လားရှိုးနှင့်မန္တလေးမြို့များသည် HIV ဝေဒနာ ခံစားနေရသည့် ပြည့်တန်ဆာ အများဆုံး လုပ်ကိုင်ရာ
နေရာဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြောင်း အပတ်စဉ်ထုတ် ပြည်တွင်း
ဂျာနယ်တစ်စောင်ဖြစ်သည့် Weekly Eleven တွင် ဖော်ပြပါရှိသည်။
၂၀၀၇ ခုနှစ်၌ ပြည့်တန်ဆာ စုစုပေါင်း ၉၄၅ ဦးအား စစ်ဆေးခဲ့ရာ
HIV ရောဂါပိုးရှိသူ
ဦးရေ ၁၄၇ ဦး တွေ့ရပြီး လားရှိုးတွင် ၂၂.၇% ၊ မန္တလေးတွင်၂၂.၆%၊ မြစ်ကြီးနားတွင်၁၇.၉%၊
တောင်ကြီးတွင် ၁၄.၄%၊ ရန်ကုန်တွင် ၉.၆%၊ ကော့သောင်းတွင် ၁.၂% အသီးသီး တွေ့ရသည်ဟု
သိရသည်။
ထိုကောက်ယူရရှိသော စာရင်းအရ HIV ရောဂါပိုးရှိသူများမှာ အသက်အပိုင်းအခြားအလိုက် အသက်၃၀မှ ၃၄
နှစ် အကြား ၂၂.၈%၊ အသက် ၂၅မှ ၂၉ နှစ် အကြား ၁၈% ၊ အသက် ၂၀မှ ၂၄ နှစ် အကြား ၁၇.၃% အသီးသီးတွေ့ရသည်ဟု
ဆိုသည်။
သက်ဆိုင်ရာအာဏာပိုင်များမှလည်း HIV ကာကွယ်ရေးလုပ်ငန်းများကို ပြည့်တန်ဆာ လုပ်ငန်း
လုပ်ကိုင်သူများ၊ ဆေးစွဲနေသူများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် တည်းခိုခန်း၊
ကေတီဗွီများတွင် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
HIV ရောဂါဖြစ်ပွားနှုန်းသည် စီးပွားရေးဖြစ်ထွန်းရာ
နယ်စပ်ဒေသများတွင် အဖြစ်များလျက်ရှိပြီး ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော
တာချီလိတ်မြို့သည် အမျိုးသမီးများ လူကုန်ကူးရာတွင် ထင်ရှားသည်။
သက်ဆိုင်ရာအာဏာပိုင်များမှလည်း ၂၀၀၈ ခုနှစ်မှ စတင်၍ ကျန်းမာရေး ပညာပေးလုပ်ငန်းများကို
ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ရှမ်းပြည်နယ် တောင်ပိုင်း မူဆယ်မြို့အထိ
လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
အစိုးရ စာရင်းဇယားအရ အဆိုပါဒေသတွင် ၂၁၉၀ ဦးမှာ HIV ရောဂါပိုး ကူးစက်ခံရပြီး UNAIDS မှ ပြုစုသော စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၀၁ ခုနှစ်တွင်
၃၀၀,၀၀၀ ဦးမှ၂၀၀၇ တွင် ၂၄၀,၀၀၀ ဦးအထိ ကျဆင်းသွားခဲ့သည်။
အေအိုင်ဒီအက်စ်သည် မြန်မာနိုင်ငံတွင် အဖြစ် အများဆုံး ရောဂါ
၃ ခု ၌ အပါအ၀င် ဖြစ်ပြီး အခြားရောဂါ၂ ခုမှာ ငှက်ဖျားရောဂါ နှင့် အဆုတ်ရောဂါတို့
ဖြစ်ကြသည်။ အစိုးရက ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ
ပြည့်မီစေရန် အတွက် အဆိုပါရောဂါ၃ မ်ျိုးကို အဓိကထား၍ တိုက်ဖျက်လျက်ရှိသည်။




