24
Aug

လူကုန်ကူးခံရသူများ တရားခံ ပြန်ဖြစ်



လူကုန်ကူး
ခံရဖူးသူ အများစုသည် လုံလောက်သော လူမှု ထောက်ပံ့ကူညီမှု မရရှိခြင်းကြောင့် လူကုန်ကူးမှုကို
ကျူးလွန်သည့် တရားခံများ အဖြစ် ပြောင်းလဲလာကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကျင်းပခဲ့သည့်
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရ အရာရှိများက ထုတ်ဖော်
ပြောဆိုလိုက်သည်။

လူကုန်ကူး
ခံရသူများကို ကူညီထောက်ပံ့ရန် သုံးစွဲသည့် ငွေကြေး ပမာဏမှာ အလွန်နည်းပါး နေပြီး လူကုန်ကူး
ခံရသူတို့၏ ဘ၀ပြန်လည် ထူထောင်ရန် မဆိုထားနှင့် တလတာ သုံးစွဲရန်ပင် မလုံလောက်သော ပမာဏ
ဖြစ်နေသည်ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမြတ်က ဆိုသည်။

“လူကုန်ကူး
ခံရသူတွေကို အကူအညီပေးဖို့ ဆိုတဲ့နေရာမှာ သူတို့က နေရာအနှံ့မှာ ပြန့်နေတယ်။ ထောက်ပံ့တဲ့
နေရာမှာလည်း တယောက်ကို အများဆုံး ကျပ်ငါးသောင်း၊ တသိန်းထက် ပိုမပေးနိုင်ဘူး။ ဒါတွေက
ကျမတို့ ကြုံနေရတဲ့ အခက်အခဲတွေပဲ” ဟု ဒေါ်သင်းသင်းမြတ်က ပြောသည်။

နိုင်ငံဖြတ်ကျော်
မှုခင်းဌာနမှူး ရဲမှူးကြီးစစ်အေးက “မြန်မာနိုင်ငံဟာ လူကုန်ကူး ပြဿနာနဲ့ ပတ်သက်ရင် နစ်နာတဲ့ဘက်၊
ခံရတဲ့ဘက်ကပဲ။ တရုတ်နိုင်ငံမှာ ရောင်းစားခံရပြီး သူများရဲ့ ငွေဝယ်မယား ဖြစ်ရတယ်။ ထိုင်းနိုင်ငံဘက်ကို
ကြည့်ရင်လည်း မြန်မာအမျိုး သမီးငယ်တွေဟာ ပြည့်တန်ဆာပြုခံရခြင်း၊ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်း၊
စက်ရုံအလုပ်ရုံတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရခြင်း၊ အမျိုးသားတွေဆိုရင်လည်း ငါးဖမ်းသင်္ဘောတွေပေါ်မှာ
ရာသက်ပန် ကျေးကျွန်တွေအဖြစ် ခိုင်းစေခံရခြင်း စတဲ့ ခါးသီးနာကျည်းဖွယ်ရာ အဖြစ်အပျက်များ
တွေ့နေရပါတယ်” ဟု ဆိုသည်။

ထိုသို့ဘက်ပေါင်းစုံက
အားနည်းနေသော အခြေအနေဖြစ်၍ လူကုန်ကူးခံရသူများကို ထောက်ပံ့မှုများ ပိုမိုလိုအပ်ကြောင်း
ရဲမှူးကြီးစစ်အေးက ဆက်လက်ပြောသည်။

ပဲခူးမြို့မှ
လူကုန်ကူးခံခဲ့ရသူ မအေးအေးက “NGO တခုက ကျမတို့အဖွဲ့ကို တယောက် ၅ သောင်းတော့ ထုတ်ချေးပေးတယ်။
ဒါပေမယ့် အတိုးက ငွေ ၁၀၀ ကို ၁၀ ဆိုတော့ မလွယ်ဘူး။ အခု ဒီလအတွက် အတိုးမပေးနိုင်ဘူး။
အတိုးမပေးနိုင်ရင် ထပ်ချေးလို့ မရဘူး။ အပြင်မှာ ချေးရတာနဲ့ မကွာတော့ သူတို့ထောက်ပံ့ပေးတာက
ဘာမှမထူးပါဘူး” ဟု ပြောသည်။

လူကုန်ကူးခံခဲ့ရသူ
မသီတာ ကလည်း “ကျမတို့ လူကုန်ကူးခံရတာ ဒီအပိုင်း (ဒီရပ်ကွက်) ထဲက လူချည်းပဲ။ ငါးယောက်စလုံး
အတူတူသွား၊ အတူတူစက်ရုံမှာ အရောင်းခံရတာ။ ဒါပေမယ့် ပြန်လာတော့ လူတွေအမြင်မှာ ဘ၀ပါ ပျက်ခဲ့ရတယ်လို့
ထင်ကြတယ်။ အမှန်က ကျမတို့က လုပ်အားခ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ။ လူတွေက မကောင်းတဲ့ မိန်းမ
လုပ်စားခဲ့ရတယ် ထင်ပြီး အဖက်မလုပ်ချင်ကြ၊ မကူညီချင်ကြတော့ဘူး” ဟု ပြောပြသည်။

ယင်းကဲ့သို့
ပတ်ဝန်းကျင် ပစ်ပယ်မှုများ၊ မလုံလောက်သော ထောက်ပံ့မှုများကြောင့် စီးပွားရေး မပြေလည်သည့်အခါ
လူကုန်ကူး ခံထားရသူများသည် မည်သို့မည်ပုံ လူကုန်ကူးရမည် ဆိုသည့် လမ်းကြောင်းကိုလည်း
သိရှိပြီး ဖြစ်နေကြသဖြင့် ထိုအလုပ်ကို လုပ်ကိုင် လာကြခြင်း ဖြစ်သည်ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး
ဗဟိုအဖွဲ့မှ ရဲမှူးကြီး ရာလျန်မုန်းက ဆိုသည်။

“သူတို့က
လမ်းကြောင်းသိတယ်၊ အလုပ်ရှင်ကို သိတယ်။ တချို့ပွဲစားတွေကို သိလာတယ်။ ဘယ်လို နေထိုင်ရမယ်
လုပ်ကိုင်ရမယ် ဆိုတာကိုလည်း သိလာတော့ ဒီကလူတွေကို အလုပ်ရှာပေးမယ်၊ ခေါ်သွားပေးမယ်ဆိုပြီး
ပြန်ခေါ်သွားတာ။ ပွဲစားလုပ်တာတွေ များလာတယ်။ ရိုးရိုးသားသား ရှာစားလို့ အဆင်မပြေတာရယ်၊
ဥပေဒ တင်းကျပ်တယ်ဆိုတာကို နားမလည်တာတွေကြောင့် ဒီလိုဖြစ်ကုန်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံနှင့်
ထိုင်းနိုင်ငံတို့မှ ပြန်ရောက်လာသော လူကုန်ကူးခံရသူများကို ထောက်ပံ့မှုနှင့် ပြန်လည်
ထူထောင်ရေး အပိုင်း အားနည်းနေခြင်းများကြောင့် လူကုန်ကူးခံရသူ ၁၀၀ ကျော်မှာ လူကုန်ကူးသူများ
အဖြစ်သို့ ပြောင်းလဲသွားသည်ကို ပြန်လည်ဖမ်းဆီးရာတွင် တွေ့ရှိခဲ့ရကြောင်း ရဲမှူးကြီး
ရာလျန်မုန်းက ဆိုသည်။

မြန်မာနိုင်ငံတွင်
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ဇွန်လအထိ လူကုန်ကူးမှု ၅၃၄ မှုဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ ၁၄၅၅
ဦး ဖမ်းဆီးရမိ ခဲ့ကာ ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ ၃၁၀ ဦး ရှိကြောင်း လူကုန်ကူးမှု
တိုက်ဖျက်ရေးဌာန စာရင်းဇယားများအရ သိရသည်။


နှစ်တာအတွင်း ဖမ်းဆီးရမိသည့် လူကုန်ကူးမှုများအနက် ၇၉.၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၊
၉.၂ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ၊ ၀.၆ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံနှင့် ၁၁.ဝ
ရာခိုင်နှုန်းမှာ ပြည်တွင်းတွင်ပင် လူကုန်ကူး ခံရခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်
သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်အစိုးရ လူ့အခွင့်အရေးအဖွဲ့က နေပြည်တော်၌ ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ကြောင်း၊
၂၀၁၁ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အချိန်မီ တင်သွင်းရေးအတွက်
အစီရင်ခံစာမူကြမ်း အတည်ပြုရေး၊ အင်္ဂလိပ်ဘာသာ ပြန်ဆိုရေးများ ဆောင်ရွက်ရန် ရှိကြောင်း
စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဆက်လင်း

August
24, 2010

Irrawaddy
- လူကုန်ကူးခံရသူများ တရားခံ ပြန်ဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top