လူကုန်ကူးမှုနှင့် အိတ်ခ်ျအိုင်ဗီ
ကာကွယ်တားဆီးရေး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး တို့အတွက်
ရည်ရွယ်ကာလူကုန်ကူးမှု နှင့် အိတ်ခ်ျအိုင်ဗီနွံနစ်သူများ စာအုပ်ကို
ပထမဆုံးအကြိမ်အဖြစ် အုပ်ရေ ၅၀၀၀ ထုတ်ဝေလိုက်ပြီး၊ အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း
အက်ဖ်အိပ်စ်ဘီ မြန်မာမှ တာဝန်ရှိသူတစ်ဦးက စာအုပ်စတင်ဖြန့်ချိခြင်း အခမ်းအနားတွင်
ပြောသည်။
အက်ဖ်အိပ်စ်ဘီ မြန်မာမှ စီစဉ်ထုတ်ဝေပြီး
စာရေးဆရာ ဦးဝင်းနိုင်ထွန်း ရေးသားသည့် အဆိုပါ စာအုပ်ကို တစ်နေရာမှ တစ်နေရာ
ကူးသန်းသွားလာနေရသည့် ယာဉ်မောင်းများ၊ လူကုန်ကူးမှု ကာကွယ်ရေး အလုပ်များ
လုပ်နေသည့် အဖွဲ့အစည်းများ၊ စာကြည့်တိုက်များနှင့် စီမံချက်နယ်မြေများတွင် အခမဲ့
ဖြန့်ဝေသွားမည် ဖြစ်ကြောင်း အက်ဖ်အိပ်စ်ဘီ မြန်မာမှ စီမံချက် မန်နေဂျာ
ဒှေါကေသီရှိန်က ပြောသည်။
အဆိုပါ စာအုပ်ထဲတွင် တခြားသော
အိမ်နီးခြင်း နိုင်ငံများတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အဓိက ပါဝင်ပြီး
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အချက်အလက်များ မပါဝင်သေးကြောင်း သိရသည်။
“ပြည်တွင်းမှာ ကြုံရတဲ့ Case တွေကို
ရှာဖွေနေပါတယ်။ ဒုတိယ စာအုပ်ထဲမှာတော့ အဲဒီအချက်အလက်တွေ ထည့်ပြီး ထုတ်ဝေနိုင်ဖို့
မျှောလင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စာအုပ်ကို ပြည်ထဲရေးဝန်ကြီး
ဌာနနှင့် SDC တို့၏ ပံ့ပိုးကူညီမှုဖြင့် အက်ဖ်အိပ်စ်ဘီ မြန်မာ က
စီစဉ်ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၁၃ ရက် ၂၀၀၉ ခု ထုတ် 7 Day News Journal




