လိင်မှု ဖျော်ဖြေသူအမျိုးသမီးများသည် မိမိတို့တွေ့ကြုံနေရသည့် အခက်အခဲများကို ပြန်လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏ အခွင့်အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်မွန်ဖြိုးက ပြောသည်။
The Help Myanmar သည် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေသောအဖွဲ့ အစည်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် လိင်တူချစ်သူများ၏ အခွင့်အရေးများ၊ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများ၏ အခွင့်အရေး များကိုပါ ကာကွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့၏ အတွေ့အကြုံများအရ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများသည် မိမိတို့၏ တွေ့ကြုံနေရသော အခက် အခဲများကို ပြန်လည်ပြောပြရန် စိုးရွံ့လျက်ရှိနေကြောင်း သိရသည်။
''မိန်းမလျာတွေကမှ ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြသေးတယ်။ သူတို့ကကျတော့ မိန်းကလေးတွေလဲ ဖြစ်နေကြတော့ သူတို့တွေ့ကြုံခံစားနေရတာတွေကို ပြန်ပြောရမှာကို ရှက်ကြတယ်။ ပြောလိုက်ရင်လဲ သူတို့ကို ရဲကဖမ်းမှာကို ကြောက်ကြတယ်။ သူတို့ရဲ့ကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ဖွင့်ပြောသင့်တယ်။ ဒါမှ သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ်'' ဟု ဒေါ်သက်မွန်ဖြိုးက ထပ်မံပြောသည်။
ထို့ပြင်အဆိုပါအဖွဲ့အနေဖြင့် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့်ဒေသများတွင် ကျေးလက်ဒေသများ တိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
နွေဦးလင်း (ရန်ကုန်၊ ဒီဇင်ဘာ ၂၉)
Yangon Media Group - လိင်ဖျော်ဖြေသူ အမျိုးသမီးများက အခက်အခဲများကို ပြန်ပြောရန် စိုးရွံ့ခြင်းကြောင့် ယင်းတို့၏ အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ




