24
Mar

လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ

ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင် လှုပ်ရှားနေတယ်။ မလုံ့ တလုံ အဝတ်အစားတွေ ဝတ်လာတဲ့ မိန်းမပျို နှစ်ဒါဇင်လောက်ဟာ စင်ပေါ်မှာ စီတန်းပြီး ဆံပင်တွေ ဝှေ့ယမ်းလို့ ပြင်းပြင်းရှရှ ပေါ့ပ်သီချင်း တစ်ပုဒ်ရဲ့ တေးသွားနဲ့ အတူ စည်းချက်ညီ ကနေကြတယ်။ နိုင်ငံခြားသား အနည်းငယ်နဲ့ မြန်မာအမျိုးသား အများစုကတော့ စင်အောက်က ဝိုင်းတွေမှာ Tiger ဘီယာကို မြုံ့ရင်း စင်ပေါ်က မြင်ကွင်းကို အမြည်းလုပ်နေ ကြတယ်။ တချို့က လက်ကိုင်ဖုန်းတွေနဲ့ စင်ပေါ်ကို ဗီဒီယို လှမ်းရိုက်လို့။ ကြည့်နေရင်းမှာပဲ ပရိသတ်ထဲက ယောက်ျားတစ်ယောက်က သူနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ၁၂ ဒေါ်လာတန်တဲ့ ပန်းကုံးတစ်ကုံးကို စားပွဲထိုးက တစ်ဆင့် စွပ်ခိုင်းလိုက်တယ်။

ကမ္ဘာ့လိင်အပျော် ခရီးသွားမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ဗန်ကောက်က လိင်အသားပေးဆန်တဲ့ ဖော်ချွတ်ရှိုးပွဲတွေနဲ့ ယှဉ်ရင်တော့ မော်ဒယ်လ်ရှိုးလို့ခေါ်တဲ့ ရန်ကုန်က ရှိုးပွဲတွေဟာ ဘာမှမပြောပလောက်ပါဘူး။ ဆယ်စုနှစ်တွေများစွာ အထီးကျန်ဆန်စွာ နေခဲ့ရပေမယ့် နောင်လာမယ့်နှစ်တွေမှာ နိုင်ငံတကာအသိုင်း အဝိုင်းထဲကို ဝင်ဆံ့ဖို့ ခြေလှမ်းပြင်နေတဲ့ မြန်မာပြည်အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ မျှော်လင့်ချက်တွေ တစ်ပုံတစ်ပင်နဲ့ပါ။ အဲဒီ ကာလတွေမှာ တဖွဲဖွဲ ရောက်ရှိလာမယ့် ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ရန်ကုန် မော်ဒယ်လ်ရှိုးပွဲတွေရဲ့ အနာဂတ်ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို မြန်မာအရာရှိတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကြိုတင်စိုးရိမ် ပူပန်နေ ကြပါတယ်။

၂၀၁၁ မှာ ကမ္ဘာလှည့်ခရီးသည် ရှစ်သိန်းကျော် (၈၁၆၀၀၀) လာရောက်ရာကနေ ၂၀၁၂ မှာ ခရီးသည် ဆယ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၃ မှာတော့ ကမ္ဘာလှည့်ခရီးသည် ဆယ့်ငါးသိန်းကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ခရီးသွားလုပ်ငန်းဟာ အရင်နှစ်တွေထက် ဝင်ငွေ ပိုမိုတိုးလာပေမယ့် သက်ဆိုင်ရာဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အစီအစဉ်ထဲမှာ လိင်လုပ်ငန်းကို ပါစေချင် ပုံမရပါဘူး။ ဘာလို့လဲ ဆိုတော့ အိမ်နီးချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံဟာ အာဆီယံမှာ HIV ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး ကမ္ဘောဒီးယား ဆိုရင်လည်း အရွယ်မရောက်သေးသူတွေကို အသုံးပြုပြီး လိင်လုပ်ငန်းနဲ့ စီးပွားရှာရာမှာ နာမည် အလွန် ကြီးနေလို့ပါပဲ။

မြန်မာပြည်တွင်း ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်ပေါင်းတာရှည် အမြစ်တွယ်နေခဲ့တဲ့ လူကုန်ကူးမှု လုပ်ငန်းကြီးဟာ စိုးရိမ်ရေမှတ်ကို ရောက်နေ ပါတယ်။ မြန်မာအမျိုးသမီး ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံထဲက လိင်ဝန် ဆောင်မှု လုပ်ငန်းတွေဆီ ချောင်းပေါက်သလို ရောက်နေခဲ့တယ်။ အများစုကတော့ ကိုယ့်အလိုဆန္ဒနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်တယ်လို့ စောင့်ကြည့် ရေးအဖွဲ့တွေက ဆိုကြတယ်။

“မိန်းကလေးငယ်တွေဟာ အသက်မပြည့်၊ ငယ်ရွယ်သူတွေ များတယ်။ သူတို့ ရဲ့အပျိုစင်ဘဝကို ဈေးကောင်း ကောင်းရရင် ရောင်းချလိုက်ဖို့ သူတို့ ဝန်မလေးဘူး။ မိဘတွေ ကိုယ်တိုင်က အသိပညာနည်းပါးတော့ ဘာဖြစ် မယ်မှန်း သိသိကြီးနဲ့ ဒါကို လက်ခံနေကြတယ်။ လက်မခံရင်လည်း အဲဒီမိဘတွေကို ဘယ်သူတွေက ရှာကျွေးပြီး အထောက်အပံ့ပေးမှာလဲ ဆိုတာမေးစရာ ဖြစ်နေပြီ” လို့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အေဂျင်စီ (UNLAP) ရဲ့ မြန်မာဆိုင်ရာ ပရောဂျက်အရာရှိက ပြောပါတယ်။

၂၀၀၈ ခုနှစ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ့အသက်ပေါင်းများစွာ ပျက်စီးခဲ့သလို ကျန်ရစ်သူ မိသားစုတွေထဲက အမျိုးသမီးငယ်လေးတွေလည်း ဘဝပျက်စီးကိန်း ဆိုက်ခဲ့တယ်။ ၂၀၀၈ နာဂစ် အလွန်မှာ မြစ်ဝကျွန်းပေါ်က တက်လာတဲ့ အမျိုးသမီးငယ် မြောက်မြားစွာကြောင့် ရန်ကုန်လို မြို့ကြီးတွေရဲ့ ကာရာအိုကေ၊ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ လိင်အလုပ်သမဦးရေ သိသိသာသာ တိုးပွားလာတယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိခဲ့ရတယ်။

မြန်မာပြည်မှာ နိုင်ငံခြားသား ခရီးသွားတွေကို လိင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုတော့ ပေါ်ပေါ် တင်တင် များများ စားစား မတွေ့ရသေးပါဘူး။ ဒါကလည်း ၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသွား ၂၂ သန်း လာရောက် လည်ပတ်တဲ့ အချိန်မှာ မြန်မာမှာတော့ နိုင်ငံခြားခရီးသည်ဟာ အရေအတွက်အားဖြင့် နည်းပါး နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး တိုးတက်လာရင် ဒါဟာပြဿနာတစ်ရပ် ဖြစ်လာမှာ ဧကန်ပါ။

“မကြာသေးခင်က ကျွန်မ ဂျပန်နိုင်ငံက လိင်အပျော်ခရီးသွားလုပ်ငန်းရဲ့ ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုကို အမှတ်မထင် သွားတွေ့ခဲ့တယ်။ ဟိုတယ်စာရင်းနဲ့တကွ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဟိုတယ်တစ်ခုချင်း စီရဲ့ ဝန်ဆောင်မှု ပေးနိုင်တာကိုပါ ထည့်ပြီး ကြော်ငြာထားတယ်။ နိုင်ငံခြားသား ဧည့်သည်တွေက တောင်းဆိုရင် ဟိုတယ်ပိုင်ရှင်က ပြည့်တန်ဆာတွေရဲ့ ဖုန်းနံပါတ်ကို ပေးပြီး လိင်ကိစ္စကို ဝန်ဆောင်မှုပေးတယ်” လို့ မြန်မာပြည် Tourism Transparency တည်ထောင်သူ Andrea Valentinရဲ့ က ပြောပါတယ်။

“ပြဿနာ တချို့ရှိပေမယ့် ဟိုတယ် ဆိုတာ ခရီးသွားတွေကို စိတ်ကျေနပ်မှု ပေးချင်တယ်။ ငါတို့ဘာလုပ်ရမလဲ” လို့ ဟိုတယ်ပိုင်ရှင်တွေက ပြောပါသေးတယ်။ “မြန်မာနိုင်ငံမှာတော့ မော်ဒယ်လ်ရှိုးတွေ၊ ကာရာအိုကေနဲ့ အနှိပ်ခန်းတွေမှာ လိင်ကိစ္စကို ပေါ်ပေါ်ထင်ထင် သွားတောင်း ဆိုလို့မရဘူး။ ဒါပေမဲ့ သေချာတာကတော့ အဲဒီမှာ ရတယ်။ သိုသိုဝှက်ဝှက်ပေါ့” လို့ UNLAP ရဲ့ အရာရှိက ပြောပါတယ်။

“သက်သေ အထောက်အထားနဲ့ ပြဖို့တော့ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ယောက်ျားတွေဟာ ဘယ်ကာရာအိုကေက ရတယ်။ ဘယ်ကာရာအိုကေက မရဘူးဆိုတာကို သိနေကြတယ်။ တချို့ တက္ကစီကား မောင်းတဲ့ သူတွေပါ ဒါကိုသိ ကြတယ်” လို့ သူမက ဆက်လက်ပြောဆို ပါတယ်။

မကြာသေးခင်နှစ်ကလည်း ကမ္ဘာလှည့်နိုင်ငံခြားသား ၁၃ ယောက်ကို အရွယ် မရောက်သေးသူ လိင်ဆက်ဆံဖို့ ကြိုးစားမှု (Child Sex) နဲ့ မြန်မာပြည်ကနေ နှင်ထုတ်ပြီး အမည်မည်းစာရင်း သွင်းလိုက်ရပါသေးတယ်။ ကမ္ဘော ဒီးယားမှာတော့ ဒီကိစ္စ (Child Sex) က အဆိုးဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရပိုင်းကတော့ အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်နေပုံရပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေက သင်ခန်းစာကိုယူပြီး နောင်မှဆိုတာထက် အခုလက်ငင်း ချက်ချင်း ကျွန်တော်တို့ စတင်ကိုင်တွယ် ဖြေရှင်းရတော့မယ်” လို့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးတစ်ယောက်က ပြောဆိုပါတယ်။

အာဏာပိုင်တွေဘက်က လုပ်ဆောင် မှုတစ်ခုကတော့ ဟိုတယ်၊ ခရီးဝန်ကြီးဌာနနဲ့ ဂျာမန် NGO တစ်ခုဖြစ်တဲ့  Hanns Seida ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ပေါ်လစီတစ်ခုကို စတင် ရေးဆွဲခဲ့တာပါပဲ။ နိုင်ငံ ခြားသား ခရီးသည် တွေကို ရည်ရွယ်ပြီး လိုက်နာရမယ့် စည်းမျဉ်းတချို့ကို ဟိုတယ်နဲ့ အေဂျင်စီတွေကို လိုက်လံဖြန့်ဝေခဲ့တာပါ။

နော်ဝေနိုင်ငံရဲ့ အထောက်အပံ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဆိုရင်လည်း အစိုးရ တွေအတွက် ခရီးသွားလုပ်ငန်း အထူးအစီ အမံရေးဆွဲပြီး (Sex Tourism) နဲ့ ပတ်သက်လို့ လူထုကို ပညာပေးမယ့် အစီအစဉ်တွေကို ပြုလုပ် နေပါတယ်။ UNLAP အနေနဲ့ကတော့ ဟိုတယ်ဝန်ထမ်းတွေ၊ ခရီးသွား အေးဂျင့်တွေကို Sex Tourism နဲ့ ပတ်သက်လို့ ဘယ်လိုသတိထား ဂရုပြုလေ့လာရ မယ်ဆိုတာမျိုးတွေကို လေ့ကျင့်ပေးဖို့ အလုပ်ရုံ ဆွေးနွေးပွဲတွေကို ကျင်းပပေးနေပါတယ်။ လူကုန်ကူးမှု ဆန့်ကျင်ရေးနဲ့ အရွယ်မရောက်သူ လိင်ဆက်ဆံမှု ကာကွယ်ရေး အဖွဲ့တွေရဲ့ အရေးပေါ် ဖုန်းနံပါတ်တွေကို နိုင်ငံခြားခရီးသွား အများစုရှိရာ နေရာတွေမှာ အလွယ်တကူ ထားရှိပေးပါတယ်။

“ဥပဒေတွေ၊ ခရီးသွားအစီအမံတွေ ဘယ်လိုပဲရှိနေနေ ကိုင်တွယ်စီမံမှုအပိုင်းမှာ လျော့ရဲနေရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားမဝင်ပါဘူး။ ပြည့်တန်ဆာ အိမ်တစ် အိမ်ကို ဝင်ဖမ်းတဲ့အခါ ပြည့်တန်ဆာတွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ (အကြောင်း ကြောင်းကြောင့်) ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။

လိင်အလုပ်သမတွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှု တွေကို ခံရလေ့ရှိတတ်ပါတယ်” လို့ UNLAP အရာ ရှိက ပြောပါတယ်”။ ယူနီဆက်နဲ့ NGO တွေက ဒီကိစ္စမျိုးတွေမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ရဲအရာ ရှိတွေကို သင်တန်းပေးဖို့ စီစဉ်နေပါပြီ” လို့ သူမက ထပ်လောင်းပြောဆိုပါတယ်။

“စိန်ခေါ်မှုတွေ ဘယ်လိုရှိနေပေမယ့်လည်း မြန်မာအနေနဲ့ကတော့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့မှာ ပြဿနာ ဖြစ်နေတဲ့ လိင်အပျော်ခရီးသွားလုပ်ငန်း ကျိန်စာက လွတ်မြောက်နိုင်ပါလိမ့်မယ်” လို့ Tourism Transparency အကြီးအကဲ Valentin က အကောင်းမြင်စိတ်နဲ့ ဆိုပါတယ်။

“နှစ်ခြောက်ဆယ်လောက် တံခါးပိတ်ထားတဲ့နိုင်ငံဟာ အခုဆို ပွင့်လင်းလာပြီဖြစ်တဲ့အတွက် ဒီအရာတွေကို လွန်မြောက်ဖို့ သင်ယူနေပါပြီ။ ရဲရဲရင့်ရင့်နဲ့ ဒီပြဿနာမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ အနေနဲ့ အထောက် အပံ့တွေပေးဖို့ လိုအပ်ပါတယ်”။

Ref: Can Burma Avoid the curse of sex tourism? By Justin Bergman

လင်းထိုက် (Y.I.T)

Myanmartandawsint Newspaper

Thit Htoo Lwin - လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top