လိင်တူချင်းချစ်သူများအခွင့်အရေးဆိုင်ရာ
အဖွဲ့အစည်းတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြောင့် လိင်တူချစ်သူတွေရဲ့
သွေးလှူဒါန်းမှုကို လက်ခံမှာ မဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တဲ့ ထိုင်းအခြေပြု
ကြက်ခြေနီအဖွဲ့ဟာ သိပ်မကြာမှီမှာပဲ ၄င်းတို့ရဲ့ ထုတ်ပြန်ချက်ကို
ပြန်လည်ပြုပြင်မယ်လို့ဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်ဟာ
အမျိုးသားချင်း လိင်တူဆက်ဆံသူများရဲ့ သွေးလှူဒါန်းမှုအပေါ် ပိတ်ပင်တာမြစ်မဲ့
ဥပဒေတခုကို အတည်ပြုတော့မှာ ဖြစ်တယ်လို့ ပြီးခဲတဲ့ ဧပြီလတုန်းက
ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီလိုမျိုး
လိင်တူချင်းဆက်ဆံသူတွေရဲ့ သွေးလှူဒါန်းမှုအပေါ်တာမြစ်တဲ့ ဥပဒေမျိုးကို
အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉ရရ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိတည်ရှိခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းကတော့ “အဲဒီလို အမျိုးသားချင်း လိင်တူဆက်ဆံသူများအပေါ်
တားမြစ်ပိတ်ပင်တာမျိုးကို ဆေးပညာရှုထောင့်ကပဲ ဖြစ်ဖြစ်၊ ဆေးသိပ္ပံဘာသာရပ်
ရှုထောင့်ကပဲ ဖြစ်ဖြစ် ပိတ်ပင်တားမြစ် ထားတာမျိုးမရှိတော့ပါဘူး” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထိုင်းကြက်ခြေနီအဖွဲ့ရဲ့
ဆုံးဖြတ်ချက်ထုတ်ပြန်မှုအပေါ် နိုင်ငံတ၀န်းမှာရှိတဲ့ လူ့အခွင့်အရေးနှင့်
လိင်တူချင်းချစ်သူများအခွင့်အရေးအတွက် လှုပ်ရှားနေသူတွေက
ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။ ပြီးတော့ လိင်တူချင်းဆက်ဆံသူတွေဖြစ်လို့
သွေးလှူခွင့်ပိတ်ပင်တယ်ဆိုတာထက် လိင်ဆက်မှုကိစ္စနဲ့ပတ်သက်လာရင် လိင်တူဖြစ်ဖြစ်၊
လိင်ကွဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ အကျင့်စရိုက်၊ အပြုအမူတွေရှိခဲ့ဖူးတဲ့သူဆိုရင်
ဘယ်သူ့ကိုဖြစ်ဖြစ် သတိရှိရှိနဲ့ သွေးစစ်ဆေးရမယ်လို့ ဆိုရင် ပိုပြီးမျှတမှု
ရှိလိမ့်မယ်လို့ လူ့အခွင့်အရေးနှင့် လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူများက ပြန်လည်ပြောဆိုခဲ့ပါတယ်။
အလားတူပဲ ထိုင်းနိုင်ငံ
လူ့အခွင့်အရေးကော်မရှင်ရုံးကလည်း ထိုင်းကြက်ခြေနီအဖွဲ့ဟာ ခွဲခြားဆက်ဆံမှုတွေကို
ကျင့်သုံးနေတယ်ဆိုပြီး အခြေခံဥပဒေ တရားရုံးချုပ်မှာ ဆွဲချက်တင်ခဲ့ပါတယ်။
ထိုင်းကြက်ခြေနီအသင်းရဲ့ ဒါရိုက်တာ ဆွဲဆန်ကတော့ အခုလိုတောင်းပန်ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။ “အမှန်တကယ်တော့
ကျမတို့ဘယ်သူတဦးတယောက်ကိုမှ နာကျင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့
ဒီထုတ်ပြန်ကြေညာချက်ကို ထုတ်ခဲ့တာမဟုတ်ပါဘူး။
ကျမတို့ရဲ့တခုတည်းသောရည်ရွယ်ချက်ကတော့ လူနာတွေအားလုံးရဲ့ အသက်အန္တရာယ်
လုံခြုံရေးအတွက် စိုးရိမ်တဲ့စိတ်တခုထဲတင်ပါလို့” ပြောဆိုခဲ့ပါတယ်။
ဆွဲဆန်ပြောဆိုချက်အရဆိုရင်
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ HIV ပိုးရှိနေတဲ့ သွေးလှူရှင် အယောက် ၅၀၀ ကို
တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအထဲကမှ ရောဂါပိုးတွေ့လို့ ဖြေဆေကူညီအကြံပေးမှုကို
ရယူနိုင်ခဲ့တဲ့ဦးရေက သုံးပုံတပုံဘဲ ရှိခဲ့သလို အဲဒီလိုကူညီမှု ရယူခဲ့တဲ့သူတွေထဲကမှ
ထက်ဝက်က အမျိုးသားချင်း လိင်တူဆက်ဆံခဲ့ဖူးသူများဖြစ်ပြီး၊ ကျန်တ၀က်ကတော့
လိင်တူလိင်ကွဲနှစ်မျိုးနဲ့ ဆက်ဆံဖူးတဲ့အတွေ့အကြုံရှိသူတွေလို့ ဆိုပါတယ်။ ဘန်ကောက်ပို့စ်သတင်းစာရဲ့ ထုတ်ဖော်ရေးသားချက်အရ
၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ HIVရောဂါပိုးကူးစက်ခဲ့သူတွေ ၁၄၀၀၀
နီးပါးရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအထဲကမှ ၃၄ ရာခိုင်နှုန်းဟာ
အမျိုးသမီးနဲ့ အိမ်ထောင်ရှင်အမျိုးသမီးများဖြစ်ပြီး အမျိုးသားချင်း
လိင်တူဆက်ဆံသူများကတော့ ၂၄ ရာခိုင်နှုန်းနဲ့ ဒုတိယကူးစက်မှု အများဆုံးအုပ်စု
ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ရောဂါဘယ
ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ဘန်ကောက်မြို့မှာရှိတဲ့
အမျိုးသားချင်း လိင်တူဆက်ဆံသူများထဲမှ ၂၈ ရာခိုင်နှုန်းဟာ HIV ရောဂါ
ကူးစက်ခံထားရသူများ ဖြစ်တယ်လို့ ဆိုပါတယ်။




