လိင်ကူးစက်ရောဂါ (STI) ပိုးနှင့် ထိတွေမိပါက အရောင်ပြောင်းလဲစေမည့် စမတ်ကွန်ဒုံကို ဆယ်ကျော်သက်အရွယ် ဗြိတိန်လူငယ် သုံးဦးက အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ အိုင်ဇက်နယူတန်အကယ်ဒမီမှ ကျောင်းသားများက လိင်ကူးစက်ရောဂါကို ဟန့်တားရန်အတွက် အရောင်ပြောင်းစမတ်ကွန်ဒုံကို တီထွင်ရန် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါတီထွင်မှုသည် TeenTech နည်းပညာပြိုင်ပွဲတွင် ပထမဆု ပေါင်ငွေ ၁၀၀၀ နှင့် ဘက္ကင်ဟမ်နန်းတော်သို့ လည်ပတ်ခွင့် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းစမတ်ကွန်ဒုံတွင် လိင်ကူးစက်ရောဂါပိုးနှင့် ဓါတ်ပြုမည့် ပဋိပစ္စည်းအလွှာတခု ထည့်သွင်းထားပြီး ယင်းဓါတ်ပြုမှုသည် ကွန်ဒုံရာဘာ၏အရောင်ကို ပြောင်းလဲစေမည်ဖြစ်သည်။ စမတ်ကွန်ဒုံကို တီထွင်သူ လူငယ်သုံးဦးမှာ ဒန်ယာလီအလီ (၁၄နှစ်) ၊ မူအက်ဇ်နာဝက်ဇ် (၁၃နှစ်) နှင့် ရှီရက်ရှာ (၁၄နှစ်) တို့ဖြစ်ပြီး ၎င်းတို့၏တီထွင်မှုကြောင့် လိင်ကူးစက်ရောဂါပိုးရှိသူများ ဆေးကုသမှု ပိုမိုခံယူလာကြရန် မျှော်လင့်ကြောင်း ပြောသည်။
“လိင်ကူးစက်ရောဂါ ရှာဖွေရေးနည်းလမ်းသစ်တခုအနေနဲ့ ဒါကို တီထွင်ခဲ့တာပါ။ လိင်ကူးစက်ရောဂါ အန္တရာယ်ကနေ ပိုမို လုံခြုံစိတ်ချမှုပေးနိုင်မယ့် ပစ္စည်းတခုခုကို တီထွင်ချင်ခဲ့တယ်။ လူတွေအနေနဲ့ ရောဂါပိုးရှိမရှိကို ဆရာဝန်ဆီ တကူးတက ဆေးသွားစစ်စရာမလိုတော့ဘဲ ကိုယ့်ဘာသာ သိခွင့်ရှိမှာဖြစ်ပြီး ဖြစ်လာပြီဆိုရင်လည်း ချက်ချင်း ကုသမှုခံယူနိုင်မှာပါ။ အသုံးပြုတဲ့သူတွေအနေနဲ့ စိတ်ပူပန်မှုမျိုးမဖြစ်ရအောင် သေချာလုပ်ထားပါတယ်။ အရင်ထက်စာရင် ပိုပြီး တာဝန်သိစိတ်လေးတွေ ရှိလာမှာပါ။ လူတွေကို လုံခြုံစိတ်ချရမှု ပေးချင်တာပါ။”ဟု အလီ က ပြောသည်။
အရောင်ပြောင်းကွန်ဒုံနှင့် ပတ်သက်၍ စိတ်ဝင်စားစရာမေးခွန်းများရှိနေကြောင်း Daily Dot မှ ဂျာနယ်လစ် EJ Dickson က ပြောသည်။
“ကွန်ဒုံသုံးတဲ့ သူဆီက ရောဂါပိုးက ကွန်ဒုံကို အရောင်ပြောင်းစေမှာလား၊ တဘက်လူဆီက ရောဂါပိုးက အရောင်ပြောင်းစေမှာလား သေချာ မရှင်းလင်းသေးဘူး။ တကယ်လို့ တဘက် လူဆီကရောဂါပိုးကြောင့်လည်း အရောင်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ အမျိုးသမီးတွေနဲ့ လိင်တူဆက်ဆံတဲ့ ယောက်ျားတွေ အပေါ်လည်း သက်ရောက်မှု ရှိမှာပါ။” ဟု ၎င်းက ပြောသည်။
ဝါရှင်တန်ပို့စ်၏သတင်းတရပ်အရ ကွန်ဒုံကုမ္ဗဏီများက အရောင်ပြောင်းကွန်ဒုံတီထွင်သည့်လူငယ်အဖွဲ့ထံ ဆက်သွယ်လျက်ရှိသည်ဟု ဆိုသည်။
“ဒီကလေးတွေဟာ လိင်ကူးစက်ရောဂါနဲ့ ပတ်သက်လို့ သုတေသနပြုတဲ့နေရာမှာ ဘယ်လောက်အထိ တကယ်လေ့လာ သင်ယူနိုင်ခဲ့သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒိုင်လူကြီးတွေက သူတို့ကို ပထဆုပေးခဲ့တာပါ။” ဟု TeenTech အမှုဆောင် အရာရှိချုပ် က ပြောသည်။
ရည်ညွှန်း - အာရ်တီ
စောင့်ကြည့် သတင်းဂျာနယ် - လိင်ကူးစက်ရောဂါပိုးနှင့်ထိတွေ့သည်နှင့် အရောင်ပြောင်းနိုင်သည့် Smart Condom တီထွင်အောင်မြင်




