လွန်ခဲ့တဲ့ သြဂုတ်လတုန်းက ကျမရဲ့အသင်းတော်မှာ “လောင်မြိုက်သော မေးခွန်းများလို့” ဆိုတဲ့ ထူးထူးဆန်းဆန်းအစီအစဉ်လေးတခုကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ အဓိက တော့ အသင်းသူအသင်းသားတွေဆီကနေ ရုတ်တရက်မျော်လင့်မထားတဲ့ ဘာသာရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ အလွန်အင်မတန်မှ ခက်ခဲနက်နဲ့ ရှုပ်ထွေတဲ့ မေးခွန်းတွေ၊ အသင်းတော်မှာ ဘယ်သူမှ သိပ်မဆွေးနွေးချင်တဲ့ မေးခွန်းလေးတွေကို လက်ခံဆွေးနွေးတဲ့အစီအစဉ်လေးပါ။ အဲဒီနေ့က မေးခွန်းတွေ သိပ်များလာတော့ ကျမမှာလည်း ဘာမှ ကြိုတင်ပြင်ထားတာမျိုး မရှိတဲ့အခါကျတော့ သူတို့ကို ကတိတခုပေးလိုက်မိပါတယ်။
အဲဒီကတိကတော့ တခြားမဟုတ်ပါဘူး ဒီလိုဆို တနှစ်တာကာလပတ်လုံး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ဒီအစီအစဉ်လေးကို အကောင်အထည်ဖော်သွားကြရအောင်ပေါ့။ မေးလာသမျှမေးခွန်းတွေကို အကုန်ကောက်မယ် အဲဒီထဲကမှ လူမေးအများဆုံးဖြစ်တဲ့ မေးခွန်းသုံးခုကိုရွေးမယ်။ ပြီးရင်အဲဒါကို ကျမကဖြေကြားပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဆိုတော့ အဲဒီနေ့မှာပဲ သိပ်မကြာလိုက်ပါဘူး မေးခွန်းတွေ အကုန်စုလိုက်တဲ့အချိန်မှာတော့ လူမေးအများဆုံးမေးခွန်းသုံးခုထွက်လာခဲ့ပါတယ်။ အဲဒီမေးခွန်းတွေကတော့
၁) လိင်တူချင်းချစ်တာ အပြစ်လား (သို့) လိင်တူချင်းစုံမက်တာ တကယ်အပြစ်ရှိပါသလား
၂) ငရဲဆိုတာ တကယ်ရှိပါသလား
၃) တပါးသူရဲ့အပြစ်ကို ဘယ်လိုခွင့်လွတ်ပေးရမလဲ
အဲဒီမေးခွန်းသုံးခုထဲကမှ လိင်တူချင်းချစ်တာ အပြစ်လားဆိုတဲ့ မေးခွန်းက နံပါတ် (၁) ချိတ်နေပါတယ်။ ဆိုတော့ ကျမက ဒီမေးခွန်းကို လာမယ့်အပတ်မှာ ဖြေဖို့အတွက်စတင်ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီမေးခွန်းကို ဖြေနိုင်ဖို့အတွက် ကျမ တပတ်လုံး လိင်တူချစ်ခြင်းနဲ့ ခရစ်ယာန်အသင်းတော် စတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်တဲ့ စာအုပ်စာပေတွေကို ရနိုင်သလောက် လိုက်လံဖတ်ရှုရပါတော့တယ်။ ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှာရှိတဲ့ စကော်လာတွေရဲ့စာတွေကို ကျမအပတ်တကုတ်လေ့လာဖတ်ရှုခဲ့ရပါတယ်။ အဲဒီထဲမှာ ယူနိုက်တက် အသင်းတော်ကထုတ်ဝေခဲ့တဲ့ “အပြစ်သားဘ၀နှင့် နေထိုင်အသက်ရှင်ခြင်း”၊ ပြီးတော့ ဧ၀ံဂေလိအသင်းတော်ကဘာသာရေး ဆရာတွေသားခဲ့တဲ့ “လိင်တူချင်းချစ်တဲ့သူတွေဟာ ကျနော်၊ကျမတို့ရဲ့ အိမ်နီးချင်း ဆိုတဲ့စာရင်းမှာ အမှန်တကယ်ပါပါရဲ့လား”အစရှိတဲ့စာအုပ်တွေလည်းအပါအ၀င် လက်လှမ်းမှီသမျှ အကုန်ကိုဖတ်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ ကျမတပတ်လုံး စာအုပ်ပုံတွေထဲမှာ အချိန်ဖြုန်းခဲ့ပြီးတဲ့နောက်မှာတော့ လာမယ့်အပတ်မှာဆွေးနွေးမယ့် “လိင်တူချင်းချစ်တာအပြစ်လား”ဆိုတဲ့မေးခွန်းကို ဖြေကြားဖို့အတွက် ကျမမှာအဆင်သင့်ဆိုသလိုမျိုဖြစ်လို့နေခဲ့ပါပြီ။
ဒါပေမယ့် ဘယ်လိုဖြစ်တယ်မသိဘူး တနင်္ဂနွေနေ့မရောက်ခင် ကြာသာပတေးနေ့မှာ မမျော်လင့်ပဲ ကျမဖြေမယ့်ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကျမနည်းနည်းလေးတွေဝေနေသလို ခံစားလာခဲ့ရပါတယ်။ ဒါနဲ့ပဲ ကျမကိုယ့်ကိုယ်ကိုယ် ပိုသေချာအောင်ဆိုပြီး ကိုယ့်ကိယ်ကို မေးခွန်းတွေအထပ်ထပ် ပြန်မေးနေခဲ့ပါတယ်။
“ဒီမေးခွန်းကို ဖြေရတဲ့ ကျမရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ပန်းတိုင်ကဘာလဲ? ပေါ့
ခရစ်ယာန်သင်းအုပ်ဆရာမ တယောက်အနေနဲ့ ကျမတို့အသင်းသူအသင်းသားတွေကြားထဲမှာ ဒီလိင်တူချင်းချစ်တဲ့ကိစ္စက အလွန်အင်မတန်ကိုမှ ထိလွယ်ရှလွယ် ဆွေးနွေးရခက်ခဲတဲ့ အကြောင်းအရာတခုဖြစ်တယ်ဆိုတာကို ကျမကောင်းကောင်းသိပါတယ်။ ဒီလိင်တူချင်းချစ်တဲ့ ကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် အထူးသဖြင့်ကျမတို့ ခရစ်ယာန်ဘာသာဝင်တွေမှာ အမြင်းအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုးတွေနဲ့ ရှုပ်ထွေးပွေလီလှတဲ့ အကြောင်းအရာတခုလို ခံစားရှုမြင်သပ်ကြတာာ လူတိုင်းသိပါတယ်။ တချို့ဆို ခေါင်းထဲတောင် အရောက်မခံ နိုင်တဲ့သူတွေအများကြီးပါ။
ဒါကြောင့် ဒီလိင်တူချင်းချစ်ခင်စုံမက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကျမတို့အသင်းတော်တွေမှာ ဒီနေ့မေးသင့်မေထိုက်တဲ့၊ ဆွေးနွေးဖို့သင့်တဲ့ အကြောင်းအရာတခုဖြစ်လာခဲ့ပြီဆိုတာကို ကျမသိနားလည်လာခဲ့ပါတယ်။ သီအိုရီအတွေးအခေါ် တခုသက်သက်တင်မဟုတ်တော့ပါဘူး။ တကယ်လက်တွေ့ဘ၀နဲ့ကိုဆက်စပ်နေတဲ့ ကိစ္စအကြောင်းအရာဆိုတာကို ကျမလုံးဝလက်ခံထားလိုက်ပါတယ်။
အခု ကျမဒေသနာတော်ကို ဟောကြားတော့ မယ့်အချိန်မှပဲ ဟောဒီဘုရားကျောင်းထဲမှာ ထိုင်နေတဲ့သူတွေထဲမှာတင်“ငါတို့လင်မယား ဘယ်လိုဖြစ်ပြီး လိင်တူစုံမက်တဲ့ ဂေး ကလေးကိုမှ မွေးမိလိုက်တာလဲ၊ ငါတို့လင်မယား ဘာအပြစ်များလုပ်ခဲ့မိလို့လဲ” ဆိုပြီး ၀မ်းနည်းပက်လက်နဲ့ ယူကျူံးမရ စဉ်းစားနေတဲ့ စုံတွဲမိဘတွေတပုံရှိနေနိုင်သလို မိမိသိပ်ချစ်ရတဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလုပ်အကိုင် ဂုဏ်သိက္ခာတွေ ထိုခိုက် နစ်နာသွားမှာကို စိုးရိမ်တဲ့အတွက် ကိုယ့်ကိုယ်ကို လိင်တူချစ်သူပါလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောဆိုဝံ့ပဲ အသင်းတော်ရဲ့ ဝေယျာဝိစ္စအ၀၀ကို ရိုးရိုးသားသား ကြိုးကြိုးစားနဲ့ ဆက်ကပ်နေတဲ့ လိင်တူချစ်သူ တွေလည်း ဒီဘုရားကျောင်းထဲမှာ ဒုနဲ့ဒေး ရှိနေကြပါလိမ့်မယ်။
ကျမတို့အသင်းတော်အထဲမှာ ကိုယ့်ကိုယ်ကို ဂေး ဖြစ်မှန်သိနေလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်နေတဲ့ လူငယ်တွေလည်း တပုံကြီးပါ ဒီအကြောင်းကို ကျမတယောက်ထဲ သိနေတာမဟုတ်ပါဘူး၊ ကျန်တဲ့လူတွေလည်း အများကြီးသိကြမှာပါ ဒါပေမယ့် အားလုံး ရေငုံနှုပ်ပိတ်နေကြပါတယ်။ အဲဒါဘာကြောင့်လဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမတို့ခရစ်ယာန် အသိုင်းအ၀ိုင်းမှာ ဝေခွဲမရတဲ့အတွေးတွေ၊ အဖြေမရှိတဲ့မေးခွန်းတွေနဲ့ အင်မတန်မှကို ပွေလီရှုပ်ထွေး ပြီး စဉ်းစားအဖြေရှာမရနိုင်အောင် ပင်ပန်းနေကြတဲ့ အတွက်ကြောင့်လို့ပဲ ကျမထင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ အချိန်တန်ပြီးလို့ ကျမဆိုပါရစေ။
ဒီမနက်အတွက် ကျမဝေမျှချင်တဲ့ ဒေသနာတော်ရဲ့ ပထမဦးဆုံး ရည်မှန်းချက်ကတော့ အသင်းသူအသင်းသားတွေအားလုံးကို လာမယ့်အပတ်စဉ်တွေတိုင်းမှာ ကိုယ့်ရဲ့မြင်တဲ့အမြင်နဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဆွေးနွေးခိုင်းကြဖို့ပါပဲ။ စကားရည်လုပွဲတွေမှာလုပ်သလိုမျိုး ခေါင်းစီးတခုပေးပြီး ဘောင်သတ်မှတ် ဆွေးနွေးခိုင်းတာမျိုး မဖြစ်စေချင်ပါဘူး ကိုယ်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံပေါ်မှာမူတည်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခိုင်းစေချင်တာပါ။ ကိုယ့်အမြင်ကို ကိုယ် ပွင့်ပွင့်လင်းလင်းတင်တင်ပြကြပါ၊ ကိုယ့်နှလုံးသားထဲကလာတဲ့ စကားသံတွေနဲ့ အတူ ကိုယ့်ဘ၀ အတွေ့အကြုံထဲကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုပဲ ပြောဆိုဆွေးနွေးစေချင်ပါတယ်။
ဆိုတော့ လောလောဆယ် ကျမဖတ်မှတ်လေ့လာခဲ့သမျှ စာအုပ်တွေကို ဘေးဖယ်ထားလိုက်ဦးစို့လား။ ကျမလည်း ကျမအတွေ့အကြုံဖြတ်သန်းမှုကနေ သိရှိနားလည်းလာခဲ့ရတဲ့ လိင်တူချင်းချစ်တဲ့သူတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို စတင်ဆွေးပါရစေလားရှင်။ ဒီလိုပဲ နောက်လတွေမှာလဲ အသင်းသားတွေထဲကနေ ကျမလိုပဲ ကိုယ့်ဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ လိင်တူချင်းချစ်သူတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တယောက်တလှည့်စီ သက်သေခံသွားကြတာပေါ့၊
ကျမက ရှေးရိုးစွဲခရစ်ယာန်မိသားစုကနေ မွေးဖွားကြီးပြင်လာခဲ့ရတဲ့သူပါ။ ဒါပေမယ့် ကျမငယ်ငယ်ကတည်းက တက်ရောက်ခဲ့တဲ့ ဘုရာင်းကျောင်းကနေ အမြဲသင်ယူနားလည်ခဲ့ တာကတော့ ဘုရားသခင်ရဲ့ ချစ်ချင်းမေတ္တာဟာ လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီအတွေးအခေါ်ဟာ ကျမကြီးပြင်းခဲ့တဲ့ အသင်းတော်ရဲ့ ဓမ္မ အတွေးအခေါ်ပါ။ အဲဒါထက်ပိုလို့အရေးကြီးတဲ့ အချက်နောက်နှစ်ချက်ကိုလည်း ကျမ ငယ်ကတည်းကနေ သင်ယူလေ့လာခဲ့ရပါတယ် အဲဒါတွေကတော့ ဘုရားသခင်ကိုချစ်ဖို့ရန်နဲ့ ကိုယ့်ရဲ့ အိမ်နီး နားချင်း (သို့) ကိုယ်နဲ့စပ်ဆိုင်သောသူကို ကိုယ်နဲအမျှချစ်ဖို့ရန် ဆိုတဲ့အချက်တွေပါပဲ။
ကျမပဲဂရုမစိုက်မိတာလား ဘယ်လိုလဲတော့ ကျမလည်း မမှတ်မိတော့ဘူး ကျမကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာ လိင်တူချင်းချစ်တဲ့သူ ဆိုတဲ့စကားလုံးကို ကျမဘယ်တော့မှ မကြားဖူးခဲ့ပါဘူး။ ဆိုတော့ကား ကျမ အထက်တန်းကျောင်း မရောက်ခင်ကျမှပဲ ကျမအဲဒီစကားလုံးကိုစကြားခဲ့ဖူးတယ်။ ထူးဆန်းတာက ကျမအဲဒီစကားလုံးကို ကြားကြားချင်း ကျမအတွက် ဘာမှထူးခြားမှုမရှိဘူးဖြစ်နေတယ်၊ ပြောရရင်ကျမအတွက် လိင်တူချင်းချစ်တဲ့သူဆိုတဲ့ စကားလုံးက တခြားသူငယ်ချင်းတွေနဲ့ နှိုင်းလိုက်ရင် ဘာပြသနာမှမရှိဘူး။ အဲဒီအချိန်မှာပဲ ကျမကို ကျမစပြီးသတိထားမိလိုက်တာက ကျမ ငယ်ငယ်ကတည်းက လိင်တူချင်းကြိုက်တယ်ဆိုတာ ရွံစရာ၊ ရှက်စရာ၊ ထိတ်လန့်စရာဆိုပြီးတော့ ဘယ်တုန်းကမှ သင်ကြားမခံခဲ့ဖူးတဲ့အတွက်ပဲဖြစ်မယ်လို့။ အသက်နည်းနည်းကြီးလာတော့မှပဲ သြော် အဲဒီလိုမျိုး လူတဖက်သားကို မုန်တီးရွံရှာအောင် သင်ပေးလိုက်တဲ့ အတွေ့အကြုံတွေဟာ လူ့ဘ၀ရဲ့အနာဂတ်ကို ဘယ်လောက်တောင် အကျိုး သက်ေ၇ာက်မှုဖြစ်စေတယ်ဆိုတာကို သဘောပေါက်လာခဲ့ရပါတယ်။
ကျမ အသက် နှစ်ဆယ်ရောက်တဲ့အထိ လိင်တူချင်းချစ်တဲ့သူဆိုတဲ့ လူသားမျိုးတယောက်ကိုမှ မမြင်ဖူးခဲ့ဖူးပါဘူး။ အဲဒါကြောင့် ကျမရဲ့အတွေးအခေါ်ထဲမှာလည်း လိင်တူချင်း ချစ်ကြတယ်ဆိုတာ လူသားနှစ်ဦးချစ်ကြတာပဲလေ၊ တပါးသူကို မထိုခိုက်ရင်၊ နာကျင်အောင်မလုပ်ဖူးဆိုရင် ပြီးသားပဲ ဘာပြသနာရှိလဲ ပျော်ပျော်ရွင်ရွင်နေကြပါစေပေါ့ ဒီလိုပဲတွေးတယ်။ အဲဒါကျမခေါင်းထဲမှာ အိုတိုမက်တစ် ရှိပြီးသား အတွေးအခေါ်ပါ။
အသက် သုံးဆယ် ဆိုတဲ့ အရွယ်ကို ရောက်လာတဲ့အခါမှာတော့ ကျမမှာ အိမ်ထောင်နဲ့ ကလေးသုံးယောက် အမေ၊ အလုပ်အကိုင်လည်းရှိ တည်ငြိမ်တဲ့ အိမ်ထောင်တခုကို ထူးထောင်ပြီး ခါစအချိန်ဖြစ်လို့နေပါပြီ။ အဲဒီအချိနှ်ကျတော့မှပဲ ကျမရဲ့ ဘ၀မှာ လိင်တူချင်းချစ်တဲ့သူဆိုတဲ့ သူကိုပထမဦးဆုံးစတွေ့ခဲ့ဖူးတာပါ။ သူ့နာမည်က ဆယ်လီလို့ခေါ်ပါတယ်။ ကျမက သူနေတဲ့ ဗင်ကူးဗားက ကျမ်းစာကျောင်းမှာ တပတ်နှစ်ရက် ဓမ္မပညာကို လာရောက်ဆည်းပူးသင်ယူနေရတာပါ။ ဆိုတော့ ကျမက အနည်းဆုံးနှစ်ညတော့ ကျောင်းဝန်းထဲမှာ အိပ်ရတယ်။ ဒါနဲ့ ကျောင်းဝန်းထဲက စတူဒီယိုခန်းမှာနေတဲ့ ဆယ်လီနဲ့ ကျမအတူတခန်းထဲပဲအိပ်ရပါတယ်။ ဒီလိုနဲ့ ပုံမှန်ဆိုသလို နောက်နေ့ ဗုဒ္ဒဟူးနေ့ဆိုကျမက အိမ်ပြန်ပေါ့။
ဒီလိုနဲ့ သုံးနှစ်လောက်ကြာလာတဲ့အခါကျတော့ ဆယ်လီနဲ့ကျမ အရမ်းရင်နှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။ ကျမဘ၀မှာလေ ဆယ်လီလောက် ဘာသာတရား ကိုင်းရှိုင်းတဲ့သူ တယောက်မှမမြင်ဖူးခဲ့ပါဘူး။ သူမက ၀ိညာဉ်ရေးပိုင်းမှာ အရမ်းအားကောင်းတဲ့သူ ဇွဲရှိတဲ့သူ ယုံကြည်ခြင်းကြီးတဲ့သူတယောက်ပါ။ မနက်ငါးနာရီဆိုတာနဲ့ထပြီ၊ စက်ဘီးစီးရင်းနဲ့ ဘုရားရှိခိုဖို့အတွက် သူထွက်သွားပြီ၊ ပြီးရင် သူ့မှာ အ၀တ်အစား ငါးစုံနဲ့ ဖိနပ်နှစ်စုံပဲထားတယ်တဲ့ ဘာဖြစ်လို့လဲဆို ဘုရားရဲ့အလိုတော်အရ သူ့အတွက် ငါးစုံဆိုတာ လုံလောက်ပြီပေါ့။ ပြီးရင် တပတ်လုံးလိုလို စေတနာ့ဝန်ထမ်းလုပ်ငန်းတွေကို လိုက်လုပ်တယ်၊ ဆုတောင်းစာအုပ်တွေ ဆိုတာအမြဲသူနဲ့အတူပဲ။ သူ့ကိုကြည့်ပြီး ကျမကို ကျမတောင် ရှက်မိတာ အကြိမ်ကြိမ်ပဲ။ ကျမပြောချင်တာက ဆယ်လီရဲ့ အဓိက ထူးခြားချက်က သူ ဘုရားသခင်ကိုချစ်တယ်၊ ဘ၀ကို ပျော်ပျော်ရွင်ရွင် ရိုးရိုးသားသားနဲ့ဖြတ်သန်းတယ်၊ သူမရဲ့ဘ၀ကို သူမချစ်မြတ်နိုးနိုင်နေသလို တခြားလူတွေကိုလည်း သူမက ချစ်တယ်ဆိုတာပါပဲ။
ကျမတို့နှစ်ယောက်က တယောက်တကုတင်နဲ့ ဟိုဖက်ဒီဖက် ခြေရင်းချင်ဆက်ပြီး အိပ်ကြတာပါ။ ဒီလိုနဲ့ တညတော့ ဆယ်လီက ဆုမကောင်းချင်ဘူးလားလို့ မေးလာပါတယ်။ ကျမဘ၀မှာ ကိုယ့်ရဲ့ဘ၀နဲ့ပတ်သက်လို့ တခြားလူတယောက်ရှေ့မှာ ပွင့်ပွင့်လင်းလင်းဆုတောင်းတာမျိုးတခါမှမလုပ်ခဲ့ဖူးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အတွင်းရေးတွေကို ကိုယ့်ဟာကိုယ် ဖွင့်ချတောင်းခံရတဲ့အရာကိုး၊ ဆိုတော့ အစပိုင်းမှာ ရှက်သလိုလိုခံစားခဲ့ရပါတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ နေသားကြသွားပါတယ်။ ဒီလို အတူတကွ ဆုတောင်ကြရင်းနဲ့မှ နောက်တော့ ဆယ်လီက သူမဟာ လိင်တူချင်းချစ်တဲ့အမျိုးသမီးတယောက်ပါဆိုပြီး ဖွင့်ထုတ်ပြောဆိုလာခဲ့ပါတယ်။
ကျမအတွက်တော့ ဆယ်လီတယောက် သူ့ရဲ့လိင်စိတ်ခံယူမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိလိုက်တာဟာ သူမရဲ့ ရွေးချယ်မှု၊ သူမရဲ့ဆုံးဖြတ်ချက်ချမှုလို့မထင်ပါဘူ။ အခုဒီမှာရှိနေတဲ့ အသင်းသူ အသင်းသားတွေကကော ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို ကိုယ့်ဟာကို ရွေးချယ်လို့ရခဲ့တဲ့ အရာလို့ထင်လို့လား၊ ဒါဟာ ဘုရားကပေးလိုက်တဲ့ ဆုလဒ်မဟုတ်ဘူးလား စဉ်းစားကြည့်ပါ။ အဓိက ကတော့ ဆယ်လီက လူသားတယောက်အနေနဲ့ သူ့ရဲ့ ဘ၀အမှန်ကို ရှာဖွေတွေ့ရှိလိုက်တာမဟုတ်နိုင်ဖူးလား ဟုတ်တယ်ဟုတ်။
ဒီလိုနဲ့ပဲ တစတစနဲ့ ဆယ်လီတယောက်ဖြတ်သန်းခဲ့ရတဲ့ နာကျင်ဖွယ် အဖြစ်အပျက်တွေကို ကျမကိုယ်တိုင်ပဲ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခဲ့ရပါတယ်။ ပထမဦးဆုံးအတွေ့အကြုံကတော့ ဆယ်လီတယောက် ဘုရားသခင်ရှေ့မှာ သူ့ရဲ့အဖြစ်မှန်ကို ၀န်ခံထုတ်ဖော်ပြောဆိုခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ မိသားစု ပြီးတော့ သာသနာရေးအဖွဲ့ ပြီးတော့ အသင်းသူ အသင်းသားတွေနဲ့ ဘုရားကျောင်းရှေ့မှာ စသဖြင့် သူမရဲ့လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဝန်ခံပြောဆိုခဲ့ပါတယ်။ ကျမကတော့ ခုနကပြောခဲ့တဲ့ အတိုင်းပဲ သူ့ရဲ့ ဖွင့်ထွက်ပြောဆိုလာတဲ့ဖြစ်စဉ်တခုလုံးမှာ အဖော်ကောင်းတယောက်အနေနဲ့ ၀င်ရောက်ကူညီခဲ့ပါတယ်။
ဒါပေမယ့် ကျမကိုယ်တိုင် အတော်ကလေးကို နာကျဉ်သွားခဲ့ရတဲ့အဖြစ်ရှိခဲ့ပါတယ် အဲဒါကတော့ သူ သီလရှင်ဝတ်မယ်လို့လျောက်တင်ခဲ့တဲ့ အချိန်မှာ ပရက်စ်ဘက်တီးရီးရန့် အသင်းတော်က ရိုင်းရိုင်းပြောရရင် သူမကိုကန်ထုတ်ပြင်းပယ်ခဲ့ကြပါတယ်။ စာသင်ခန်းတွေမှာလဲ ဒီလောက်တော်တဲ့ ကျောင်းသူ၊ ခရစ်ယာန်တွေထဲမှာဆိုရင်လည်း သူမလောက် ခရစ်ယာန်ပီသတဲ့သူ ယုံကြည်ခြင်းကြီးမားတဲ့သူ အဲဒီလိုအမျိုသမီးတယောက်က လိင်တူချင်းစိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက်ကြောင့် ဆိုတဲ့ တခုတည်းသော အကြောင်းပြချက်နဲ့ သီလရှင်ဝတ်ဖိုကိစ္စ ငြင်းပယ်ခံရတယ်ဆိုတော့ ကျမတော်တော့ကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။
ဘုရားအမှုတော်ဆောင်ဖို့အတွက် ဆယ်လီတယောက်ဟာ အတင့်တော်ဆုံးပဲဆိုတာကို ကျမလုံးဝသိနေခဲ့ပါတယ်။ ဒါနဲ့သိပ်မကြာပါဘူး ဆယ်လီတယောက် အသင်းတော်လူငယ် စီစဉ်ညွန်ကြားရေးမှူးရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသင်းသားတွေထဲကတယောက်က သင်းအုပ်ဆရာကြီးဆီကို ဆယ်လီဟာ ဂေးပါ ဆိုပြီး တိုင်စာပို့ခဲ့တဲ့အတွက်ပါ။ ဆယ်လီ အလုပ်ဖြုတ်ခံလိုက်ရတဲ့အချိန် ကျမ အတော်လေးကို စိတ်ဒေါ်သထွက်မိတဲ့အချိန်ပါ။ ဆယ်လီကို ဒီလိုဆုံးဖြတ်တာဟာ ခရစ်ယာန်ကောင်း တယောက်ရဲ့ လုပ်ရပ်မဟုတ်သလို၊ ဒါဟာ စာတန်မာန်နတ်ရဲ့ ခိုင်းစေမှုတခုပဲလို့ ကျမက ခံစားခဲ့ရတယ်။ အမှန်တော့ ဆယ်လီ့က လူငယ်တွေနဲ့ အတော်လေးကို ပေါင်းသင်နေထိုင် တတ်သူဖြစ်သလို၊ ဆယ်လီက လူငယ်တွေအတွက် အန္တရာယ်တခုပါလို့ ဘယ်သူအတတ်ပြောနိုင်လဲ? အဲဒီလိုပဲ ဂေး မဟုတ်တဲ့ လိင်ကွဲချင်းချစ်သူတွေကရော လူငယ်တွေအတွက် လုံခြုံမှုရှိတယ်လို့ ဘယ်သူက တတ်အပ်ပြောနိုင်မလဲ။
မကြာမှီမှာပဲ ဆယ်လီရဲ့ သောကမီးတွေက ကျမဆီကို တစတစနဲ့ ကူးစက်လောင်ကျွမ်းလို့လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆယ်လီတယောက် မျက်ရည်နဲ့ပဲ အဖော်ပြုပြီး နေလာခဲ့တာ အတော်လေးကြာလာခဲ့ပါတယ်။ တမနက်မှာတော့ ကျမ အိပ်ယာထပြီး လိမ္မော်ရေငဲ့နေတုန်း ဆယ်လီတယောက် အိပ်ယာပေါ်မှာ ငိုရှိုက်နေတာကိုတွေ့မြင်လိုက်ရပြန်တော့ ကျမသူ့ဆီသွား သူဆံပင်တွေကို ပွတ်သပ်ပေးရင်းနဲ့ ကျမသူငယ်ချင်းရဲ့ နာကျင်မှုတွေကို မျှဝေခံစားရင်း ဘာပြောလို့ပြောရမှန်းမသိအောင်ကို ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျမကြိုးစားပြီး ဆယ်လီရေ ဂေးဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ငါခံစားလို့မသိနိုင်ပေမယ့်လို့ ဂေး ဆိုတာဟာ မင်းဘ၀ရဲ့ တစိတ်တပိုင်း ဖြစ်နေတယ်ဆိုတော့ ဘုရား သခင်က မင်းကိုဒီအတိုင်းပဲဖန်းဆင်းခဲ့တာပေါ့ ဘုရားသခင်က နင့်ကို ဂေး ဖြစ်ခိုင်းစေချင်းလို့ကို ဖန်ဆင်းခဲ့တာလေ နင်ဟာ ဘုရားရဲ့ဖန်ဆင်းခြင်းလက်ရာတခုပဲမဟုတ်လား အဲဒါကြောင့် နင်ဘာပဲဖြစ်နေဖြစ်နေ ငါ့နင့်အပေါ်ထားတဲ့ သူငယ်ချင်းတယောက်ရဲ့ ချစ်ခြင်းမေတ္တာက ပျောက်ပျက်သွားမှာမဟုတ်ပါဘူး လို့ပဲအားပေးခဲ့ပါတယ်။
ဒီလိုနဲ့ ဆယ်လီကို ကျမနှစ်သိမ့်စကား ပြောပြီးတဲ့နောက်မှာတော့ ချက်ချင်းဆိုသလို လိင်တူချင်းချစ်တဲ့သူတွေနဲ့ပတ်သက်လို့ ယုံကြည်သူ ခရစ်ယာန်တယောက်အနေနဲ့ ဘယ်နေရာ ဘယ်ရှုထောင့်ကနေကျမ ရပ်တည်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သိမြင်သဘောပေါက်လာခဲ့တော့တာပါပဲ။ ကျမယုံကြည့်တာကတော့ ဆယ်လီဟာ မှားယွင်းနေတဲ့သူ မဟုတ်ဘူး၊ ဆယ်လီကို ငြင်းပယ်ထုတ်ခဲ့တဲ့ အသင်းတော်ကသာ မှားယွင်းတဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့တယ်ဆိုတာပါပဲ။ ဒင်းတို့ကပဲ စာတန်မာန်နတ်ရဲ့ လုပ်ဆောင်မှုနောက်ကို လိုက်ပါသွားခဲ့တာပဲလို့ ကျမပွင့်ပွင့်လင်းလင်း နားလည်သဘောပေါက်ခဲ့ပါတယ်။
ဒီလိုနဲ့ ကျမကျောင်းပြီးတော့ ၀ယ်လင်တန်း မက်သဒစ်အသင်းတော်မှာ ကျမ အမှုတော်ဆောင်ရပါတယ်။ မက်သဒစ်အသင်းတော်ဟာ ကျမ မလာခင် နှစ်တွေကတည်းကနေစပြီး ကွဲကွာနေခဲ့တဲ့ အသင်းသူအသင်းသားများနဲ့ ပြန်လည်ရင်ကြားစေ့နွေးထွေးရေး ဆိုတဲ့ အစီအစဉ်ကိုပြုလုပ်နေခဲ့တာ ကြာပါပြီ။ အဲဒီအစီအစဉ်က အသင်းတော်ကနေ ဖယ်ကျဉ်ခဲ့တဲ့ လိင်တူချင်းချစ်တဲ့သူတွေကို ပြန်လည်ဖိတ်ခေါ်ပြီး မိတ်သဟာရပြုစေခဲ့တဲ့အစီအစဉ်ပါ။
အဲဒီအသင်းတော်မှာ စပြီးအမှုတော်ထမ်းဆောင်တော့ ပထမဦးဆုံးကျမကြုံတွေ့လိုက်ရတဲ့ စိန်ခေါ်မှုက လူငယ်လေးတယောက်က သူ့ရဲ့ လက်ကောက်ဝတ်ကို ဘိလိပ်ဓါးနဲ့ လှီးပြီး အဆုံးစီရင်မယ်ဆိုပြီးဖုန်းခေါ်လာတဲ့ အဖြစ်အပျက်ပါပဲ။ ဒါနဲ့ကျမလည်း ခေါင်းနပန်းတွေကြီးပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းကိုမသိအောင်ဖြစ်ခဲ့တယ် အဲဒါနဲ့ ဘာဖြစ်လို့အဲဒီလို လုပ်ရတာလဲ လို့ မေးတော့ သူက ပြောပြတယ် သူက ဂေး ပါတဲ့၊ ပြီးတော့ ခရစ်ယန်တယောက်လည်းဖြစ်နေတယ်တဲ့ နှစ်ခုစလုံးကိုသူမစွန့်လွတ်နိုင်ဘူးတဲ့၊ ဒါပေမယ့် တကယ့် ခရစ်ယာန်စစ်စစ်ဖြစ်ချင်တယ်ဆိုရင် ခုနက နှစ်ခုက ပြိုင်တူတွဲလို့မရဘူးတဲ့၊ ပြီးတော့ သူ့အဖေကလည်း သူ့ကို အရှုပ်ထုတ်၊ လူပို စသဖြင့် အမြဲတမ်းချိုးနှိမ်ပြီးပြောတယ် အဲဒါကြောင့် သူက လူသားတယောက်အနေနဲ့ ဆက်လက်အသက်မရှင်သင့်တော့ဘူး အသက်မရှင်တော့ဘူးလို့ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမလုပ်နိုင်ခဲ့တာ တခုပဲရှိခဲ့တယ်၊ ကျမ ချက်ခြင်းဆိုသလို့ ဒူးထောက်ချလိုက်တယ် ပြီးရင် ဘုရားသခင် ခုလိုမျိုး လူငယ်လေးတယောက်ကို ဘုရားသခင်ရဲ့ မေတ္တာတော်ရဲ့ ဟိုတဖက်ကမ်းကို ရောက်အောင် တွန်းပို့ခဲ့တဲ့ အသင်းတော်တွေရဲ့ ပြစ်မှုကိုခွင့်လွတ်တော်မှုပါ လို့ပဲဆုတောင်းနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ငါးနှစ်ဆိုတဲ့ ကာလအပိုင်းအခြားအတွင်းမှာ ဒီလိုအဖြစ်အပျက်တွေအမျိုးမျိုးကို တွေ့ကြုံခဲ့ရပါတယ်။ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံထားရတဲ့လူငယ်တယောက်နဲ့ လည်းဆုံဖူးတယ် သူကမေးတယ် “ကျနော်တို့လိုလူတွေကို ဘုရားသခင် မလိုးလားဘူးလား၊ ဘုရားသခင်ငြင်ပယ်ထားတဲ့ စာရင်းမှာပါလားတဲ့”။ ပြီးတော့ အသက်ထွက်ခါနီးမှာ ဘယ်တော့မှလာမတွေ့တဲ့ မိဘတွေကို တသသခေါ်ရင်ဆုံးပါးသွားခဲ့တဲ့ လူငယ်အများကြီးနဲ့လည်း တွေ့ကြုံခဲ့ဖူးတယ်။ အဲဒီအတွေ့အကြုံဟာ ကျမဘ၀မှာ အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်စေခဲ့ပါတယ်။
ဒီလိုနဲ့ ကျမ ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ခရစ်ယာန်ဓမ္မဒေသနာတော်တွေကို ပြန် ဝေဖန်သုံးသပ်မိတယ်။ အမှန်တော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ လူသားအားလုံးအတွက် ဖြစ်တယ်လို့ပဲ ဆုံးမသွန်သင်ခဲ့တာပါ။ သခင်ယေရှုကလည်း ကိုယ်နဲ့ စပ်ဆိုင်သောသူကို ကိုယ်နဲ့အမျှချစ်ဖို့ပဲသွန်သင်ခဲ့တယ်။ ကိုယ်နဲ့စပ်ဆိုင်သောသူတွေ ဆိုတဲ့ အထဲမှာ ဂေး တွေ လိင်တူချစ်သူတွေမပါဘူးလို့ သခင်ခရစ်တော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
သခင်ယေရှုခရစ်တော်ဟာ သူ့ရဲ့ဘ၀တခုလုံးမှာ လူမှုအသိုင်းအ၀ိုင်းကနေ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ မသန့်ရှင်းတဲ့သူတွေလို့ ပြောဆို သတ်မှတ် ခံခဲ့ရတဲ့သူတွေ၊ ပြီးတော့ နည်းမျိုးစုံနဲ့ ခွဲခြားဖိနှပ် ရှောင်ပယ်ခံခဲ့ရတဲ့သူတွေနဲ့ပဲ လက်ပွန်းသတီးနေထိုင်အသက်ရှင်ခဲ့တာပါ။ အညတရ ဒုက္ခိတတွေနဲ့ အစွန့်ပစ်ခံတွေကိုသာ သခင်ယေရှုက ပေါင်းသင်းခဲ့တာပါ။ တခုတော့ ရှိတယ် သခင်ခရစ်တော်က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြောဆို ဆက်ဆံခဲ့တဲ့သူတွေဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို ဘုရားသခင်ရှေ့မှာ အရမ်းကိုမှန်ကန်ပါတယ်၊ ဖြောင့်မတ်ပါတယ်၊ ဘာသာတရား ကိုင်းရှိုင်းပါတယ်လို့ ပြောခဲ့တဲ့သူတွေနဲ့ ကျမ်းတတ်ဖာရိရှဲတွေကိုပဲရှိခဲ့တာပါ။
အဲဒီအဖြစ်အပျက်တွေက ကျမကို သမ္မာကျမ်းစာထဲမှာ လိင်တူချင်းချစ်တဲ့သူတွေ (Homosexuality) နဲ့ပတ်သက်လို့ ဘာတွေများပြောထားလဲဆိုတာကို ပိုပြီးစူးစမ်းလေ့လာချင် စိတ်ကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီမနက်မှာ ဒီအကြောင်းကို အသေးစိတ်ပြောလို့တော့မဖြစ်နိုင်ဘူးထင်တယ်။ နောက်နောင်အချိန်ရှိတဲ့အခါမှပဲ ဒီအကြောင်းကို ဆက်ဆွေးနွေး ကြရအောင်လားနော်။ ဒါပေမယ့် ကျမကို အကျည်းချုပ်လေးပြောပါရစေ သမ္မကျမ်းစာထဲမှာ လိင်တူချင်းချစ်ခင်စုံမက်တဲ့သူ (Homosexuality) ဆိုတဲ့ စကားလုံးက တလုံးမှမပါရိှခဲ့ ပါဘူး။ ဒီစကားလုံးကို စတီထွင်အသုံးပြုလာခဲ့တာမှဖြင့် လွန်ခဲ့တဲ့ ၁၈၉၀ ခုနှစ်လောက်ကမှပေါ်လာတာပါ။
သို့သော်ငြားလည်း လိင်တူချင်းစုံမက်သူတွေရဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အပြုအမှုတွေနဲ့ ပတ်သက်လို့ သမ္မာကျမ်းစာထဲမှာ ဖော်ပြာထားတဲ့ ကျမ်းချက် ခုနှစ်ချက်ပဲ ရှိပါတယ်။ ပထမက သောဒုံနဲ့ ဂေါ်မောရမြိုနှစ်မြို့အကြောင်းပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့လဲ ကျမပြီးခဲ့တဲ့ နှစ်ကဟောပြီးသွားပါပြီး။ ဒီမြို့နှစ်မြို့ကို မီးလောင်တိုက် သွင်းလိုက်ရတာဟာ အသက်အရွယ်ပြည့်ပြီးတဲ့ လိင်တူနှစ်ယောက်ကြားက ဖြစ်ပျက်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက်ကြောင့် မဟုတ်ပါဘူး။
အဓိကတော့ လိင်မှုကိစ္စကို မတရားကျူးလွန်တပ်မက်ကြတဲ့အတွက်ကြောင့် ဘုရားက ပြစ်ဒဏ်စီရင်ချက်ချတာပါ။ သေသေချာချာဖတ်ကြည့်ရင်သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမြို့သားတွေဟာ လိင်တူဆက်ဆံတာကို ခုံမင်နေတဲ့သူတွေ သက်သက်မဟုတ်ပါဘူး သက်သက်ကို ကိလေသာသောမှာပျော်မြူးနေကြတဲ့ သူတွေဆိုတာကို လော့ဒ် က သူသမီးနှစ်ယောက်ကိုတောင် ပေးဖို့ကမ်းလှမ်းတဲ့ အချက်မှာ တွေ့မြင်နိုင်ပါတယ်။
နောက်တချက် တရာဟောရာကျမ်းအခန်းကြီး ၂၃ မှာပါတဲ့ အကြောင်းအရာဟာဆိုရင်လည်း ခါနန်လူမျိုးတွေရဲ့ မျိုးဆက်ပြန့်ပွားမှု ထုံးတမ်းဓလေ့တွေ ဂျူးဘာသာကို ၀င်ရောက် ဖျက်ဆီးသွားမှာကို စိုးရိမ်တဲ့အတွက် တားမြစ်ထားတဲ့အချက်ပါ။ ပြီးတော့ ကောရိန္တုသြ၀ါဒစာ ပထမစောင်နဲ့ တိမောတေသြ၀ါဒစာ ပထမစောင်မှာဖော်ပြထားတဲ့အကြောင်းအရာ တွေဟာလည်း လိင်တူချင်းချစ်တဲ့သူတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာမဟုတ်ပဲ အမျိုးသားပြည့်တန်ဆာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ ၀တ်ပြုရာကျမ်းမှာလည်း လိင်တူချင်းဆက်ဆံတာကို တားမြစ်ထားတဲ့ ကျမ်းပိုဒ်နှစ်ပိုဒ် ရှိပါတယ်။ ဆိုတော့ ဒါကိုတော့ကျမ နည်းနည်းအကျယ်ရှင်းပြချင်ပါတယ်။ ၀တ်ပြုရာကျမ်းမှာက ခုနက လိင်တူဆက်ဆံတာတခုတည်းကိုပဲ တားမြစ်ထားတာမဟုတ်ပါဘူး တခြားအချက်တွေလည်း ရှိပါသေးတယ် - ဥပမာ ဓမ္မတာလာနေတဲ့ အမျိုးသမီး တယောက်ကို သွားကိုင်မိ ထိမိတဲ့ ယောက်ျားဆိုရင် ကျောက်ခဲနဲ့အသေပစ်ပေါက်တတ်ရမယ်လို့ပြောထားပါတယ်၊ ပြီးတော့ အဲဒါတင်မကပါဘူး အိမ်ထောင်ရေးဖောက်ပြန်ပြီးဆိုရင် သေဒဏ်ပေးရသလို လူမျိုးခြားနဲ့ ထိမ်းမြားလက်ထပ်ခြင်းဟာ ကြီးလေတဲ့ပြစ်မှုတွေပါ၊ နောက် တသက်လုံးမစားသင့်တဲ့ အစားအစာဆိုတာမျိုးတွေကို သတ်မှတ်ပေးထားသလို အမျိုးမတူတဲ့ အ၀တ်အထည်နှစ်မျိုးကိုလည်း တဆင်ထဲဝတ်ဆင်ခွင့်မရှိပါဘူး။
ကျမဆိုလိုချင်တာက ဒီလိုပါ ဘယ်လောက်ပဲ ခရစ်ယာန်ပီသတဲ့ ရှေးရိုးစွဲခရစ်ယာန်ဝါဒီတယောက် ဖြစ်ပါစေ ဘယ်သူမှ ခုနကပြောခဲ့တဲ့ ၀တ်ပြုရာကျမ်းထဲက အချက်တွေကို တသွေမတိမ်းလိုက်နာနိုင်မယ့်သူ တယောက်မှရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကျမပြောချင်တာက ကျမ်းစာထဲမှာဖော်ပြထားတဲ့ ဒေသန္တာရနောက်ခံအခြေအနေမှာ ဖြစ်တည်နေခဲ့တဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ ကျင့်ထုံးတွေနဲ့ ရှေးရိုးစွဲ ပုံစံအမြင်တွေကို ဖယ်ပြီးတော့ တကယ့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အစစ်အမှန်ဟာဘာလဲ ဆိုတာကို အမိအရယူခိုင်းစေချင်ပါတယ်။ ဒါကြောင့် ကျမပြောချင်တာက စာအိပ်ထဲကထွက်လာတဲ့စာထဲက အကြောင်းအရာတွေအားလုံးကို လိုက်နာမှတ်ယူနေမယ့်အစာ အဲဒီစာထဲက အဓိကပြောချင်တဲ့ စကား သတင်းအချက်အလက်က ဘာလဲဆိုတာကိုပဲ ကောက်ယူတတ်ဖို့လိုပါတယ်။
လိင်တူချင်းစုံမက်တာနဲ့ ပတ်သက်လို့ သမ္မာကျမ်းစာမှာနောက်ဆုံးရှာဖွေတွေ့ရှိနိုင်တဲ့ကျမ်းချက်တချက်ကတော့ ဓမမ္မသစ်ကျမ်းမှာပါတဲ့ တမန်တော်ရှင်ပေါလုရေးခဲ့ ရောမသြ၀ါဒ စာမှာပါတဲ့ ကျမ်းချက်ပါပဲ။ အဲဒီမှာသူက လိင်တူချင်းဆက်ဆံတဲ့အပြုအမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ထားပါတယ်။ ဆိုတော့ အဲဒီကျမ်းကိုရေးခဲ့တဲ့ အချိန်အခါ တုန်းက ရောမမြို့ရဲ့သမိုင်းကြောင်းအခြေအနေကို တချက်လှမ်းပြီး ပြန်လေ့လာကြည့်မယ်ဆိုရင် ရှင်ပေါလုပြောတာမှန်တာပေါ့ ဘာဖြစ်လို့လဲဆို အဲဒီအချိန်အခါမှာ ရောမ အမျိုးသားတွေ အတော်များများဟာ အသက်ကြီးလာရင် အသက်ငယ်ငယ်ယောက်ျားလေးတွေကို ယူပြီးမှေထုန်မှီဝေးတဲ့ ဓလေ့ကကြီးစိုးနေခဲ့တာလေ၊ ဆိုတော့ အသက်မပြည့် သေးတဲ့ ကလေးငယ်တွေကို ဒီလိုအသက်ကြီးတဲ့လူတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားနေတာကို ရှင်ပေါလု ကန့်ကွက်ဆန့်ကျင့်ခဲ့တာမမှားပါဘူး။
အိုကေ ကျမတို့ ရှင်ပေါလုရဲ့ တားမြစ်ချက်ကို ထပ်တဆင့်တိုး ဆင်ချေတက်ပြီး ပြန်စဉ်းစားကြည့်ရအောင် တကယ်လို့သာ ရှင်ပေါလုက ဘယ်လိုပဲဖြစ်ဖြစ် လိင်တူချင်းနဲ့ ပတ်သက်တဲ့ အပြုအမှုတွေနဲ့ ပတ်သက်လို့ လိင်တူချင်းချစ်တာဖြစ်ဖြစ် ဆက်ဆံတာဖြစ်ဖြစ် အားလုံးကို သူက ကန့်ကွက်ချင်တယ်ဆိုပါဆို့၊ ဒါဆိုရင် ရှင်ပေါလုသွန်သင်ခဲ့တဲ့ တခြားလိုက်နာရမယ့် ကျမ်းချက်တွေကို ပြန်စဉ်းစားကြည့်ကြစို့၊ သူကပြောတယ် အမျိုးသမီးတွေက သူတပါးကို စာမသင်ပေးရဘူး ရှင်းရှင်းပြောရရင် ဆရာမလုပ်ရဘူးပေါ့၊ ပြီးတော့ ဆံပင်မညှပ်ရဘူး၊ ဘုရားကျောင်ထဲမှာစကားမပြောရဘူးလို့ တားမြစ်ခဲ့တာပါ။ အဲဒါကို ဒီနေ့ဘယ်သူလိုက်နာနိုင်လဲ လိုက်နာတဲ့သူကောရှိသေးရဲ့လား၊ ပြီးတော့ သူက ကျွန်ဟာသခင်ရဲ့ စကားကို နာခံရမယ် တကြိမ်မက ငါကြိမ်တိုင်အောင်နာခံနိုင်ရမယ်လို့ပြောခဲ့တယ်။ ဒီကနေ့ အဲဒီအချက်ကိုလက်ခံနိုင်ကြသေးရဲ့လား မိတ်ဆွေတို့ စဉ်းစားကြည့်ပါ၊ အမေရိက တောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင် ၁၅၀ လောက်ကဒီစကားကိုလက်ခံခဲ့ကြတယ် အဲဒါ ဘုရားသခင်ရဲ့ စိတ်ဆန္ဒ အလိုတော်အမှန်တကယ် ဖြစ်တယ်လို့ ရှင်တို့ကျမတို့ ဒီနေ့လက်ခံနိုင်လား စဉ်းစားကြပါ ညီအကိုမောင်နှမတို့။
ဆိုတော့ကျမကလည်း ပြောရတော့မယ် ကျမက ရှင်ပေါလုရဲ့ နောက်လိုက်တပည့်မဟုတ်ဘူး၊ သူကိုယ်တိုင်ကလည်း ပြောခဲ့ပါတယ် ငါ့နောက်မလိုက်ကြနဲ့ တဲ့ သခင်ခရစ်တော် နောက်ကိုသာ လိုက်လျောက်ကြပါတဲ့၊ အဲဒီတော့က ကျမတို့ရဲ့ ယုံကြည့်ခြင်းအရင်းအမြစ်ဖြစ်တဲ့ သခင်ခရစ်တော်ရဲ့ ဆုံးမသွန်မှုဖက်ကို ပြန်လှည့်ကြပါစို့။ဆိုတော့ သခင်ခရစ်တော်ရဲ့ အလင်းရောင်အောက်ကနေ ကျမတို့က သမ္မာကျမ်းစာထဲက ဆုံးမသွန်သင်မှုတွေကို ဝေဖန်းသုံးသပ်ရမယ်။ သမ္မာကျမ်းစာတခုလုံးမှာ လိင်တူချင်းချစ်တဲ့ သူတွေနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ် စုစုပေါင် ခုနှစ်ပိုဒ်ရှိပါတယ်။
အဲဒီကျမ်းချက် ခုနှစ်ချက်စလုံးဟာ ဒီနေ့ဒီအချိန်အခါနဲ့ နှိုင်းပြီးငြင်းခုံကြမယ်ဆိုရင် ဆုံးနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက ကျမတို့ဘ၀မှာ သခင်ခရစ်တော် သွန်သင်ဆုံးမထားခဲ့တဲ့ အရာတွေအများကြီးပါ၊ သူပြောခဲ့တာက လူသားအားလုံးပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရမယ်၊ ကိုယ့်နဲ့စပ်ဆိုင်တဲ့သူ ကိုယ်အိမ်နီးနားခြင်းကို ကိုယ်နဲ့အမျှချစ်ရမယ်၊ တရားစီရင်မယ့်ကိစ္စဟာ လူသားအချင်းချင်းပြုလုပ်ရမယ့် အလုပ်မဟုတ်ဘူး အဲဒါဘုရားသခင်ရဲ့တာဝန်လို့ ပြောခဲ့တာကို မှတ်မိကြမှာပါ။
ချစ်သောညီအကိုမောင်နှမတို့ ဒီလိုနဲ့ပဲ ကျမ ဝေါ်လိန်ဖော့ဒ် အသင်းတော်မှာ အမှုတော်ဆောင်ရင်းနဲ့ ဆယ်လီနဲ့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ကျမသင်ကြားတတ်မြောက်ခဲ့တဲ့ ဓမ္မပညာရပ်ရဲ့အခြေခံအုတ်မြစ်တခုအဖြစ် နှလုံးသားထဲထိအောင်ကို စွဲမှတ်ယူထားလိုက်တော့တာပါ။ အဲဒီနောက်ပိုင်းကစလို့ ဘုရားကျောင်းထဲက သံစုံတေးသီချင်းအဖွဲ၊ အသင်းတော်ကော်မတီ၊ ဘုရားဝတ်ပြုချိန်အစရှိတဲ့ အစီအစဉ်တိုင်းမှာ ဂေးတွေရော ဂေးမဟုတ်တဲ့သူရောအပါအ၀င် အားလုံးအတူတကွ ပျော်ပျော်ရွင်ရွင်နဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်နဲ့ မေတ္တာတော်ကို ၀ိုင်းဝန်းချီမွမ်းနိုင် အောင် ကျမတို့ ကြိုပမ်းခဲ့ကြပါတယ်။
ကဲကျမပြောသွားခဲ့တာကလည်း အတော်လည်းကို များသွားပါပြီ၊ ဆိုတော့ ဒီမနက်ပြောသွားတဲ့ ခေါင်းစဉ် မေးခွန်းနဲ့ပတ်သက်လို့ “လိင်တူချင်းချစ်တာဟာ၊ စုံမက်တာဟာ တကယ်အပြစ်ရှိပါသလား” လို့ ကျမကိုမေးရင်တော့ ကျမကတော့ “အပြစ်မရှိပါဘူး”လို့ပဲဖြေရပါလိမ်မယ်။ အဲဒီလိုဖြေလိုက်လို့ ကျမများမှားခဲ့မယ်ဆိုရင်လည်း ကျမဘုရားသခင်ကို တောင်းပန်ပါတယ်။ ဒါပေမယ့်ကျမ လုံးဝတထစ်ချယုံကြည့်တာကတော့ လိင်တူချင်းချစ်တာ စုံမက်တာဟာ ကျမတို့ ဘာသာရေးရှုထောင့်ကနေပြီး လူမှုရေးကျင့်ဝတ်သိက္ခာနဲ့ ဘာမှမဆိုင်ဘူးလို့ထင်ပါတယ်။ ဥပမာပြောရရင် ဆံပင် အနက်၊ အ၀ါပေါက်လာတဲ့သူ၊ အရမ်ရှည်တာ ပုတာ၊ ဘယ်သန် ညာသန် စတဲ့မွေးရာပါတွေလိုပဲလို့ ကျမကမြင်ပါတယ်။
လိင်တူဖြစ်နေပါစေ၊ လိင်ကွဲပဲဖြစ်နေပါစေ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အပြစ်တွေ၊ အလွဲသုံးစားလုပ်တာတွေ၊ တဖက်သားကို လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့် စော်ကားတဲ့ဟာတွေကို ကျူးလွန်တတ်ကြတာပါပဲ၊ ထိုနည်းလည်းကောင်း လိင်တူပဲဖြစ်ပါစေ၊ လိင်ကွဲပဲဖြစ်နေပါစေ တသက်လုံးကြင်ကြင်နာနာ နဲ့ တသက်လုံးရိုးမြေကျ ပေါင်းသင်းနေထိုင်သွားတဲ့ သူတွေလည်း အများအပြားပါ။ ဒီကနေ့ဒီအချိန်အထိ သင်းအုပ်ဆရာမ တယောက်အနေနဲ့ ကျမလက်ခံယုံကြည့်ထားတဲ့အရာက အသင်းတော်ထဲမှာ လူမှုကျင့်ဝတ်သိက္ခာဆိုတဲ့ စံနှုန်းသတ်မှတ်ချက်ဟာ လိင်တူ လိင်ကွဲနှစ်မျိုးလုံးအတွက် အတူတူပဲဖြစ်သင့်တယ်ဆိုတာပါပဲ။
တကယ်လို့ လိင်တူချင်းချစ်သူစုံတွဲတတွဲ ကျမရဲ့ရုံးခန်းကိုရောက်လာပြီး “ဆရာမရေ ကျနော်တို့ စုံတွဲကို ဆရာမရဲ့ဘုရားကျောင်းကလက်ခံနိုင်ပါ့မလား” လို့မေးလာခဲ့ရင် ကျမက “ရှင်တို့ကို ကျမလက်ခံပါတယ်” လို့ပြောရမလား ဒါမှမဟုတ် “စိတ်မကောင်းလိုက်တာ ကျမက ကျမရဲ့ခံယူချက်တခုတည်းအတွက်သာ ပြောနိုင်တာပါ၊ ကျမရဲ့ အသင်းသူအသင်း သားတွေအားလုံးအတွက် ကိုယ်စားပြုပြီးတော့ ကျမဘယ်လိုပြော လို့ရနိုင်မလဲနော်”
ဒါမှမဟုတ် ကျမက “ဟို ရှင်တို့ နှစ်ယောက် တယောက်ကိုတယောက်ချစ်နေကြတာကို ပွင့်ပွင့်လင်းလင်းမပြောဘူးဆိုရင်တော့ ကျမလက်ခံနိုင်ပါတယ်” လို့ဖြေရမလား ဒါမှမဟုတ် “ရှင်တို့နှစ်ယောက် အသင်းတော်ထဲက ခေါင်းဆောင်ပိုင်းမှာ ပါဝင်အမှုဆောင်တာမျိုးတွေမလုပ်ဘူးဆိုရင် လက်ခံမယ်” ပြောရမလား ဒါမှမဟုတ် “ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ရှင်တို့နှစ်ယောက် အသင်းတော်ဝန်းကျင်မှာ လက်ချင်းချိတ်တွဲပြီးသွားလာတာမျိုး မလုပ်ကြပါနဲ့ ကျမတို့က လိင်ကွဲချင်းချစ်သူတွေကိုပဲ အဲဒီလိုလက်တွဲဖိုခွင့်ပြုထားတာ” လို့ကျမဖြေရမလား ဒါမှမဟုတ် “ရပါတယ်ရှင် သက်တောင့်သက်သာနေပါ” လို့ပဲ ကျမဖြေလိုက်ရမလား။
ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျမတို့အားလုံးရဲ့ စိတ်သဘောထားတွေ အကုန်လုံးတညီတညွတ်တည်းနဲ့ အပြန်အလှန်နားလည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုတာ အချိန်တွေ အများကြီးလိုအပ်သလို နှစ်နဲ့လည်းကြာနိုင်ပါတယ်၊ အဲဒါကြောင့် ကျမတို့ ဘုရားသခင်ဆီလည်းဆုတောင်းရင်း ကျမ်းစာလေ့လာရင်း သေချာစဉ်းစားတွေးခေါ်ကြစို့ အပြန်အလှန် အတွေ့အကြုံတွေကိုဖလှယ်ရင်းနဲ့ ဘုရားသခင်က လိင်တူချင်းချစ်တဲ့သူတွေနဲ့ ပတ်သက်လို့ ဒီအသင်းတော်ကို ဘယ်လိုမျိုးဆုံးဖြတ်ချက်ချစေချင်တယ်ဆိုတာကို စိတ်နှလုံး နှိမ့်ချစွာနဲ့အတူတကွဆုတောင်းပြီး ဘုရားသခင်ထံ လျောက်တင်ကြပါစို့လား လို့ခွန်အားပေးချင်ပါတယ်။
နောက်အပတ်တွေကနေစပြီး ကျမတို့ရဲ့ ဆွေးနွေးပွဲတွေကို စတင်လိုက်ကြပါစို့လား
အာမင်
မှတ်ချက်။ ။ သင်းအုပ်ဆရာမ ဒေါက်တာ ကက်သလင်း ဂျိမ်းစ်(Rev. Dr. Kathlyn James, Washington United Methodist Church) ရဲ့ ဒေသနာတော်ကို တိုက်ရိုက်မဟုတ်ပဲ ဆီလျော်အောင် ကျနော်ပြန်လည် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မှာယွင်းမှုတစုံတခုရှိခဲ့မယ်ဆိုရင် ကျနော့်ရဲ့ အားနည်းချက်သာဖြစ်နိုင်ပါကြောင်း ၀န်ခံအပ်ပါတယ်။
နေားနော် - “လိင်တူချင်းချစ်တာ တကယ်အပြစ်လား” "လိင်တူချင်းချစ်တဲ့ သူတွေကို ဘုရားသခင်တကယ်မုန်းလား”




