လိင်လုပ်သားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အမျိုးမျိုးသော အကြမ်းဖက်ခံရမှုတွေကို ဖြေရှင်းဖို့အတွက် ၂ဝ၁၁ ကစပြီး UNDP, UNFPA, APNSW အဖွဲ့တေါအပါအဝင် မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ အစိုးရနဲ့အတူ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ လိင်လုပ်သားတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲ။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၄ ခုမှာစတင်ခဲ့တဲ့ လေ့လာချက်စစ်တမ်းရဲ့ သုတေသနတွေ့ရှိချက်အရ ဒေသအတွင်းဖြစ်ပွားနေတဲ့ လိင်လုပ်သားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ အကြောင်း လေ့လာ သုံးသပ်ထားတာဖြစ်ပြီး အကြမ်းဖက်ခံရသူ လိင်လုပ်သားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေလည်း မရှိတာကြောင့် တိုင်တန်းမယ်ဆိုရင် အမှုပိုကြီးသွားတာမို့ သည်းခံနေနေရတယ်လို့ မကေသီက ဆိုပါတယ်။
လူ့ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံမှုတွေက အရင်ကနဲ့ယှဉ်ရင် လျော့နည်းသွားပေမယ့် အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့် ဥပဒေပေါ်လာဖို့ကတော့ အများကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ က စတင်ပြီး ပြုစုလေ့လာခဲ့တဲ့ The Right Process ခေါင်းစဉ်နဲ့ အစီရင်ခံစာမှာတော့ ၄ နိုင်ငံက လိင်လုပ်သား အမျိုးသား အမျိုးသမီးနဲ့ လိင်ပြောင်းထားသူ ၁၄၆ ယောက်ကို တွေ့ဆုံမေးမြန်းထားတာတွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။
လိင်လုပ်သားတွေ အကြမ်းဖက်ခံနေရမှုကို ဒီသုတေသန စာတမ်းက အဓိကလေ့လာထားပေမယ့် အရေးလည်းကြီးသလို လူတိုင်းအမြဲပြောနေတဲ့ လူ့အခွင့်အရေးကို ထောက်ပြထားတာဖြစ်ပါတယ်လို့ UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ဆိုပါတယ်။ လိင်လုပ်သားတွေကို ကာကွယ်ပေးနိုင်တဲ့ဥပဒေ ပေါ်လာဖို့က အစိုးရနဲ့ ဆိုင်တယ်ဆိုပေမယ့် အစိုးရတစ်ခုတည်း ဖြေရှင်းနိုင်မှာမဟုတ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူ ပါဝင်လာဖို့က လိုအပ်တယ်လို့ ထောက်ပြပါတယ်။




