25
Feb

လာလေ၊ အတူ သွားကြစို့



ဘယ်သူမှ
ကျွန်းကလေးလို ထီးတည်းနေလို့မရဘူး

တိုက်ကြီးရဲ့
တဖဲ့၊ ပြည်မကြီးရဲ့ တပိုင်းပဲ။

လူတဦးသေခြင်းဟာ
ငါ့ကိုလည်း ထိစေတယ်

ငါဟာလည်း
လူသားထဲကလူမို့ အားလုံးနဲ့ ပတ်သက်နေတာပဲ။

ဒီတော့
လူသေလို့ ခေါင်းလောင်းထိုးရင်

ဘယ်သူ့အတွက်
ထိုးတာလဲလို့ မမေးနဲ့

သင့်အတွက်
ထိုးတာပဲလို့သာ မှတ်လိုက်

ဂျွန်ဒွန်း
(၁၅၇၃ - ၁၆၃၁)

 

AIDS
ဆိုတာကို သေမင်းတမန်ရောဂါကြီးတခုပဲလို့ သိလိုက်ကြတဲ့အချိန်မှာ လိပ်ပြာလွင့်ကြရတာပေါ့။
စက်ကွင်းက လွတ်ချင်ဇောနဲ့ ပြေးမယ်ပုန်းမယ်ဆိုပြန်တော့ မြေကမရှိ။ ကိုယ့်မကူးအောင် ကာကွယ်ဖို့ဆိုပြန်တော့
ကိုယ့်ချည်း အထီးတည်းကမဟုတ်။ လွန်သွားပြီ ဆိုတာလည်းသိရရော ပဋာမြေလူးဖြစ်ကြရ။ ဒီလိုနဲ့
ရမိရရာ ကောက်ရိုးလေးတမျှင်ကို အရူးအမူး ဆွဲတတ်ကြတာဟာဖြင့် လူ့သဘာဝပါ။ ဒါကြောင့်လည်း
“၂၀ ရာစု နတ်ဆိုးကြီး
အကြောင်းရေးထားတဲ့ စာအုပ်တွေကို ရှာကြဖတ်ကြရတော့တာပေါ့။

ဒါနဲ့
ဒေါက်တာမြင့်မြင့်ခင်ရေးတဲ့ “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း

လို့ အမည်ရတဲ့ စာအုပ်လေးတအုပ်ကို ဖတ်ဖြစ်ပါတယ်။ ဖတ်ပြီးတဲ့အခါ မှတ်တယ်ဆိုရုံနဲ့တင်
မလုံလောက်၊ လက်ဆင့် ကမ်းဖို့လည်း လိုတယ် ထင်မိတာကြောင့် မမေ့မလျော့ ကျေးဇူးစကားဆိုရင်းနဲ့
ဒီစာအုပ်လေးကို ညွှန်းဖြစ်ပါတယ်။

နဖူးတွေ့ဒူးတွေ့သာ
မဟုတ်လို့ကတော့ လက်ခံဖို့ဝန်လေးတတ်တဲ့ လူ့သဘာဝအတိုင်း အနောက်တိုင်းမှာ ဖြစ်ကြတာက လိင်တူ
ဆက်ဆံသူ (ဂေး) တွေမှာ စတွေ့တာဆိုတော့ တို့နဲ့မဆိုင်ဘူး အနေသာကြီးပါ။ အရှေ့တိုင်းကျပြန်တော့
သူတို့နဲ့ ယဉ်ကျေးမှု လုံးလုံးမတူလို့ တို့တော့ဖြင့် ဒီရောဂါမဖြစ်နိုင်ဘူး၊ အနေသာကြီးပါ။
သွေးသွင်းခံရတဲ့သူ တွေမှာ တွေ့တယ်ဆို ပြန်တော့ အလကားနေအလကား ဘယ်သူ့သွေး သွင်းရအုံးမှာတုန်း၊
အနေသာကြီးပါ။ မူးယစ်ဆေး သုံးစွဲသူတွေမှာ တွေ့တယ် ဆိုပြန်တော့ ဝေးပါသေးရဲ့။ ပြည့်တန်ဆာတွေမှာ
တွေ့တယ်ဆိုပြန်တော့ တို့ကအိမ်ယာ ကျူးသူတွေမဟုတ်လို့ အနေသာကြီးပါ။ ဆေးမင်ကြောင်ထိုး၊
နားဖောက်၊ အပ်စိုက်ကုတဲ့အခါ မသန့်ရှင်းရင် ကူးစက်တတ်တယ်ဆိုတော့လည်း အနေသာကြီးပါ စသဖြင့်
လူတွေ အဲဒီလို အလေးမထားခဲ့ကြတာဟာလည်း အပြစ်ဆိုရခက်ခက်ပါ။

ပညာရှင်တွေ
အပိုင်းကျပြန်တော့ ဒေါက်တာရောဘတ်ဂယ်လိုက သူအရင်စတွေ့တာဆိုတဲ့ ကြွေးကြော်သံနဲ့ AIDS
ကို အမေရိကန်ပိုင် လုပ်ဖို့ကြိုးစားသလို၊ ဒေါက်တာ မွန်တက်နီးယားကလည်း ပြင်သစ်ပိုင်လုပ်ဖို့
အရေးဆိုပြန်တယ်။ ဒီလိုနဲ့ ရုံးရောက် ဂါတ်ရောက် ဖြစ်ရတဲ့ ပွဲမျိုးမှာ “မီဒီယာလို့ခေါ်တဲ့
သတင်းလောကက သူဦးငါဦး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတော့ ပုံမှန် ထားသင့်ထားထိုက်တဲ့
စည်းစောင့်မှုတွေလျော့ရဲလာတယ်၊ အခြေအမြစ် မခိုင်လုံသေးတဲ့ သတင်းအချို့ကို စာလုံး မည်းကြီးတွေနဲ့
ထုတ်ဖော်ခဲ့တာတွေရဲ့ အကျိုးဆက်ကတော့” လို့ မဖြစ်သင့်တာ မဖြစ်ရလေအောင် စေတနာရှေ့ထားပြီး
နယ်ပယ်အလိုက် ကိုယ်စားပြုနိုင်သူတွေထံ ဆရာမက မေတ္တာရပ်ခံထားလေရဲ့။

AIDS
ကို ကပ်ရောဂါကြီးတခုလို့ နားလည်လက်ခံလာကြတာ ရှိလှ နှစ်၂၀ ပါ။ သို့ပေမယ့် လူသားကမ္ဘာဟာ
ရောဂန္တရကပ် အသွယ်သွယ်ကို ရှေးပဝေသဏီကတည်းက ဖြတ်ခဲ့ရပါတယ်။ ၁၃၄၇ ခုနှစ်လောက်က ကရိုင်းမီးယားလို့ခေါ်တဲ့
အနောက် အာရှဒေသမှာ ခရစ်ယာန် ဘာသာဝင်တွေရယ်၊ အစ္စလာမ် ဘာသာဝင်တွေရယ်၊ တာတာလို့ခေါ်တဲ့
မွန်ဂိုတွေရယ် စစ်ပွဲ ဖြစ်နေကြချိန်၊ တာတာတွေမှာ “ပလိပ်
လို့ခေါ်တဲ့
ကပ်ရောဂါကြီးတခု ဖြစ်ခဲ့ကြတယ်။ အဲဒီကပ်ရောဂါကြီး ကြောင့်ပဲ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံလောက်ဟာ
သေဆုံးခဲ့ရရှာသတဲ့။

၁၄၉၃
ခုနှစ်မှာ ကိုလံဘတ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့တော့ ဒါဟာ လူ့သမိုင်းကို တသစ်ဆန်းစေခဲ့တယ်ရယ်လို့
ကောင်းချီးပေးခဲ့ကြပေမယ့်လည်း လူသားကျန်းမာရေးရဲ့သမိုင်းကို ဒုတိယံပ္ပိ ကပ်ဆိုက်စေခဲ့တယ်ဆိုတဲ့
အချက်ကိုတော့ဖြင့် သိသူနည်းလှရဲ့။ အကြောင်းကတော့ ကိုလံဘတ်နဲ့ သူ့သင်္ဘောသားတွေဟာ ဆစ်ဖလစ်ရောဂါကို
ဥရောပထံ အပြန်လက် ဆောင်အဖြစ် ယူဆောင်လာခဲ့ကြလို့ပါပဲ။ ဒီလိုနဲ့ ဖလင်းမင်းက ပင်နီဆလင်ဆေးကို
ဖော်ထုတ်နိုင်ခဲ့လို့သာ ဒုတိယံပ္ပိ ကပ် ရောဂါကြီးကနေ ချမ်းသာရာ ရခဲ့ကြတာပေါ့။

ခရစ်မပေါ်မီ
၁၁၅၇ လောက်က အီဂျစ်ဘုရင် ရာမစီရဲ့ မံမီရုပ်အလောင်းကို စစ်ဆေးတော့ ကျောက်ကြီး ရောဂါရှိခဲ့တယ်လို့
ယူဆနိုင်တဲ့ အထောက်အထားတချို့တွေ့ရတယ်။ ဒါ့အပြင် ဒီရောဂါဟာ ခရစ်မပေါ်မီနှစ်ပေါင်း ၁၀၀၀
လောက် ကတည်းက တရုတ်ပြည်မှာရှိခဲ့တယ်လို့ ဆိုတယ်။ ၁၇၈၈ မှာ အက်ဒွပ်ဂျင်နာက ကာကွယ်ဆေး
ဖော်ထုတ်နိုင်ခဲ့ပြန်လို့ တတိယံပ္ပိ ကပ်ရောဂါကြီးကနေ ချမ်းသာရာရခဲ့ကြပြန်ပါရောလား။

စတုတ္တမြောက်
ကပ်ရောဂါကတော့ ကာလ၀မ်းရောဂါပါ။ ဒီတခါမှာလည်း ကာကွယ်ရေးနဲ့ ကုသရေးကို အင်တိုက် အားတိုက်
လုပ်ဆောင်နိုင်ခဲ့ကြလို့ ကမ္ဘာသူကမ္ဘာသားတွေ ချမ်းသာရာ ရခဲ့ကြပြန်ပါကြောင်း စာရေးသူက
စုဆောင်း တင်ပြထားပါတယ်။ အဲဒီလို ကပ်ရောဂါကြီးတွေကို လွန်၊ ကမ္ဘာစစ်ကြီးတွေကို လွန်လို့၊
လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှု အလျဉ်ကို အံ့သြ မင်သက် ကြရနဲ့ ကံကောင်းလေစွရယ်လို့
တွေးမဆုံးခင်လေး။ ၂၀ ရာစုခမြာ ဆောင်းအိပ်မက်ပမာ နိုးတ၀က်နဲ့ မိုးဆက်ဆက် လင်းခဲ့ရ ပါလေရောလား။

မင်းသားကြီး
ရော့ခ်ဟဒ်ဆင် ကွယ်လွန်လို့ ဘုရားကျောင်းက ထိုးလိုက်တဲ့ ခေါင်းလောင်းသံဟာ ၂၀ ရာစုကို
လှုပ်နှိုး လိုက်တဲ့ ပဉ္စမမြောက် ကပ်ဆိုက်မှုကြီးပါ။ အဲလီဇဘက်တေလာနဲ့ မာသာထရီဇာတို့လို
ပုဂ္ဂိုလ်တွေခမြာ ဆန့်နိုင်သမျှ လက်တွေကိုဆန့်၊ ကျယ်နိုင်သမျှ ရင်ခွင်ကို အစွမ်းကုန်ဖွင့်လို့ရယ်နဲ့
ဖေးခဲ့ မခဲ့ကြပေမယ့်လည်း မရဏခေါင်းလောင်းသံ ကတော့ဖြင့် မဆုံးတော့တဲ့ တေးသွားတခုလို
ကမ္ဘာ့တနံတလျား ပြေးလွှားလွင့်ပျံ့လာခဲ့ပါပြီ။ မေမေရေ ကယ်ပါဦးတဲ့။

၁၉၈၃
ခုနှစ်၊ ဂျီနီဗာကွန်ဖရင့်မှာ ဆိုဗီယက် ကိုယ်စားလှယ်တွေက ဒီရောဂါမျိုး သူတို့တိုင်းပြည်မှာ
မရှိဘူးလို့ ငြင်းပါတယ်။ ရိုမေးနီးယား ကိုယ်စားလှယ်တွေကတော့ ဒီရောဂါဟာ အရင်းရှင်ရောဂါပါတဲ့၊
ဒါကြောင့် ကွန်မြူနစ်တိုင်းပြည်တွေမှာ ဖြစ်မှာမဟုတ်ဘူးလို့ ငြင်းခဲ့ကြပါတယ်။ ပညာရှင်တွေက
ဖော်ထုတ်တင်ပြခဲ့ကြပေမယ့် အစိုးရက ဖုံးကွယ်ထား ခဲ့ရုံမက ဒီရောဂါနဲ့ ပတ်သက်လို့ နောက်ထပ်
စစ်ဆေးမှုတွေ မလုပ်ရဘူးလို့တောင် တချက်လွှတ်အမိန့်တွေ ထုတ်ခဲ့ကြလေရဲ့။ ၁၉၉၃ ခုနှစ်မှာ
သွေးနဲ့သွေးပစ္စည်းတွေ ထုတ်လုပ်တဲ့ ဂျာမန်ကုမ္ပဏီတခုက အိပ်ခ်ျအိုင်ဗွီပိုးရှိမရှိ မစမ်းသပ်
မစစ်ဆေးဘဲ ဖြန့်ချိခဲ့ကြတယ်။ ဒီ ပြုမူချက်ရဲ့ ပင်မအရင်းခံကတော့ အတောမသတ်တဲ့ ၀ိသမလောဘ
ပါပဲတဲ့ဗျာ။

AIDS
ကူးစက်ပြန့်ပွားမှုကို လှိုင်းကြီးသုံးလှိုင်းနဲ့ နှိုင်းကြတယ်။ အိပ်ခ်ျအိုင်ဗွီပိုး ရှိလို့ရှိမှန်းမသိတဲ့
လူတွေကိုတော့ “ချိန်ကိုက်ဗုံး
တွေပါတဲ့။ အဲဒါကို ပထမလှိုင်းလို့
ဆိုကြတယ်။ အေအိုင်ဒီအက်စ်လို့ စတင်သတ်မှတ်နိုင်တဲ့ ၁၉၈၀ ၀န်းကျင်ကာလကိုတော့ ဒုတိယလှိုင်းလို့
ဆိုကြတယ်။ ရောဂါ သက်သက်နဲ့ချည်းမဆိုင်တော့ဘဲ လူမှုဆက်ဆံရေးတွေအထိ ရောက်သွားတဲ့ အပိုင်းကိုတော့
တတိယလှိုင်းလို့ ဆိုကြသတဲ့။ တတိယလှိုင်းကို သတိထားမိသူနည်းပါတယ်။ အတော်များများက
AIDS ဆိုတာ တဦး နဲ့တဦးထိမိရုံနဲ့တင် ကူးစက်တဲ့ ရောဂါလို့နားလည်ပြီး ကြောက်ရွံ့နေကြတဲ့
စိတ်အခြေအနေကိုပါ။ ဒါကြောင့်ပဲ AIDS ဝေဒနာ ရှင်တွေဟာ ရောဂါဆိုးကြီးရဲ့ ဖိစီးမှုဒဏ်ကို
ခံစားနေကြရတဲ့အပြင် ဖယ်ကြဉ်ခံရမှုကြောင့် လူ့အခွင့်အရေးနဲ့ လူသား ဂုဏ် သိက္ခာတွေကိုပါ
ဆုံးရှုံးနေကြရပါတယ်။ သူတို့ခမြာ လူမသေခင် ကကိုပဲ ဘ၀က ဆုံးရှုံးနေနှင့်ကြလေရဲ့လို့ ကရုဏာ
တရား ရှေ့ထားပြီး ဆရာမက ရင်ဖွင့်ထားပါတယ်။

AIDS
ရောဂါဟာ အာရှတိုက်မှာ ခြေကုတ်ရရုံတင်မဟုတ်တော့ဘဲ တမုဟုတ်ချင်း ပွားလာလိုက်တာ အာဖရိကတိုက်ကို
အမီ လိုက်နေပါပြီ။ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်၊ ရွှေတြိဂံနယ်စပ်မှာဆိုရင် အတားအဆီးမရှိ
တိုးနေပါတယ်။ အဲဒီ နေရာတွေ ကလည်း နံပါတ်ဖိုးရလွယ်တဲ့ နေရာတွေဆိုတော့ ထပ်ဆင့်ပြန့်ပွားမှုတင်
ဘယ်လောက် တာသွားမလဲဆိုတာ လွယ်လွယ်ပဲ စဉ်းစားလို့ရတယ်။ မြန်မာမှာ ရှိဆဲနဲ့ ပွားနှုန်းကို
ထည့်တွက်ရင် သက္ကရာဇ် ၂၀၀၀ မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ဟာ အမေရိကန် နိုင်ငံနဲ့ ထပ်တူထပ်မျှလောက်
ရှိလာမှာပါတဲ့ဗျာ။

၁၉၈၄
မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး AIDS လူနာကို တွေ့ရှိခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ဂျပန်၊
တရုတ်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ တွေ့ရှိခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ အိန္ဒိယ၊
စင်္ကာပူနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တွေ့ရှိခဲ့တယ်။ ၁၉၈၇ မှာ အင်ဒိုနီးရှား၊ မလေးရှား၊
တောင်ကိုးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ တွေ့ရှိခဲ့တယ်။ ၁၉၈၈ မှာတော့ မြန်မာနိုင်ငံမှာ
တယောက်နှစ်ယောက် ဖြစ်နေပြီလို့ သိရတယ်။ ၁၉၉၀ မှာတော့ ၃၅၆ ယောက် ဖြစ်နေပြီလို့ ထပ်သိရတယ်။
အဲဒီနှစ် ထဲမှာပဲ မြိတ်အကျဉ်းထောင်က အမျိုးသမီး ၁၀ ဦးကို သွေးစစ်တော့ ၉ ဦးမှာ
AIDS ဖြစ်နေတာ သိလိုက်ရပါတယ်။ အရှေ့တောင် အာရှ (၁၁)နိုင်ငံမှာ ထိုင်းနဲ့အိန္ဒိယပြီးရင်
မြန်မာက တတိယလိုက်ပါတယ်။ ဒီရောဂါဟာ မြန်မာအဖို့ ပြင်ပကသယ်လာတဲ့ ရောဂါတခုမဟုတ်တော့ဘဲ
ပြည်တွင်းဖြစ် ရောဂါအဆင့်ကို ရောက်နေပါပြီ
လို့ ဆိုထားပါတယ်။

မြန်မာပြည်က
ပြည့်တန်ဆာတွေမှာ AIDS ဘယ်လောက်ဖြစ်နေတယ်ဆိုတာ ပြောဖို့မလွယ်ပါဘူး။ တရားဝင်မှတ်ပုံတင်ထားတဲ့
ပြည့်တန်ဆာတဦးမှ မရှိသော်လည်း ပြည့်တန်ဆာတိုးပွားမှုဟာ ထိုင်းကို မီလုမီခင်ဖြစ်နေပါပြီ။
ဒါပေမယ့် ကာကွယ်ရေးနဲ့ ပညာပေးရေးမှာတော့ ထိုင်းနဲ့ မယှဉ်နိုင်အောင် နှေးကွေးလွန်းလှပါတယ်လို့
ထောက်ပြထားပါတယ်။

မြန်မာပြည်မှာ
ဆေးထိုးအပ်နဲ့ ခွဲစိတ်ကိရိယာတွေ အလုံအလောက်မရှိသေးပါ၊ သုံးပြီးသားအပ်နဲ့ ကိရိယာတွေကိုလည်း
သိပ္ပံနည်းကျကျ ပိုးစင်တဲ့အထိလုပ်တဲ့အခါ အချိန်ကုန်၊ လူပန်း၊ ငွေကုန်ကြေးကျ များလို့မို့
ဆေးရုံဆေးခန်းတွေမှာရော၊ ပြင်ပမှာပါ လုပ်လေ့မရှိကြပါ။ မြန်မာတွေကလည်း လူတန်းစားမရွေး
ဆေးထိုးချင်ကြသလို၊ ဆရာဝန်တွေကလည်း ဆေးထိုး တာကို အားပေးကြတာကတော့ဖြင့် မသင့်ပါဘူးတဲ့။
AIDS ပြန့်ပွားမှုကို အားပေးနေတဲ့ နောက်တချက်က ပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်အောင်
ဟန့်တားနေတဲ့ အခြေအနေတွေရှိနေတာပါပဲ။ မြန်မာအပါ အ၀င် အာရှနိုင်ငံများနဲ့ အာဖရိကနိုင်ငံတွေမှာ
လိင်ကိစ္စဟာ မကြားဝံ့မနာသာကိစ္စဆိုပြီး ပွင့်ပွင့်လင်းလင်း မပြောကြသလို ပြောတဲ့လူကိုလည်း
ယဉ်ကျေးမှုကို ဆန့်ကျင်တယ်ဆိုပြီး အပြစ်မြင်ကြတယ်လို့ ဆရာမက ဆိုပါတယ်။

AIDS
ဟာ ကမ္ဘာကြီးတခုလုံးရဲ့ ပြဿနာဖြစ်တာမို့ တတိုင်းတပြည်ထဲ ပျောက်သွားလို့မပြီးပါ။ အဓိက
အကျဆုံးကတော့ (၁) ပြည့်တန်ဆာပြဿနာ (၂) မူးယစ်ဆေးဝါးပြဿနာနဲ့ဆိုင်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။
ပထမဆုံး ဒီပြဿနာတွေရှိနေတယ် ဆိုတာကို လက်ခံဖို့လိုပါတယ်။ ဒီပြဿနာတွေ မရှိဘူးလို့ ဘူးကွယ်လိုက်ရင်
အဖြေမှန်ကို ရှာမတွေ့နိုင်တော့ပါဘူး။ “လျှို့ဝှက် ချက်ရဲ့ အစဟာ အမှန်တရားရဲ့ နိဂုံးပါ
ဆိုပြီး
ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြထားတာ ကိုတော့ဖြင့် အလေးဂရု ပြုကြရမှာပါ။

လူတွေက
ပြည့်တန်ဆာတွေဟာ လူကောင်းတွေကို ဖျက်ဆီးသူတွေလို့ မြင်ကြတယ်။ အမှန်က အရင်းခံအကြောင်းရင်းကို
ဆန်းစစ်ဖို့လိုပါတယ်။ ပြည့်တန်ဆာဘ၀ကို နှစ်ခြိုက်လို့ ပြည့်တန်ဆာ လုပ်နေတဲ့ သူမျိုးဟာ
အလွန့်ကို နည်းပါး ပါလိမ့်မယ်။ အများစုကတော့ ဆင်းရဲမှု၊ အလုပ်လက်မဲ့ဘ၀နဲ့ အရင်းအနှီးမရှိတဲ့
ချို့တဲ့မှုတွေကြောင့် ပြည့်တန်ဆာဘ၀ကို ရွေးချယ်ကြရတာပါ။ နောက် မူးယစ်ဆေးဝါးကို ထိန်းချုပ်ဖို့
ပြောရတာလွယ်သလောက် လက်တွေ့မှာ ခက်ပါတယ်။ ဒီကိစ္စဟာ စီးပွားရေး၊ နိုင်ငံရေးတွေနဲ့ ရောယှက်နေတာမို့
အမြစ်ကို သုတ်သင်နိုင်ဖို့ အင်မတန် ခက်ခဲပါတယ်။ AIDS နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ
ထင်ရှားလာတဲ့ အချက်တချက်က စီးပွားရေးကျပ်တည်းပြီး အခွင့်အရေးမရတဲ့ လူတန်းစား (တနည်း)
ဘ၀အာမခံချက်မရှိတဲ့ အောက်တန်းလွှာတွေကို ပိုပြီး “ထိနေတယ်
ဆိုတာပါ။

HIV
ပိုးရှိသူတွေထဲက ၆၇ % ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကဖြစ်သတဲ့။ "ဖွံ့ဖြိုးဆဲ"
ဆိုတဲ့ နာမ၀ိသေသနကလည်း ကြားကောင်း အောင်ခေါ်တာပါ။ ဒါကို ဆင်းရဲတဲ့နိုင်ငံ၊ အောက်တန်းကျတဲ့
နိုင်ငံ၊ အခွင့်အရေး အပြည့်အ၀မခံစားရတဲ့ နိုင်ငံလို့ ဘာသာပြန် ရင်ရပါတယ်။ စီးပွားရေးနိမ့်ကျလို့
အခွင့်အရေးမဲ့သူတွေဟာ ကျန်းမာရေးချို့တဲ့တယ်၊ ရောဂါပိုဖြစ် တယ်ဆိုတာ သိပ်မှန်ပါတယ်။
ဆင်းရဲနွမ်းပါးမှုဟာ ရောဂါတွေရဲ့ ကြောင်းအင်အစစ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည်
တွေမှာ ပိုဆိုးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုကို ဗြုန်းခနဲ ဒိုင်းခနဲ
အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြမယ့် တိုင်းပြည်မျိုးတွေမှာ ချမ်းသာတဲ့သူတွေက သိသာစွာ
ပိုချမ်းသာကြပြီး၊ ဆင်းရဲတဲ့သူတွေ ပိုဆင်းရဲလာလို့ ကွာဟချက် ကြီးသည်ထက်ကြီးလာမှာပါလို့
ဆိုထားပြန်တော့ ငါတကော ကောမယ်ဆိုရင် အစိုးရရဲ့အလွန်သာ ဖြစ်ပါလိမ့်မယ်။

ဇန်ဘီယာသမတ
ကဲနက်က၀န်ဒါးက “ဒီရောဂါ ဘယ်ကလာသလဲဆိုတာ သိဖို့ထက် အရေးကြီးတာက ဒီရောဂါ ဘယ်ကို သွားနေတယ်ဆိုတဲ့
ကိစ္စဖြစ်တယ်၊ ဒီတော့ ဘာမှ ဖုံးကွယ်ထားဖို့ မကောင်းဘူး
တဲ့။
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် အမှန်ကိုဖုံးကွယ်ထားရင်
မှားတာချည်းပဲ။ အထူးသဖြင့် အမိန့်အာဏာနဲ့ မလုပ်မနေရဆိုတဲ့ တချက်လွှတ်အမိန့်တွေ၊ အဓမ္မတောင်းဆိုချက်တွေဟာ
နောက်ဆုံးမှာ မအောင်မြင်တဲ့အပြင် အကျိုးယုတ်စေတာကို တွေ့ရပါတယ်။ ဥပဒေဆိုတာ လူတဦးတယောက်ရဲ့
အခွင့်အရေးကို အလွန်တရာဆုံးရှုံးစေတဲ့ မတရားမှုမျိုး မဖြစ်ထိုက်ပါဘူး။ ဒါ့အပြင် ဘယ်ဥပဒေဖြစ်ဖြစ်၊
ဘာပညတ်ပဲဖြစ်ဖြစ် လိုက်နာဖို့လွယ်လေ ပီပြင်စွာ လိုက်နာလေပါ။ လိုက်နာဖို့ခက်လေ ချိုးဖောက်သူဦးရေ
များလေလေ ဖြစ်မှာပါပဲလို့ ဆိုထားပြန်ပါရောလား။

တတိယကမ္ဘာလို့ခေါ်တဲ့
ဆင်းရဲတဲ့တိုင်းပြည်တွေဟာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့နိုင်ငံတွေပါ။ ကမ္ဘာလှည့်
ခရီးသည် တွေမလာရင် နိုင်ငံခြားဝင်ငွေကျမှာစိုးလို့ သူတို့တိုင်းပြည်မှာ AIDS ဘယ်လောက်ဖြစ်နေပြီဆိုတာကို
အစိုးရတွေက ထုတ်ဖော်ဖို့ ၀န်လေးတတ်ပါတယ်။ ခရီးသွား လုပ်ငန်းနဲ့အတူ လူကုန်ကူးမှုကလည်း
တွဲပြီးပါလာပါတယ်။ ခရီးသွားလုပ်ငန်းကို ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်
AIDS ပွားနှုန်း မြန်လာပါလိမ့်မယ်။ ခရီးသွား လုပ်ငန်းကရတဲ့ နိုင်ငံခြားငွေက တနိုင်ငံလုံးအတွက်
ဘယ်လောက် အကျိုးအမြတ်ရှိပါသလဲ။ လူနည်းစု တစုလောက် သာ “မြန်မြန်နဲ့ မြက်မြက်

စားနေကြရတာလို့ တွက်ဆလာကြတာမို့ မြန်မာအပါအ၀င် ဖွင့်စ၊ ပွင့်စနိုင်ငံတိုင်း ဒီသုံးသပ်
ချက်ကို ကောင်းကောင်းလေ့လာ နှလုံးသွင်းထိုက်ပါတယ်လို့ မထောက်မညှာ ဖွင့်ဆိုထားလေရဲ့။

AIDS
ကို ကာကွယ်ဖို့အတွက် ပထမအဆင့်အနေနဲ့ ပညာပေးရေးလုပ်ရပါမယ်။ ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်
အလက်တွေကို ဖြန့်ဖြူးပေးရမယ်။ အဲဒီအချက်အလက်တွေဟာ လုံလောက်ပြည့်စုံ ရမယ်။ လုံးဝမှန်ကန်ရမယ်။
မသေချာ သေးတဲ့သတင်းကို မသေချာဘူးလို့ အတိအလင်း ကြေညာရမယ်။ ထိမ်ဝှက်၊ ဖြဲခြောက်တဲ့ သဘောတရားတွေ
မပါရပါဘူးတဲ့။ ဒုတိယအဆင့်အနေနဲ့ ပညာပေးမှုရဲ့နောက်ဆက်တွဲအဖြစ် ခံယူချက်နဲ့ အပြုအမူတွေ
ပြောင်းလဲလာရေး လုပ်ရပါမယ်။ ဒီအတွက် ကျောထောက်နောက်ခံ ပံ့ပိုးမှုတွေလုပ်ရမယ်။ ဥပမာ
- ကျန်းမာရေး ပညာပေးတဲ့အခါ အစာ မစားမီ၊ စားပြီးနဲ့ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့
စင်အောင်ဆေးပါလို့ပြောတယ်။ ဒါပေမယ့် အဲဒီအရပ်က သောက်ရေတောင် မလောက်မငဖြစ်နေတဲ့ မိုးခေါင်ရေရှား
အရပ်ဒေသဆိုပါစို့။ ရေ လုံလုံလောက်လောက် ရရှိအောင် လုပ်မပေးနိုင်ရင် ဒီလို ပညာပေးမှုဟာ
အချည်းအနှီးပါပဲလို့ ဆိုတာကတော့ဖြင့် လက်တွေ့ ကျလှပါပေရဲ့။

AIDS
အကြောင်း ဘယ်သူတွေကို ပညာပေးမလဲလို့မေးရင် လူတိုင်းလူတိုင်း (လူကြီး၊ လူငယ်၊ ကျား/မ၊
ကလေး) ကို ပေးရမယ်လို့ဖြေရပါမယ်။ ဘယ်သူတွေကပေးမှာလဲလို့မေးရင် ကျန်းမာရေးဌာန တခုတည်းက
ပေးရမှာ မဟုတ်ပါဘူးလို့ ဖြေရပါမယ်။ ကျန်းမာရေး ၀န်ထမ်းတွေအပြင် ကျောင်းဆရာတွေ၊ လူမှုဝန်ထမ်းတွေ၊
စာနယ်ဇင်းတွေ၊ ရေဒီယိုနဲ့ ရုပ်မြင် သံကြားတွေ၊ အသင်းအဖွဲ့တွေ၊ ရပ်ရွာထဲက AIDS အကြောင်း
ဗဟုသုတရှိသူတွေ အားလုံးက ပါဝင်လုပ်ဆောင်ကြရ မှာ ဖြစ်ပါတယ်လို့ ဆိုတဲ့အခါကျပြန်တော့
မငြင်းဝံ့သာဘူးပေါ့။

ပညာပေးရာမှာ
ကျန်းမာရေးဌာနကသာ လုပ်ရမယ်ဆိုတဲ့အယူအဆကို စွန့်ရပါမယ်တဲ့။ အစိုးရပိုင်း၊ ဌာနဆိုင်ရာပိုင်း
တွေကိုချည်း အားမကိုးဘဲ ပြင်ပအဖွဲ့အစည်းများ၊ ပြင်ပ စေတနာ့ဝန်ထမ်း အသင်းများရဲ့ ပံ့ပိုးကူညီမှုကို
ရယူဖို့ လိုအပ်ပါတယ်။ ပညာပေးမှုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါ။ အောင်မြင်တဲ့နေရာတွေမှာ
ဘာကြောင့်အောင်မြင်သလဲ ဆိုတာကို လေ့လာတော့ နေရာဒေသနဲ့ လိုက်လျောညီထွေရှိတဲ့ ပညာပေးမှုကို
လူထုကိုယ်တိုင်က ယုံကြည်ကိုးစား လိုက်နာလို့၊ ပညာပေးရုံ၊ သတင်းပေးရုံ သက်သက်မဟုတ်ဘဲ
အကူအညီအထောက်အပံ့ လိုနေသူတွေကို အပြောနဲ့ အညီ တတ်နိုင်သရွေ့ ကူညီထောက်ပံ့ပေးခဲ့လို့ဆိုတာ
တွေ့ရတယ်လို့ ခိုင်ခိုင်လုံလုံနဲ့ တင်ပြထားပြန်ပါတယ်။

အရေးတကာ့
အရေးကြီးဆုံးအချက်ကတော့ AIDS အကြောင်း လူတွေသိသွားရုံ (ဘယ်လိုကူးတယ်၊ ဘယ်လို မကူးဘူး၊
ဘယ် လောက်သေတယ်) နဲ့တင် မလုံလောက်သေးပါ။ “ငါတို့မှာလည်း တာဝန်ရှိတယ်၊ ငါတို့လည်း တခုခု
လုပ်သင့်တယ်၊ ဒါဟာ ငါတို့အားလုံးရဲ့ အရေးကိစ္စဖြစ်တယ်
လို့
လူတိုင်းလူတိုင်းက ခံယူလုပ်ဆောင်လာကြရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် AIDS ဆိုင်ရာ ပညာရေးကို
မူလတန်းကနေစပြီး ကျောင်းတွေမှာ သင်ကြားပေးဖို့ လုပ်ဆောင် နေကြပါပြီတဲ့။ ဒီလိုဆိုတော့
မြန်မာ အစိုးရရော ဘယ်လိုလဲလို့ ဆရာမက မေးခွန်းထုတ်လိုက်တာများလေလား။

AIDS
ရဲ့ သားကောင်ဖြစ်ရသူတွေဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါ။ ရင်ခွင်ငတ်ပန်းတွေ ညှိုးညှိုးနွမ်းနွမ်းနဲ့
မလန်း မဆန်းဖြစ်နေရတာကို ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းက လက်ပိုက်ကြည့် နေနိုင်တာကတော့ဖြင့်
မယုံကြည်နိုင် စရာပါ။

ခုကိုပဲ
နှစ်ပေါင်း ၂၀ ကျော် ကပ်ဆိုက်နေခဲ့ကြတာမို့ အကောင်းဆုံး အနာဂတ်ဟာ အချို့ငဲ့ဆုံး ကလေးငယ်
တွေရဲ့ လက်မှာ ဆိုရင် နောင် အနှစ် ၂၀ ကို ပုံဖော်ကြည့်ပါ။ ကုရာနထ္ထိ ဆေးမရှိတဲ့ ပုံပျက်ပန်းပျက်
အနာဂတ်ကြီး အလျှံတညီးညီးနဲ့ လောင်ကျွမ်း နေလိမ့်ဦးမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။
တကမ္ဘာလုံးကို ခြုံပြီးပြောရရင် “တမိနစ်မှာ AIDS လူနာ တယောက် တိုးနေတယ်
လို့
ဆိုနိုင်တယ်တဲ့ဗျာ။

နာမကျန်းဖြစ်နေသူတွေ၊
ညှိုးငယ်နေသူတွေ၊ ငတ်မွတ်ခေါင်းပါးနေသူတွေ၊ စိုးရိမ်ကြောင့်ကြနေသူတွေ၊ ငြင်းပယ်ခံနေရ
သူတွေ၊ ခိုလှုံရာ မဲ့နေသူတွေ၊ အကာအကွယ် မဲ့နေသူတွေ၊ ဘယ်သူပဲဖြစ်ဖြစ် “မနက်ဖြန်ဟာ အားလုံးအတွက်ပါ

နေမင်းက (သူ့) အတွက်ပဲ ကွက်ပြီးသာသာ၊ လမင်းက (တို့) အတွက်ပဲ ကွက်ပြီးမိုက်မိုက် သန်းခေါင်ထက်တော့
ညဥ့်မနက်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် လာလေ၊ အတူတူ သွားကြပါစို့။

ရွက်မွန် - လာလေ၊
အတူ သွားကြစို့

စာအုပ်အမည်
- လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း

စာရေးသူ
- ဒေါက်တာမြင့်မြင့်ခင်

ထုတ်ဝေနှစ်
- ဖေဖော်ဝါရီ၊ ၁၉၉၅၊ ပထမအကြိမ်။

ထုတ်ဝေ
- ဦးအောင်ညွန့်၊ ထွန်းရင်စာပေ (မြဲ - ၀၆၄၃)၊ ၈၃ လမ်း၊ မန္တလေး။

ပုံနှိပ်
- ဒေါ်တင်ဝင်း၊ ကြီးပွားရေးပုံနှိပ်တိုက် (မြဲ - ၀၃၁၉၆)၊ ၈၄ လမ်း၊ မန္တလေး။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top