်သားအင်္ကျီ အဖြူရောင် ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့  အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က
အပြင်လောကမှာ ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီ ကွာတယ်လို့ သူမက ဖွင့်ဟပါတယ်။

ဒီအထဲမှာတော့
နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စတွေကို လုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့
သူမတို့အတွက် တနေ့တာ ၀မ်းစာကို ရှာဖွေ စားသောက် နေရလေ့ ရှိပါတယ်။ အနှိပ်ခန်း အမည်ခံတဲ့
အခန်းတွေကလာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ် သုံးထုပ်နဲ့
သဲမာတို့ထက် အလုပ်ဖြစ်တာတော့ အမှန်ပါ။

“နာဂစ်ဖြစ်ပြီးနောက်ပိုင်း
စီမံချက်ဆိုပြီး ဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေ ပါလာတယ်။ ရုပ်ကလေးတွေက
တော်တော် သနားကမား တွေပါတယ်။ ရောဂါလည်း မရသေးဘူး။ ဒါပေမဲ့ သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း
ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀ နှစ်မှာ အများဆုံး တွေ့ရတဲ့ မျက်နှာတွေက
ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မ တွေပဲ။ စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင်
ရတဲ့ လစာနဲ့ မလောက်တာ ဘာမှ လုပ်မပေး နိုင်ဘူးလေ” လို့ အင်းစိန်ထောင်မှ အမျိုးသမီး ထောင်ဝန်ထမ်းက
ပြောပြ ပါတယ်။

ဝေါကနည်း
ရွာချလိုက်တဲ့ မိုးကို မျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့
မသီတာက “မိုးရွာတဲ့ မိုးတွင်းက ကျမတို့လို့ လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။
ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ ဈေးကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း
အထက်မှာ ရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်း ရှောင်ရ သေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့
ခေါ်တဲ့ ရဲသတင်းပေး တွေပဲ။ တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။
သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်
ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင် လိုက်သွားမယ်” လို့ သူမရဲ့ ဈေးကွက် အခြေအနေကို
ရှင်းပြ ခဲ့ပါတယ်။

အခြားသော ရန်သူမျိုးတပါး

မသီတာတို့လို
မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေ ဇိမ်ခေါင်း တွေပါ။
နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက် ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့
သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့ သူတွေကို ရဲကို အသာလက်တို့ပြီး ဖြေရှင်းလေ့ ရှိကြတယ်လို့
ပြောပြ ပါတယ်။

တရားရုံးရောက်ရင်
တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့
ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င် ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြား
ဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေးကို မှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောက
က နာမယ်ပေးထားတဲ့ လုပ်သက် ၈ နှစ်မျှ ရှိသူက ပြောပြပါတယ်။

ဗုဒ္ဓဘာသာ
ဝင်တွေအဖို့  ရန်သူမျိုး ငါးပါး ရှိတယ်ဆိုတာ
ငယ်စဉ်ကတည်းက သင်ကြား မှတ်ယူ လာခဲ့ကြတာပါ။ မင်းဆိုးတာလည်း ရန်သူမျိုး တစ်ပါးထဲမှာ ပါဝင်ပါတယ်။
အုပ်ချုပ်သူ မင်းဟာ ရန်သူမျိုး တစ်ပါး ဖြစ်တယ်ဆို မသီတာတို့ အတွက်တော့ ရဲဟာ အဲဒီ ရန်သူပါပဲ။
ရန်သူကို တည့်အောင် ပေါင်းသင့်တဲ့အခါ ပေါင်း၊ ပူဇော်သင့်တဲ့အခါ ပူဇော်လုပ်ပေမယ့် တခါတခါလည်း
သူတို့ကြောင့် ဒုက္ခ ကောင်းကောင်း ရောက်ရတာလည်း ရှိပါတယ်။

“ဒီလိုအလုပ်
ဒီလိုဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ လူက ရှိတော့ ရှိမယ်။ ဒါပေမဲ့ ရှားပါ လိမ့်မယ်။
ကိုယ့်ဘ၀ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ဒီအလုပ်ကို လုပ်ရပေမဲ့ ကျမ ဘယ်တော့မှ ကာမေသု
မိစ္ဆာစာရကံကို မကျူးလွန်ဘူး။ အလုပ်အရ ခဏတာ ပေါင်းရပေမဲ့ ကိုယ်နဲ့ အမြဲပေါင်းဖို့ ဘယ်တော့မှ
မမြူဆွယ်ဘူး။ အဲဒါ ကျမတို့ လုပ်နိုင်တဲ့ တပါးသီလပဲ” လို့ ပြောရင်း သူမကို လာခေါ်တဲ့
ဖောက်သည် ဆိုက်ကားပေါ် မသီတာ တက်ထိုင်ရင်း ပါသွား ပါတော့တယ်။

မိုးနှင်းရည်

01
September 2010

မိုးမခ
- လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀ တေးသံများ (Ugly Songs on the Rangoon Streets)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top