ဧရာဝတီ သတင်းဌာနရဲ့ အမျိုးသာချင်း လက်ထက်သူ လူမှုရေး အဖွဲ့မှ အထုတ်ခံရ ဆိုတဲ့သတင်း
(ဧပြီလ ၂၉ရက်၊ ၂၀၁၀) နဲ့ အတူ စာဖတ် ပရိသတ်များရဲ့ မှတ်ချက်တွေကို စိတ်ဝင်စားစွာ
ဖတ်လိုက်မိတော့ ကျနော့်ရဲ့ အမြင်ကို ရေးသားလိုစိတ် ဖြစ်လာပါတယ်။
ဖြစ်စဉ်အကျဉ်းမှာ
ကရင် အသိုင်းအဝိုင်းမှ လူငယ် အဆိုတော် ယူးရီကို အမျိုးသားခြင်း လက်ထက်တဲ့ အတွက်
Klo & Kwe တေးဂီတ အဖွဲ့ကနေ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။
လိင်တူ ထိမ်းမြားခြင်းကို ဘာသာရေး၊ အမျိုးသား ယဉ်ကျေးမှု၊ လူ့အခွင့် အရေး ဆိုတဲ့ ရှုထောင့်
၃ ခုနဲ့ မျှတစွာ သုံးသပ်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံရှိ
ဘာသာ အားလုံးက လိင်တူ ထိမ်းမြားခြင်းကို တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံရှိ လူမျိုးများ
အားလုံးရဲ့ ရိုးရာယဉ်ကျေးမှု များမှာလည်း လိင်တူ ဆက်ဆံခြင်း၊ ထိမ်းမြားခြင်းကို ရွံရှာဖွယ်အဖြစ်
သတ်မှတ်ထားပါတယ်။
တတိယ ရှုထောင့်ဖြစ်တဲ့ လူ့အခွင့်အရေး ရှုထောင့်နဲ့ ဆက်လက် ဆွေးနွေးချင်ပါတယ်။
မိန်းမလျှာ၊ ယောကျာ်းလျှာ ဆိုတာ မူလ ခန္ဓာဗေဒ ဖွဲ့စည်းပုံမှာ ဟိုမုန်းဓာတ် မညီမျှခြင်းကနေ
ဖြစ်ပေါ်လာတဲ့ အတွက် ကာယကံရှင်များမှာ အပြစ် မရှိသလို လူ့အသိုင်းအဝိုင်း မှာလည်း ခွဲခြား
မဆက်ဆံသင့်ပါ။
ယောကျာ်း မပီသခြင်း၊ မိန်းမလျှာ ဖြစ်ရခြင်းမှာ အကြောင်းရင်း အများအပြား ရှိပါတယ်။
၁။ သာမန်ထက်ပိုသော လိင်စိတ်ပြင်းထန်ခြင်း
၂။ စိတ်ရောဂါကြောင့်
ယောကျာ်း မပီသခြင်း
၃။ ပတ်ဝန်းကျင်
အသိုင်းအဝိုင်းကြောင့် ယောက်ျားမပီသခြင်း တို့ ဖြစ်ပါတယ်။
အထက်ပါ အချက်တွေကို
အတိုင်းတာတခုထိ ကုသလို့ ရနိုင်တဲ့အတွက် မွေးရာပါ မိန်းမလျှာများနဲ့ ခြားနားပါတယ်။ ကျန်းမာရေး
ချို့တဲ့မှုများကို ဆေးကုသမှု ခံယူဖို့ ကာယကံရှင်တွေမှာ တာဝန်ရှိသလို မိသားစု နဲ့ လူမှု
အသိုင်းအဝန်းကလည်း ဝိုင်းဝန်း ကူညီသင့်ပါတယ်။
မြန်မာပြည်သူတွေဟာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို မရသေးပေမယ့် ရရှိလာတဲ့အခါ လက်ခံ ကျင့်သုံးတတ်ဖို့
အဆင်သင့် ဖြစ်နေသင့်ပါတယ်။ ဒီလို လက်ခံ ကျင့်သုံးတတ်ဖို့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေကို
လေ့လာပြီး ဆိုးကျိုးထက် ကောင်းကျိုးများကို ယူတတ်ဖို့ အရေးကြီး ပါတယ်။
ယနေ့ထိ လိင်တူ ထိမ်းမြားခြင်းကို ဥပဒေနဲ့ တရားဝင် အသိအမှတ် ပြုထားတဲ့ နိုင်ငံများကတော့
ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူကီ၊ တောင်အဖရိက၊ စပိန်၊ ဆွီဒင် တို့ပါပဲ။
ပထမဆုံး တရားဝင် အတည်ပြုတဲ့ နိုင်ငံက နယ်သာလန် ဖြစ်ပြီး သတ်မှတ်ခဲ့တဲ့ နေ့ကတော့ ဧပြီလ
၁၊ ၂ဝဝ၁ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ
ဒီမိုကရေစီ ထွန်းကားခဲ့ပေမယ့် လိင်တူ ထိမ်းမြားခြင်းကို အသိအမှတ် မပြုတဲ့ နိုင်ငံများစွာ
ရှိသေးကြောင်း ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူများ သတိထား သင့်ပါတယ်။
သြစတြေးလျ နိုင်ငံမှာ လိင်တူ ဆက်ဆံခြင်းကို ခွင့်ပြုပေမယ့် လိင်တူ ထိမ်းမြားခြင်းကို
အသိအမှတ် မပြုပါ။ တရားဝင်ဖြစ်ဖို့ လွှတ်တော်မှာ အကြိမ်ကြိမ် တင်သွင်း နေပေမယ့်လည်း မအောင်မြင်သေးပါ။
ပြည်နယ် ၅ဝ ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ လိင်တူ ထိမ်းမြားခြင်းကို အသိအမှတ်ပြုတာ
ပြည်နယ် ၅ ခုပဲ ရှိပါတယ်။
သမ္မတဟောင်း
ဘုရှ် နဲ့ လက်ရှိ သမ္မတ အိုဘားမားတို့က လူ့အခွင့်အရေးကို ကြိုးစား မြှင့်တင်ကြပေမယ့်
လိင်တူ ထိမ်းမြားတာကို ဆန့်ကျင်ကြပါတယ်။ ဘာကြောင့်ပါလဲ။
ထိုင်းနိုင်ငံမှာလည်း လိင်အင်္ဂါ ပြောင်းခြင်း၊ လိင်တူ ဆက်ဆံခြင်းက တရားဝင်ပေမယ့် လိင်တူ
ထိမ်းမြားခြင်း ကိုတော့ တရားဝင် အသိမှတ်ပြုခြင်း မရှိသေးပါ။
နှစ်ရှည်လများ
ဒီမိုကရေစီ ကျင့်သုံးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံများမှာတောင် လက်မခံနိုင်သေးတဲ့
လိင်တူ ထိမ်းမြားခွင့်ကို ရရှိဖို့ မြန်မာပြည်မှာ မကြိုးစားသင့်သေးပါ။
ကျနော်တို့ဟာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလိုရှိပေမယ့် ဒီမိုကရေစီ ဆိုတာ “ကိုယ်လုပ်ချင်ရာ
လုပ်၍ရသည်” ဆိုတဲ့သဘောတော့ မဟုတ်ပါ။ မိမိ ပျော်ရွင်မှုအတွက် သူတပါးကို ထိခိုက်လို့
မရသလို မိမိပျော်ရွှင်ဖို့အတွက် လူမှုအသိုင်းအဝိုင်းက ထောက်ခံရမယ်လို့ တသမတ်တည်း
တွက်လို့ မရပါ။ မိမိကြောင့် ဒီမိုကရေစီ အနှစ်သာရ မထိခိုက် မပျက်စီးဖို့ သတိ ထားသင့်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ အများစုမှာ လက်မခံနိုင်တဲ့ အရာတခုကို
Klo & Kwe တေးဂီတအဖွဲ့ ကလည်း လက်မခံနိုင်တာ ဘာကြောင့်လဲ ဆိုတာကို နားလည်သင့်ပါတယ်။
ဖူးဒို
ဧရာဝတီ
- လိင်တူ ထိမ်းမြားခြင်းနှင့် ပတ်သက်၍




