I am making some postings on sexuality written by an anonymous colleague. Please feel free to let me know what you think of them.
Jamie
++++++++++++++++++
လိင်ကျန်းမာရေး (သို့ မဟုတ်) လိင်မှုဆိုင်ရာ ကျန်းမာရေး နဲ့  မျိုးဆက်ပွား ကျန်းမာရေး
အင်္ဂလိပ် စကားလုံးများဖြစ်တဲ Sexual health နဲ့ Reproductive health ဆိုလျှင် များစွာသော တူညီမှုများ ရှိသော်လည်း ကွဲပြားခြားနားချက် များစွာ ရှိနေသေးသည်ကို တွေ့ ရသည်။ မြန်မာလို တော့ အောက်ပါအတိုင်း ဘာသာပြန် ကြတာကို တွေ့ ရပါတယ်။
လိင်ကျန်းမာရေး (သို့ မဟုတ်) လိင်မှုဆိုင်ရာ ကျန်းမာရေး
လိင်မှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ကိုယ်၊စိတ်၊ ကျန်းမာ၊ ချမ်းသာ ပြီး ကျေနပ်တဲ့ ခံစားမှုတွေ ရရှိမယ်။ လူမှုရေးရာတွေမှာလည်း အဆင်ပြေမယ်လို့ ဆိုလို ထားပါတယ်။ လိင်မှုဆိုင်ရာ ကျန်းမာရေး အယူအဆဟာ လူတစ်ဦးချင်းစီရဲ့ ၊ စုံတွဲ တွေရဲ့ ၊ လိင်မှုကိစ္စ တွေ အပေါ်မှာ လိင်မှုဆိုင်ရာ ပတ်သက်ဆက်ဆံမှုတွေ အပေါ်မှာ အပြုသဘောနဲ့ လေးစားနားလည် လက်ခံ ပေးပြီး အန္တရာယ် ကင်းစေဖို့ ရည်ရွယ်ပါတယ်။ အဲ့လို ဖြစ်ဖို့  အကြမ်းဖက်မှု၊ အတင်းအကြပ် ခိုင်းစေမှု ခွဲ ခြားဆက်ဆံမှုတွေ ကင်းရှင်းရမယ်။ ဒါမှ အန္တရာယ် ကင်းကျေနပ်ပျော်ရွှင်တဲ့ လိင်မှုဆိုင်ရာ ဘဝကို ရရှိမှာ ဖြစ်တယ်။
မျိုးဆက်ပွား ကျန်းမာရေး
မျိုးဆက်ပွားခြင်းဆိုင်ရာ အင်္ဂါများနဲ့ ၎င်းတို့ ရဲ့ လုပ်ဆောင်ချက်များမျာ အနာရောဂါနဲ့ မသန်စွမ်းမှုတွေ ကင်းရှင်းရုံသာမက ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လူမှုရေးမှာလည်း အဆင်ပြေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ လိင်မှု ကိစ္စတွေ နဲ့ ပတ်သက်ရင် အန္တရာယ် ကင်းရှင်းပြီး စိတ်ကျေနပ်စရာ အခြေအနေကို ရရှိမယ်။ မျိုးဆက်ပွားနိုင်စွမ်း ရှိမယ်။ ကလေးယူခြင်း မယူခြင်း၊ ယူရင် ဘယ်တော့ ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် ဆိုတာတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ရမယ်။ အဲ့ဒီအတွက် အမျိုးသား/ အမျိုးသမီးတွေဟာ အန္တရာယ် ကင်းပြီး ထိရောက်မှုလဲ ရှိတဲ ၊ ၎င်းတို့ တတ်နိုင်တဲ့၊ လက်ခံနိုင်တဲ့ သားဆက်ခြား၊ သန္ဓေ တားနည်းလမ်းတွေ အကြောင်း လက်လှမ်းမီ သိရှိပြီး ကိုယ်တိုင် ရွေးချယ်နိုင်ရမယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နဲ့ မီးတွင်းအချိန်တွေ မှာ လုံခြုံစိတ်ချ ဘေးကင်းစွာနဲ့ မိခင်ရော ကလေးပါ ကျန်းမာအောင် စောင့်ရှောက်မှုတွေ ပေးတာလည်း ရရှိရမယ်။ အဲ့ဒါတွေအပြင် မျိုးဆက်ပွား အင်္ဂါတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ၊ ရောဂါတွေ အကြောင်းနဲ့ ကာကွယ်နည်းတွေကို သိရှိပြီး မိမိကိုယ်ကို စောင့်ရှောက်ဖို့  အတွက်ပါ ပါဝင်ပါတယ်။ အန္တရာယ် ကင်းပြီး ကျေနပ် ပျော်ရွှင်ရတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး (sexual health) လဲ ပါဝင်တယ်။ ဒါကြောင့်မို့ မျိုးဆက်ပွား ကျန်းမာရေးလို့ ပြောရင် ကျယ်ပြန့် တယ်။
မြန်မာနိုင်ငံမှာတော့ လိင်ကျန်းမာရေး (သို့ မဟုတ်) လိင်မှုဆိုင်ရာ ကျန်းမာရေး ကလွဲလို့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာပေးတာတွေ ကို ကျန်းမာရေး ဝန်ကြီးဌာန၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ ဝန်ဆောင်မှုတွေ အများအပြား ပေးနေတာကို တွေ့ ရတယ်။ ဒါပေမယ့်လည်း လိင်ကျန်းမာရေး (သို့ မဟုတ်) လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေဟာ (သတင်းအချက်အလက် ပေးတဲ့နေရာကစပြီး ဝန်ဆောင်မှု ပေးတာတွေဟာ ပြည်သူတွေ ကြားထဲမှာ တော်တော်လေး မြှင့်တင်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်)။
၂၀၁၀ ခုနှစ် နောက်ပိုင်း နှစ်တွေ မှာတော့ လိင်ကျန်းမာရေးနဲ့ ဆိုင်တဲ့ စာအုပ် အချို့ ကို အရင်ကထက်စာရင် ပိုမို တွေ့ ရှိလာရတယ်လို့  ပြောလို့ ရမယ်။ ဥပမာ ဆိုရင် ၁) အပျိုဖော်ဝင်စ မိန်းကလေးတို့ အတွက် လိင်ကျန်းမာရေး၊ ၂) အရွယ်ရောက်စ မိန်းကလေးများအတွက် ခေါင်းခါး ခြေလက် အကြံပေးချက် စတဲ့ လူငယ် မိန်းကလေးတွေအတွက် လိင်မှု ဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင်းပေးပြီး ရေးထားတဲ့ စာအုပ်တစ်ချို့  ကို တွေ့ လာရပါတယ်။ မျိုးဆက်ပွား အင်္ဂါတွေမှာ အပျိုဖော် ဝင်စ အချိန်တွေမှာ ဖြစ်လေ့ရှိတဲ့ ကြောင်းတွေ ရှင်းပြထားရုံ မကဘဲ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောသဘာဝ လေးတွေကို ရေးထားတာဖြစ်တဲ့ အတွက် ဒီစာအုပ်တွေထဲက အကြောင်းအရာတွေဟာ စိတ်ဝင်စားဖွယ် ဖြစ်ပြီး တစ်ကယ့် ကို ဗဟုသုတဖြစ်စေပါတယ်။ ဒါပေမယ့် ဒီစာအုပ်နှစ်အုပ်ကို ကြည့်လိုက်ရင် ပထမ စာအုပ်က ခေါင်းစဉ်ကြောင့် မို့လို့ လက်ရှိ အခြေအနေမှာ စာရေးသူ ရည်ရွယ်ထားတဲ့ လူအုပ်စု ဖြစ်တဲ့ အပျိုဖော် ဝင်စ မိန်းကလေးတွေဟာ စာအုပ်ကို ပေါ်ပေါ်ထင်ထင် ဝယ်ရဲ ဖတ်ရဲ ပါ့မလားဆိုတာ တွေးစရာပါ။ ဒုတိယ စာအုပ်ကတော့ စာအုပ်ခေါင်းစဉ်ကို က အဆင်ပြေပြီး ပုံလေးတွေနဲ့ ရှင်းပြ ပြောပြထား တဲ့ အတွက် စာရေးသူ ရည်ညွှန်းထားတဲ့ လူအုပ်စုအတွက် အလွယ်တကူ ဝယ်ဖတ်ဖို့ အဟန့်အတား နည်းနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ပုံလေးတွေဟာ မြန်မာပြည် အခြေအနေနဲ့  ကိုက်ညီမယ့် ရုပ်ပုံတစ်ချို့ အဖြစ် ပြောင်းလဲ လိုက်မယ်ဆိုရင် တော့ ပိုမို ကောင်းမွန်တဲ့ ပညာပေးစာအုပ်လေး တစ်အုပ် ဖြစ်လာမှာပါ။ ဒီစာအုပ် နှစ်အုပ်စလုံးဟာ လူငယ် မိန်းကလေးများအတွက်သာ ရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အမျိုးသားလေးတွေအတွက် လိင်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ လိုအပ်နေပါသေးတယ်။




