မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ အတူတူ အလုပ်လုပ်ရင် အန္တရယ် ရှိနိုင်ပါသလား။
ဖြေ။ ။ အတူတူ အလုပ်လုပ်လို့ ရောဂါပိုးကူးဖို့ အန္တရာယ် မရှိပါဘူး။ စက်ရုံတစ်ခုတည်း၊ ရုံးဌာန၊ စာသင်ကျောင်း တစ်ခုတည်းမှာ အလုပ်အတူတူလုပ်ရင်း ရောဂါမကူးနိုင်ပါဘူး။
မေး။ ။ ဘာဖြစ်လို့ အလုပ်အတူတူ လုပ်ရင်ရောဂါမကူး နိုင်ပါတာလဲ။
ဖြေ။ ။ လုပ်ငန်းခွင်မှာအလုပ်လုပ်ရင်းရောဂါပိုးပါတဲ့ သွေး၊ လိင်အင်္ဂါထွက် အရည်တွေနဲ့ ထိတွေ့ ကူးစက်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။
မေး။ ။ စက်ရုံထဲမှာ တေစ်ယောက်နဲ့ တစ်ယောက် နီးနီး ကပ်ကပ်နေပြီး အလုပ်လုပ်ရတာမျိုးဆိုရင်ကော မစိုးရိမ်ရဘူးလား။
ဖြေ။ ။ ဒါလည်း ကူးစက်ဖို့ အန္တရာယ် မရှိပါဘူး။ နီးနီးကပ်ကပ် အလုပ်အတူလုပ်ရပြီး အသားချင်းထိရုံနဲ့ မကူးပါဘူး။ ချွေးကနေ တဆင့် မကူးနိုင်ပါဘူး။ ဖန်ခွက်တစ်ခုတည်းနဲ့ ရေအတူသောက်တာ၊ ထမင်းအတူထိုင်စားတာ၊ အိမ်သာအတူတူသုံးတာတွေဟာလည်း ရောဂါကူးနိုင်တဲ့ အပြုအမှုတွေ မဟုတ်ပါဘူး။
မေး။ ။ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း ရောဂါအကူးခံနိုင်ဖွယ်ရှိတဲ့ လူတွေက ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ ရောဂါပိုးပါတဲ့ သွေးတွေကို ကိုင်တွယ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်ခံရဖို့ အန္တရာယ်ရှိပါတယ်။ ဆရာဝန်၊ သူနာပြု၊ သွားဆရာဝန်၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ၊ ဝမ်းဆွဲ ဆရာမတွေလည်း ပါပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါပိုး မကူးအောင် လိုက်နာရမယ့် အခြေခံကာကွယ်မှုတွေကို လိုက်နာကျင့်သုံးမယ် ဆိုရင် ရောဂါပိုး ကူးစက်မယ့် အန္တရာယ်က လွတ်ကင်းကြမှာပါ။
မေး။ ။ တကယ်လို့ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် သူ့ကို အလုပ်ဆက်လုပ်ခွင့်ပေးသင့်ပါသလား။
ဖြေ။ ။ လုပ်ခွင့်ပေးသင့်ပါတယ်။ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ကျန်းမာသန်းစွမ်းတယ်၊ အလုပ်လုပ်နိုင်တယ်ဆိုရင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ဖြစ်လာခဲ့ရင်လည်းပဲ အခြား ရောဂါဖြစ်တတ်တဲ့ အလုပ်သမားတွေလိုပဲ ရသင့်တဲ့ တန်းတူခံစားခွင့်တွေ ပေးသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးရှိနေလို့ အလုပ်ထုတ်ပြစ်တာ မဖြစ်သင့်ပါဘူး။
မေး။ ။ ဆရာဝန်တွေမှာရော အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နိုင်ပါသလား။
ဖြေ။ ။ လူတန်းစားမရွေး ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဆေးရုံစောင့် အလုပ်သမားလည်း ဖြစ်နိုင်ပါတယ်။ အားကစားသမားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာထူး၊ အဆင့်အတန်းနဲ့ မဆိုင်ပါဘူး။ ဆင်းရဲချမ်းသာနဲ့ မဆိုင်ပါဘူး။ အေအိုင်ဒီအက်စ် ရောဂါဖြစ်တာဟာ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ပဲ ဆိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရင်၊ ဆေးထိုးအပ်ဆေးထိုးပြွန်တွေကို မျှဝေသုံးရင်၊ ဒါမှ မဟုတ်ရောဂါပိုး ရှတဲ့သွေးကို အသွင်းခံရရင် မည်သူမဆို ရောဂါပိုး ကူးစက်ပြီး အေအိုင်ဒီအက်စ် ရောဂါဖြစ်လာပါမယ်။
မေး။ ။ ကျန်းမာရေးဝန်ထမ်းများ (အထူးသဖြင့် သူနာပြုများဟာ) အလုပ်လုပ်င်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ရန် သေချာနိုင်ပါသလား။
ဖြေ။ ။ သာမန်အနေအထားအရတော့ ကူးစက်နိုင်တဲ့ အန္တရာယ်နည်းပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာကို ပြုစုကုသရင်း အိတ်ခ်ျအိုင်ဗွီပိုး ပါတဲ့သွေး (သို့မဟုတ်) သွေးစွန်းနေတဲ့ အရည်တွေနဲ့ ထိမိတတ်ပါတယ်။ ထိမိတဲ့ နေရာမှာ အရေပြားပွန်းပဲ့ ရှထားတဲ့ပွန်းပဲ့ဒဏ်ရာ မရှိရင် ဘာမှ မဖြစ်နိုင်ပါဘူး။ အက်ကွဲနေတဲ့ အနာရှိရင်တော့ ကးစက်နိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ လူနာကို ဆေးထိုးသွေးဖောက်တဲ့အခါ သုံးစွဲပြီးတဲ့ အပ်နဲ့ကျန်းမာရေး ဝန်ထမ်းတွေကို မတော်တဆ ထိုးမိတတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်လုပ်ရင်း အိတ်ခ်ျအိုင်ဗွီပိုး အပါအဝင် တခြားရောဂါပိုးတွေ မကူးအောင် လိုက်နာရမယ့် အခြေခံကာကွယ်မှုတွေ ရှိပါတယ်။ အဲဒါတွေကို အမြဲတမ်းကျင့် သုံးမယ်ဆိုရင် ကူးစက်မှာကို မစိုးရိမ်ရတော့ပါဘူး။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




