ရန်ကုန်မြို့တွင်
လူတဦးလျှင် ငွေ ကျပ် သိန်း ၈၀ နီးပါးကုန်ကျသည့် လိင်ပြောင်းလဲခြင်းဆိုင်ရာ ၀န်ဆောင်မှု
စနစ်သစ်တခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ပေါင်လို (၀်) ဆေးရုံကြီး
(Paolo Memorial Hospital) ၏ မြန်မာနိုင်ငံရုံးခွဲက ပထမဆုံးအကြိမ်အဖြစ် စတင်ဝန်ဆောင်မှု
ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဘ၀မှ
အမျိုးသမီးအဖြစ်သို့ လည်းကောင်း၊ အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လည်းကောင်း ခွဲစိတ်၍
လိင်ပြောင်းလဲနိုင်သည့် ၀န်ဆောင်မှုစနစ်ကို ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပေါင်လို(၀်)
ဆေးရုံ ကြီး ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တဦးကပြောသည်။
“မြန်မာနိုင်ငံမှာ
လိင်ပြောင်းလဲတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့နိုင်ငံခြား ဆေးရုံမရှိသေးဘူး။ ဒီက လိင်
ပြောင်းချင်တဲ့သူတွေကို ဘန်ကောက်မှာရှိတဲ့ ပေါင်လို(၀်) ဆေးရုံကြီးမှာ ခွဲစိတ်ပေးမှာပါ။
တဦးကို သိန်း ၈၀ လောက်ကုန်မယ်”ဟု ပေါင်လို(၀်)ဆေးရုံကြီးရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
အမျိုးသားဘ၀မှ
အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး
အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ
ခွဲစိတ်ပြုပြင် လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။
“လိင်ပြောင်းတဲ့နေရာမှာ
အမျိုးသားကနေ အမျိုးသမီးအဖြစ် ပြောင်းကြတာ များတယ်။ အမျိုးသမီးကနေ အမျိုးသားအဖြစ်ပြောင်းချင်ရင်
အချိန် ၁ နှစ်၊ ၂ နှစ်လောက်ယူရတယ်။ ငွေကြေးအကုန်အကျက လည်း ပိုပြီးများတယ်။ သိန်း ၈၀
ဆိုတာက အမျိုးသားကနေ အမျိုးသမီး အဖြစ် လိင်ပြောင်းရာမှာ ကုန်ကျတဲ့ စရိတ်ပါ။ အမျိုးသမီးကနေ
အမျိုးသားပြောင်းရင် ဒီထက်ပိုပြီး ကုန်မယ်”ဟု ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ရှင်းပြသည်။
ထိုင်းနိုင်ငံအပါအ၀င်
ကမ္ဘာ့နိုင်ငံအများအပြားတွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လည်းကောင်း ၊ အမျိုး သမီး
မှ အမျိုးသား အဖြစ်သို့လည်းကောင်း ခွဲစိတ်လိင်ပြောင်းလဲခြင်းများ ပြုလုပ်လျက်ရှိပြီး
ယင်းနှင့်ဆက်စပ် သော ခွဲစိတ်မှု ကျန်းမာရေးလုပ်ငန်းများသည် အမြတ်စွန်း ကြီးမားသောကြောင့်
အပြိုင်၊အဆိုင် ဖွင့်လှစ် လုပ်ကိုင်လျက်ရှိ ကြောင်း၊ သို့သော်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်
အပြင် ရှေးရိုး အယူအဆ အစွဲအလမ်းကြီးသော မြန်မာနိုင်ငံတွင် ထိုလိင်ပြောင်းလဲခြင်းဆိုင်ရာ
စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် ခက်ခဲလှကြောင်း၊ ဆင်းရဲသော နိုင်ငံဖြစ်သည့်အတွက်လည်း
လိင်ပြောင်းလဲရန် ဆန္ဒရှိစေကာမူ ငွေကြေး တတ်နိုင်သူ နည်းကြောင်း ရန်ကုန်မြို့မှ စာရေးဆရာတဦးက
ပြောသည်။
“ဘာသာရေးအရလည်း
လိင်ပြောင်းတာကို မြန်မာလူမှုအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်ဘူး။ နောက်ပြီး စီးပွားရေးအရ
ဒီမှာက စားဝတ်နေရေး အတွက်တောင် မနည်းရုန်းကန် နေရတာဆိုတော့ လိင်ပြောင်းဖို့ဆန္ဒရှိရင်
တောင် ငွေရေးကြေးရေး အခြေအနေကြောင့် လုပ်နိုင်ဖို့ မလွယ်ပါဘူး”ဟု ရန်ကုန်မြို့မှ အထွေထွေရောဂါ
ကု ဆရာဝန်တဦးကလည်း ပြောဆိုသည်။
ရန်ကုန်မြို့မှ
လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ
သော လိင်တူချစ်သူ အမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊
လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက် ခွဲစိတ်မှုခံယူရမည်ကို မသိရှိကြ
သူကအများစု ဖြစ်နေကြောင်း ပြောသည်။
ငွေကြေးတတ်နိုင်၍
ခွဲစိတ်လိင်ပြောင်းလဲသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြင်ဆင် ပြုလုပ်ရန် ပြဿနာရှိ နိုင်သည်ဟု
ရန်ကုန်စာရေးဆရာက ပြောသည်။
မြန်မာနိုင်ငံတွင်
ခွဲစိတ်လိင်ပြောင်းလဲခြင်းကို တားမြစ်သော တရားဝင်ဥပေဒ မရှိသော်လည်း လိင်ပြောင်းလဲ သူများသည်
နိုင်ငံသားစိစစ်ရေးကတ်ကို ပြင်ဆင်ပြုလုပ်ရန်လိုအပ်ကြောင်း၊ လိင်ပြောင်းလဲပြီးနောက်
နိုင်ငံ သားစိစစ်ရေးကတ် ပြုပြင်လျှောက်ထားရာတွင် လိင်ပြောင်းလဲ သွားသည်မှာ မှန်ကန်ကြောင်း
သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ စစ်ဆေးထောက်ခံချက် စာရွက်စာတမ်းများကိုပါ တပါတည်း တင်ပြလျှောက်ထားရမည်
ဟု ရန်ကုန်တိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတဦးက ပြောသည်။
“လိင်ပြောင်းလဲပြီး
နိုင်ငံသားစိစစ်ရေးကတ် ပြင်ဆင်လျှောက်ထားမယ်ဆိုရင် လိင်ပြောင်းသွားတယ်ဆိုတာ မှန်ကန်ကြောင်း
ဆရာဝန် ထောက်ခံချက်တွေနဲ့ လျှောက်ထားရင် ရနိုင်ပါတယ်။ အဲဒီလို တကူးတက ခွဲစိတ် လိင်ပြောင်းလဲပြီး
နိုင်ငံသားစိစစ်ရေးကတ် ပြင်ဆင်လျှောက်ထားတဲ့ အမှုတွဲမျိုး ဒီမှာမရှိသေးဘူး” ဟု ထိုအရာရှိက
ဆိုသည်။
၂၀၀၅
ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ်တွင် နေထိုင်ဈေးရောင်းသည့် အသက် ၂၁ နှစ် အရွယ် မသင်းစန္ဒာ
ဆိုသော အမျိုးသမီးငယ်တဦးသည် ယောက်ျား အင်္ဂါ အလိုအလျောက် ထွက်ပေါ်လာသည့် အတွက် အမျိုးသမီးဘ၀မှ
အမျိုးသားဘ၀သို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ရှိခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏
ထောက်ခံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးက မောင်သန်းစိန် နာမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်
ပြင်ဆင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန သတင်း ရပ်ကွက် မှ
စုံစမ်းသိရှိရသည်။
http://www.irrawaddy.org




