5
May

လူကုန်ကူးမှုများကို ဖမ်းဆီးစစ်ဆေးအပြစ်ပေး၊ ထောင်ဒဏ် နှစ် ၂၀မှ နှစ် ၁၅၀ထိ ပြစ်ဒဏ်များချမှတ်



တရုတ်နိုင်ငံတွင်
အလုပ်သွားရောက် လုပ်ကိုင်ရန် မြန်မာအမျိုးသမီးငယ်များကို သိမ်းသွင်းခေါ်ယူကာ လူကုန်ကူးမှု
ကျူးလွန်ခဲ့သူများကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က တင်းတင်းကြပ်ကြပ် နှိမ်နင်းနေရကြောင်း
ပါဝင်ဆောင်ရွက်ခဲ့သည့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများက
ဆိုသည်။

လူကုန်ကူးမှု
တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်း လူကုန်ကူးခြင်း
တိုက်ဖျက်သည့် ကုလသမဂ္ဂအစီအစဉ်မှ တာဝန်ရှိသူများသည် ပြည်တွင်းမှ အင်န်ဂျီအိုအချို့နှင့်ပူးပေါင်းကာ
တရုတ်-မြန်မာနယ်စပ်မြို့များတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ရန်
ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါဖော်ထုတ်မှုများကြောင့်
လူကုန်ကူးသူများကို အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း ဖမ်းဆီးရမိကာ
မူဆယ်ခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ရာ အချို့အမှုများသူများဆိုပါက
နှစ်ရာချီကျခံရသူများရှိကြောင်း အဆိုပါ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ
ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်နန့်စုစုလှိုင်က ပြောသည်။

ထိုသို့
ထောင်ဒဏ်ချမှတ်ခဲ့သည့်အမှု များအနက် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က မူဆယ်တရားရုံးတွင်
အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ဆေးဖော်ထုတ်ပြီး အမှုသုံးခုအရ ထောင်ဒဏ်
၅၂ နှစ် ချမှတ်ခဲ့သည်။

"သူနဲ့အတူလှုပ်ရှားတဲ့
တရုတ်ပြည်ဘက်က အမျိုးသမီးကတော့ အခုထိလွတ်နေဆဲပဲ။ လက်ရှိ ဖော်ထုတ်ပြီးတဲ့အမှုတွေအရ သူတရုတ်
ပြည်မှာရောင်းခဲ့တဲ့ မိန်းကလေးတွေက မိသားစုတွေကို ပြန်လည်ပြောလို့ လာတိုင်တာနဲ့ ပြီးခဲ့တဲ့
အောက်တိုဘာက သူ့ကို ဖမ်းဆီးရမိခဲ့တာ"ဟု နန့်စုစုလှိုင်က ပြောသည်။ အဆိုပါအမျိုးသမီးသည်
ပဲခူးတိုင်း ဝေါမြို့မှ နှစ်ဦး၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ တစ်ဦးနှင့် ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ်မှ နှစ်ဦး တို့ကို လူကုန်ကူးရောင်းစားခဲ့ကြောင်း စစ်ဆေးဖော်ထုတ် နိုင်ခဲ့သောကြောင့်
ထောင်ဒဏ်ချ ခံရခြင်းဖြစ်သည်။ "အခုချိန်ထိ လူကုန်ကူးခံရတဲ့သူတွေ ပြန်မရောက်ကြသေးပါဘူး။
သူတို့တွေကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က တရုတ်ပြည် ဘက်မှာ အလုပ်ရမယ်ဆိုပြီး ရောင်းစားခဲ့တာပါ"ဟု
၎င်းက ပြောသည်။

ယခု
လူကုန်ကူးမှုကျူးလွန်သူများမှာ များသောအားဖြင့် ပြည်တွင်း၌ လှုပ်ရှားသူများ ဖြစ်ပြီး
ယင်းတို့ကို ပံ့ပိုးပေးသောသူများမှာ တရုတ်နိုင်ငံဘက်တွင် အခြေစိုက်နေထိုင်သူများဖြစ်ကြောင်းလည်း
သိရသည်။ "အခုဖမ်းမိတဲ့သူဆို ၂၀၀၀ ပြည့်နှစ် လောက်ကတည်းက လှုပ်ရှားနေတာ။ သူနဲ့ အတူတူ
လုပ်နေတာက တရုတ်ပြည်ဘက်မှာနေတဲ့ တရုတ်နဲ့ အိမ်ထောင်ကျနေတဲ့ မြန်မာအမျိုးသမီးလေ"ဟု
နန့်စုစုလှိုင်က ပြောကြားသည်။

အဆိုပါအမျိုးသမီးနှင့်အတူ
ပါဝင်ခဲ့သည့် အမျိုးသားနှစ်ဦးကိုလည်း ထောင်ဒဏ်နှစ် ၂၀ နှင့် နှစ် ၄၀ စီ ချမှတ်ခဲ့ကြောင်းလည်း
သိရသည်။ လူကုန်ကူးသူများသည် မူလကာလက သားကောင်များဖြစ်ခဲ့ဖူးပြီး ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်
အဖြစ်အပျက်များကို ပြင်ဆင်ရန် ကြိုးစားရမည့်အစား လူကုန်ကူးသူများအဖြစ်သို့ ကူးပြောင်းကာ
နယ်မြေအလိုက် သားကောင်ရှာဖွေလေ့ ရှိကြသည်။

မိမိတို့ကျွမ်းကျင်ရာ
နယ်မြေများအလိုက် လူကုန်ကူးရန် အမျိုးသမီးငယ်များကို ရှာဖွေလေ့ရှိရာ အသက်အရွယ် ၁၆ နှစ်မှ
၂၉ နှစ် ကြားရှိသူများ များပြားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူများက
ပြောသည်။ တရုတ်နိုင်ငံတွင် အလုပ်အကိုင်ကောင်း ရရှိမည်ဟု ၎င်းတို့က သိမ်းသွင်းပြောဆိုခဲ့သော်လည်း
အမှန်တကယ်မူ တရုတ်အမျိုးသားများ နှင့် လက်ထပ်စေခြင်းသာဖြစ်ကြောင်း လက်ရှိ ဖြစ်ပေါ်နေသော
အနေအထားကို ပြောပြသည်။

"တရုတ်နိုင်ငံမှာက
သတို့သမီးလိုအပ်ချက်က အရမ်းများနေတယ်။ ဒီဘက်က မြန်မာ အမျိုးသမီးတွေကို သူတို့က ၀ယ်တဲ့သဘောနဲ့
လူကုန်ကူးတဲ့သူတွေကို ပိုက်ဆံပေးလိုက်တာ။ တချို့ကလည်း ကြည်ကြည်ဖြူဖြူ လက်ထပ်တဲ့ သူတွေရှိသလို
တချို့ကလည်း ဟိုကို ရောက်ပြီးမှ ပြန်ထွက်ပြေးလာသူတွေရှိတယ်" ဟု အထက် ပါလူကုန်ကူးမှုတိုက်ဖျက်ရေးတွင်
ပါဝင်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးက သူကြုံရသည့် အဖြစ်အပျက်များကို ပြောသည်။

၎င်းတို့က
ဆက်လက်ပြောဆိုသည်မှာ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်
ပြစ်မှုများနောက်တွင် လူကုန်ကူးမှု ပြဿနာရပ်မှာ ပိုမိုကြီးထွား လာနေကြောင်း ပြောသည်။
"တချို့ဆို ထောင်ဒဏ် နှစ် ၁၅၀ ကျော် ချခံရသူတွေလည်းရှိတယ်။ အမှုများရင် များသလိုချတာ။
ငွေဒဏ်လည်းပါတယ်" ဟု နန့်စုစုလှိုင်က ပြောသည်။

လူကုန်ကူးသူများမှာ
အများယုံကြည်လောက် အောင်ပြောဆိုနိုင်စွမ်းရှိကြပြီး များသောအားဖြင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူ
များ ပိုမိုခံရလေ့ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအတွင်း ရောက်ရှိသွားသည့် အမျိုးသမီးငယ်များကို
တရုတ်ယွမ်ငွေ နှစ်သောင်း (တစ်ယွမ်လျှင် မြန်မာကျပ် ၁၄၀ ခန့်)မှ ယွမ်ငါးသောင်းကျော်ခန့်အထိဖြင့်
ရောင်းချလေ့ရှိကြောင်း သိရသည်။

"ဒီလိုအမျိုးသမီးငယ်တွေ
မိမိသဘောဆန္ဒ မပါဘဲ အတင်းအကျပ် လက်ထပ်ခံရတဲ့အဖြစ်တွေကို မိဘတွေကလည်းသိထားပြီး အလုပ်ရမယ်ဆိုတိုင်း
မလွှတ်ဖို့လိုပါတယ်။ အသိပညာပေးမှု တွေကိုလည်း ဆောင်ရွက်ပေးနေ ဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံ
အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။ တရုတ်နိုင်ငံအတွင်း၌မူ
သတို့သမီးအား တင်တောင်းသည့် အလေ့အထရှိခြင်းကြောင့် ယင်းကဲ့သို့ ငွေပေးကာ လက်ထပ်ခြင်းမှာ
တရားဝင်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင်မူ
ယင်းကဲ့သို့ လူကုန်ကူးသူများကို သက်သေနှင့်တကွ ဖမ်းဆီးရမိပါက အုပ်စုလိုက် ဂိုဏ်းဖွဲ့ကျူးလွန်လျှင်
ပုဒ်မ ၂၈(က)အရ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ကြောင်း သိရသည်။ လူကုန်ကူးမှုများကို ဖမ်းဆီးစစ်ဆေးအပြစ်ပေး၊
ထောင်ဒဏ် နှစ် ၂၀မှ နှစ် ၁၅၀ထိ ပြစ်ဒဏ်များ ချမှတ်ကြောင်းသိရသည်။

မြန်မာတိုင်းမ်း -

အတွဲအမှတ်
(၂၄ ၊ အမှတ် ၄၆၄)
 



မူဆယ်တွင် လူကုန်ကူးမှုများကို
တင်းကျပ်စွာဖမ်းဆီးစစ်ဆေးအပြစ်ပေး ကျူးလွန်သူများကို ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၅၀
ထိ ပြစ်ဒဏ်များချမှတ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top