25
Apr

လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများနှင့် မူးယစ်ဆေးဝါးသုံးသူများကြား HIVကူးစက်မှုနှုန်းမြင့်



အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ရန် အန္တရာယ်အများဆုံး အုပ်စုဝင်များဖြစ်ကြသည့် လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်
ပြည့်တန်ဆာများတွင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုနှုန်း မြင့်မားနေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီ
အကြီးအကဲ မိုက်ကယ်လ်စီဒီဘီက မတ်လ(၁၅) ရက်နေ့တွင် ပြောဆိုသည်။

ထိုသူများအနေနှင့်
သူတိုရဲ့လုပ်ရပ်များသည် ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသည်ကို သိသည့် အတွက်ကြောင့်
အကူအညီရယူရန် မကြိုးစားကြဘဲ ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်နေကြ၍ ထိုသို့ ကူးစက်မှုနှုန်း
မြင့်မားနေခြင်းဖြစ်ကြောင်း မိုက်ကယ်စီဒီဘီက ဆက်လက်ပြောဆိုသည်။

လိင်တူဆက်ဆံခြင်းကို
သေဒဏ်အဖြစ် ချမှတ်ထားသည့် (၇)နိုင်ငံအပါအ၀င် (၈၅) နိုင်ငံတွင် အရွယ်ရောက်သူများအကြား
လိင်တူဆက်ဆံခြင်းကို ပြစ်မှုအဖြစ် ဥပဒေ ချမှတ်ထားဆဲဖြစ်သည်ကို လက်မခံနိုင်ကြောင်း
UNAIDS အကြီးအကဲ မိုက်ကယ်လ်စီဒီဘီက ပြောဆိုသည်။

UNAIDS
အနေနှင့် သူတို့၏ အစီအစဉ်ကို တိုးချဲ့လုပ်ကိုင်နေကြောင်းနှင့် ကမ္ဘာတ၀ှန်း လက်ခံနိုင်သည့်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကုသမှုအစီအစဉ်ကို ရှာဖွေကြိုးပမ်းနေကြောင်း စီဒီဘီကပြောဆိုသည်။
သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်အများဆုံး
အုပ်စုဝင်များ လက်ခံရရှိဖို့ မဖြစ်နိုင်လောက်အောင် တိုင်းပြည်များက ဆိုးရွားသည့် ဥပဒေများကို
ပြဌာန်းထားသည့် အတွက်ကြောင့် သူ့အနေနှင့် ထိတ်လန့်မိကြောင်းလည်း စီဒီဘီက ဆက်လက်ပြောဆိုသည်။

'ရှေးရိုးစွဲဝါဒ
လွှမ်းမိုးနေမှုက ကျနော်တို့ကို အလွန်ပဲ စိုးရိမ်ထိတ်လန့်မှု ဖြစ်စေပါတယ်ဟု စီဒီဘီက ဖြည့်စွက်ပြောဆိုသည်။
'အနည်းစုတွေရဲ့ အခွင့်အရေးတွေကို အတည်ပြုနိုင်အောင်လည်း ကျနော်တို့ ပြင်းပြင်းထန်ထန်
တောင်းဆိုရပါမယ်။ ကျနော်တို့ ဒါကို မလုပ်ဘူးဆိုရင် ကူးစက်ပျံ့နှံ့မှုနှုန်းက ထပ်ပြီး
ကြီးထွားလာ လိမ့်ဦးမယ်။ အများစုကြီးရဲ့ နိုင်လိုမင်းထက်ပြုမှုကို ကျနော်တို့ လက်မခံနိုင်ပါဘူးဟု
စီဒီဘီက သတိပေးပြောကြားသည်။

တရုတ်မှသည်
ကင်ညာ၊ မော်လ၀ီအထိ နိုင်ငံပေါင်း (၃၃) နိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ
လူသစ်များ၏ (၃၃) ရာခိုင်နှုန်းသည် ယောက်ျားချင်း လိင်တူဆက်ဆံရာမှ ကူးစက်ခြင်းဖြစ်ကြောင်း၊
ကူးစက်မှုနှုန်း သိသိသာသာ မြင့်မားနေကြောင်း ကုလသမဂ္ဂဖောင်ဒေးရှင်းက တည်ခင်းဧည့်ခံသည့်
နေလယ်စာစားပွဲတွင် စီဒီဘီက ဂျာနယ်လစ်အုပ်စုတစုသို့ ပြောကြားခဲ့သည်။

ခြားနားမှုအနေနှင့်
ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ မရှိသည့် နိုင်ငံအများစုရှိရာ ကာရစ်ဘီယံ ဒေသတွင် ယောက်ျားချင်း
လိင်တူ ဆက်ဆံရာမှ ကူးစက်မှုနှုန်းထားသည် (၃) ရာခိုင်နှုန်းနှင့် (၆)ရာခိုင်နှုန်း ကြားတွင်သာရှိကြောင်း
စီဒီဘီက ပြောဆိုသည်။

ဥဒေတင်းကြတ်မှု
မရှိသည့် အမေရိကန်ပြည်ထောင်စု၌ပင်လျှင် လိင်တူဆက်ဆံသည့် ဂေး အသိုင်းအ၀ိုင်းသည် အေအိုင်ဒီအက်စ်
ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပထမဦးစားပေး ကိုင်တွယ်ဖြေရှင်း နေရသည့် အုပ်စုဖြစ်ကြောင်း၊
လိင်တူဆက်ဆံသူများအကြား ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကူးစက်မှု နှုန်းထားသည် အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံရသူ လူသစ်များ၏ (၅၀) ရာခိုင်နှုန်းကျော်သည့်အတွက် အထူးပင် ထိတ်လန့်တုန်လှုပ်စရာကောင်းကြောင်း၊
(၁၉)နှစ်နှင့် (၂၅) နှစ်အရွယ်များအကြားတွင် ကူးစက်မှုနှုန်း ပို၍ပင်မြင့်မားကြောင်း စီဒီဘီက
ပြောဆိုသည်။

'အမေရိကန်ပြည်ထောင်စုမှာ
တကျော့ပြန်လာတယ်လို့ ထင်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကူးစက်မှု မရှိသလောက်ဖြစ်ခဲ့တယ်။
အခုတော့ လိုအပ်တဲ့ အကာအကွယ်တွေ၊ သတင်းအချက် အလက်တွေ မရရှိတဲ့ လူတွေအကြားမှာ ကူးစက်မှုနှုန်း
ပြန်လည်မြင့်မားလာတာကို ကျနော်တို့ ထပ်တွေ့ နေရပါတယ်။ ဒါဟာ အမေရိကန်မှာသာ ပြဿနာတခု
ဖြစ်နေတာ မဟုတ်ဘဲ ဥရောပနဲ့ အာဖရိကမှာလည်းပဲ ထိုနည်း၎င်းပါပဲဟု စီဒီဘီက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင်
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုနှုန်း မြင့်မားသည့်အထဲတွင် မူးယစ်ဆေးသုံးစွဲသူများလည်း
ပါဝင်ကြောင်း စီဒီဘီကပြောဆိုသည်။ 'အရှေ့ဥရောပနဲ့ အာရှအလယ်ပိုင်းမှာဆိုရင် မူးယစ်ဆေး
သုံးစွဲသူတွေကြားမှာ ကူးစက်တဲ့နှုန်းဟာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတဲ့ လူသစ် စုစုပေါင်းရဲ့(၇၀)
ရာခိုင်နှုန်းကျော်ရှိတယ်။ ဒါပေမယ့် သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေပမာ ပြုမူဆက်ဆံ
ခံနေရပါတယ်။ သူတို့ဟာ လိုအပ်တဲ့ အကာအကွယ်တွေ၊ သတင်း အချက်အလက်တွေ မရကြပါဘူး။ အမှောင်ကမ္ဘာထဲမှာ
ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေကြရပါတယ်ဟု စီဒီဘီက ပြောဆိုသည်။

ကမ္ဘာပေါ်တွင်
မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူ (၁၆)သန်းခန့် ရှိသည့်အနက် (၃) သန်းနီးပါး အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံရကြောင်း၊ ကူးစက်ခံရသူများအနက် ၄ ရာခိုင်နှုန်းအောက်သာ ကုသမှု ခံယူရရှိပြီး ၈
ရာခိုင်နှုန်း အောက်သာ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ၏ ၀န်ဆောင်မှုများကို လက်ခံရရှိကြောင်း
စီဒီဘီက ပြောဆိုသည်။

'မူးယစ်ဆေး
အကြောထဲထိုးလို့ ကူးစက်တဲ့နှုန်းကလည်း ယောက်ျားချင်း လိင်ဆက်ဆံလို့ ကူးစက်တဲ့နှုန်းနဲ့
အတူတူလောက်ပါပဲဟု စီဒီဘီက ပြောဆိုသည်။ နေ့စဉ် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရသည့် လူသစ်
(၁၀၀၀)ခန့်ရှိသည့် နိုင်ဂျီးရီးယားနိုင်ငံတွင် (၃၀) ရာခိုင်နှုန်းကျော်သည် ကူးစက်ရန်
လွယ်ကူသည့် အုပ်စုဝင်များဖြစ်ကြသည့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ပြည့်တန်ဆာများနှင့်
လိင်တူ ဆက်ဆံသူများဖြစ်ကြောင်း စီဒီဘီက ပြောဆိုသည်။

ကမ္ဘာတဝှမ်းရှိ
မြို့ကြီးများတွင် မကြာသေးမီနှစ်များအတွင်းက ပြုလုပ်ခဲ့သည့် ဆေးလိပ် သောက်သုံးမှု ဆန့်ကျင်ရေး
ကမ်ပိန်းများကဲ့သို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းအတွက်လည်း ကာကွယ်တားဆီးမှု တော်လှန်ရေးတရပ်
ဆင်နွှဲရန် စီဒီဘီက တောင်းဆိုခဲ့သည်။

 

နိုက်တင်ဂေး
ဂျာနယ် - အတွဲ ၂၁ မတ်ခ်ျလ ၂၀၁၀

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top