မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ပပျောက်ရေးကို ၅ နှစ် စီမံကိန်းဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်နေ သော်လည်း မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု ပမာဏသည်
တနှစ်ထက် တနှစ် ပိုမိုများပြားနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ
တာဝန်ရှိသူ တဦးက ပြောသည်။
“အဓိက စားဝတ်နေရေး အခက်အခဲကြောင့် လူကုန်ကူးခံရတာ များနေတာ”ဟု
၎င်းက ဆိုသည်။
လူကုန်ကူးခံရမှုသည် ၂၀၀၆ခုနှစ်မှ စတင်ပြီး တနှစ်ထက် တနှစ်များပြားလာကြောင်း၊
ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံး
ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အများဆုံးလူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါ
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
၂၀၁၀ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုပေါင်း
၁၇၃မှုအနက် ၁၃၃မှု(၇၆.၈ ရာနှုန်း) မှာ တရုတ်နိုင်ငံ၊ ၁၉ မှု(၁၀.၉ ရာနှုန်း)မှာ ထိုင်းနိုင်ငံ၊
၆ မှု(၃.၄ ရာနှုန်း)မှာ မလေးရှားနိုင်ငံနှင့် ၁၅ မှု(၈.၆ ရာနှုန်း) ပြည်တွင်း လူကုန်ကူးမှုတို့
ဖြစ်သည်ဟု သိရှိရ သည်။
“လူကုန်ကူးမှုဖြစ်တာက ရှမ်းပြည်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊
ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အဖြစ်များတာ။ အဲဒီအထဲမှာမှ
ရှမ်းပြည်မြောက်ပိုင်းက ၄၁ ရာခိုင်နှုန်းရှိတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြော
သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလအထိ
လူကုန်ကူးမှုပေါင်း ၆၄၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဌာန စာရင်းဇယားများအရ သိရသည်။
“ကျမတို့အနေနဲ့ လူကုန်ကူးမှုကို လေ့လာကြည့်တဲ့အခါမှာ တရုတ်နိုင်ငံကို
အဓိကထားပြီး လူကုန်ကူးတာတွေ့ရပြီး လူကုန်ကူးခံရတဲ့ သူတွေကို ကယ်တင်ဖို့ အခက်အခဲတွေ
အများကြီးရှိတာ တွေ့ရတယ်။ ဒီနှစ်ထဲမှာတော့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်သွားပါမယ်”ဟု
လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များတွင် ယာဉ်ရပ်နားစခန်းများ၌
ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ထောင်ခြင်း၊ ယာဉ်ရပ်နားစခန်းများရှိ နားနေဆောင်များတွင်
လူကုန်ကူးမှုပညာပေး စာရွက်များကပ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်လုပ်သားများကို အုပ်စုငယ်ပုံစံဖြင့်
လူကုန်ကူးမှု ဆိုင်ရာ ပညာပေးခြင်းများ စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူကုန်မှုများတွင် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊
လိင်အလုပ်သမအဖြစ် ရောင်းစား ခြင်း၊ အဓမ္မ တောင်းရမ်းခိုင်းခြင်းနှင့် ကလေးသူငယ် လူကုန်ကူးမှု
စသည့် အမျိုးအစားများ ပါဝင် ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦး
က ပြောပြသည်။
ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ
ကေတီဗီ၊ အဖျော်ယမကာနှင့် စင်တင်တေးဂီ စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို
ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော
လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာ ၅ နှစ်စီမံကိန်း(၂၀၀၇-၂၀၁၁)ကိုပြဌာန်းခဲ့ပြီး
စီမံချက်များရေးဆွဲ ဆောင်ရွက် နေသော်လည်း လူကုန်ကူးမှု ဖမ်းဆီးရမိမှုမှာ၂၀၀၆ ခုနှစ်တွင်
၅၂ မှု၊ ၂၀၀၇ တွင် ၁၂၇ မှု၊ ၂၀၀၈ တွင် ၁၃၄ မှု၊ ၂၀၀၉ တွင် ၁၅၅ မှု၊ ၂၀၁၀ တွင် ၁၇၃ မှု ဖမ်းဆီးရမိ၍
လူကုန်ကူးမှု ပမာဏမှာ နှစ်စဉ် တိုးပွားလျက် ရှိကြောင်း သိရသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ
နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့်
ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေး ထိုးထားသည်။
ဟိန်းဇော်
ဧရာဝတီ
- လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ




