31
Jul

လိင်လုပ်သားများကို ART ဆေး ဦးစားပေး တိုးမြှင့်ပေးရန် တောင်းဆို

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လိင်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော HIV ကူးစက်ခံ လိင်လုပ်သား (Sex Worker) များကို ART ဆေးဝါးများ တိုးမြှင့်ပေးမည့် အစီအစဉ်အတွက် HIV/ AIDS ကူးစက်ခံ ဝေဒနာရှင်များကို ကူညီ ထောက်ပံ့ပေးနေသည့် ကမ္ဘာ့ ရန်ပုံငွေ အဖွဲ့ (Global Fund) က ဦးစားပေးရန် လိုအပ်ကြောင်း Sex Workers in Myanmar (SWiM) Network က ထုတ်ပြန် ကြေညာသည်။

ရန်ကုန်မြို့ Excel Treasure Tower တွင် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့ တို့က ပြုလုပ်သည့် အဆိုပါ ကွန်ရက် (တော်ဝင်ခရေ) ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံ ဒေသ အသီးသီးမှ တက်ရောက်လာသည့် SWiM ကွန်ရက် အဖွဲ့ဝင်များ၏ တညီတညွတ်တည်း သဘောတူညီမှုအရ ယင်းကဲ့သို့ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဆိုသည်။

ကုသမှု ကဏ္ဍ အနေနှင့် နေရာ အနှံ့အပြားတွင် ART ဆေးများ ရရှိနေသော် လည်း လိင်လုပ်သား အနည်းစုသာ ဆေးရရှိနေသေးပြီး အချို့ ဒေသများတွင် အဆိုပါဆေး ရရှိရန် စောင့်ဆိုင်းနေစဉ်မှာပင် သေဆုံးမှုများ ကြုံတွေ့နေ ရကြောင်း SWiM ကွန်ရက် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ပဲခူးတိုင်းမှာဆိုရင် ၁၆၀ လောက် ဆေးစောင့်နေရပေမယ့် ခုနစ်ဦးပဲ ART ဆေး ရတယ်” ဟု ပဲခူးတိုင်း ဒေသကြီးမှ ကွန်ရက် အဖွဲ့ဝင် ဒေသ ကိုယ်စားလှယ် တစ်ဦးက ကွန်ရက်၏ နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေး ပြောဆိုသည်။

လူထုအတွင်း ကျပ်တည်း လျှို့ဝှက်စွာ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် လိင်လုပ်သားများ အနေနှင့် HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ကျန်းမာရေး ဌာနများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှု ပေးရာတွင် အရည်အသွေး ပြည့်မီရန် လိုအပ်ကြောင်း၊ အချို့သော ကျန်းမာရေး ဝန်ထမ်းများသည် လိင်လုပ်သား များအပေါ် ခွဲခြား ဆက်ဆံနေခြင်းကြောင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို မခံယူရဲကြကြောင်း ယင်းကွန်ရက်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီအလုပ် လုပ်နေပါတယ်ဆိုတာကို လူတွေ သိသွားမှာ စိုးလို့ ဆေးခန်းကို မသွားရဲကြဘူး။ အုံ့ပုံးပဲ လုပ်စားနေကြတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အခြေစိုက် SWiM ကွန်ရက် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

အခြေအနေ အကြောင်းကြောင်းကြောင့် နေရာ အတည်တကျ နေထိုင်ရန် မလွယ်ကူဘဲ နေရာဒေသ ရွှေ့ပြောင်းကာ အလုပ် လုပ်နေရသည့် လိင်လုပ်သားများမှာ သတ်မှတ်ထားသည့်ရက်တွင် ဆေးလာ ရောက်ယူရန် အဆင်မပြေကြောင်း၊ ဆေး ရရှိရန် သတ်မှတ်ထားသည့် မှတ်ပုံတင်၊ ရပ်ကွက်တွင် အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံချက်၊ မိသားစုဝင် တစ်ဦး၏ ထောက်ခံချက်များ စသည့် စည်းမျဉ်း စည်းကမ်းများကို လျှော့ပေါ့ပေးစေချင်ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက် လာသည့် ကွန်ရက် အဖွဲ့ဝင် ဒေသ ကိုယ်စားလှယ်များက ဆိုသည်။

လိင်လုပ်သား HIV ကာကွယ်ရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင် ဆောင်ရွက်နိုင်မည့် သင့်တော်သော ဥပဒေများ ပြဋ္ဌာန်းပေး ရန်နှင့် ထောင်ကျခံ လိင်လုပ်သားများကို လိုအပ်သော ဆေးဝါးများ ကူညီ ထောက်ပံ့ပေးရာတွင် ထောင်ပြောင်းရွှေ့ရပါက အကြောင်းကြားခြင်း မရှိသည့်အတွက် အဆင်မပြေမှုများ ရှိနေကြောင်း၊ ကွန်ဒုံး လက်ဝယ် တွေ့ရှိ ရုံနှင့် ဖမ်းဆီးနေခြင်းကလည်း ရောဂါ ကာကွယ် တားဆီးရေးကို အဟန့်အတား ဖြစ်စေကြောင်း ‘ခွဲခြားမှုများမှ တန်းတူညီမျှမှုများဆီသို့’ ဟူသော ခေါင်းစဉ်အောက်တွင် အဆိုပါ ကိုယ်စားလှယ်များက ဝင်ရောက် ဆွေးနွေးသည်။

လိင်လုပ်သားများအပေါ် ခွဲခြား နှိမ့်ချ အနိုင်ကျင့်မှုများ ကင်းရှင်း၍ တန်းတူ အခွင့်အရေးများရရှိစေရန်၊ HIV ထိခိုက် ကင်းစင်သော လူမှုဘဝ ပတ်ဝန်းကျင် တစ်ခု ပေါ်ပေါက်လာစေရန်အတွက် ၂၀၁၁ ခုနှစ် ဧပြီလ တွင် နိုင်ငံတွင်း ဒေသကြီး ၁၀ ခုမှ လိင်လုပ်သား ၃၅ ဦးဖြင့် SWiM ကွန်ရက်ကို စတင် ဖွဲ့စည်းခဲ့ ပြီး ယခုနှစ် ပြုလုပ်သည့် တော်ဝင်ခရေအဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ကွန်ရက်) ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှ ဒေသ ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

အောင်မျိုးထက်

ရန်ကုန်၊ ဇူလိုင် ၃၀

The Voice Weekly - လိင်လုပ်သားများကို ART ဆေး ဦးစားပေး တိုးမြှင့်ပေးရန် တောင်းဆို 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top