26
Apr

လူကုန်ကူးမှုဖြစ်စဉ်အများစု အမျိုးသမီးများကဦးဆောင်၊ မျက်နှာသိဆွေမျိုးများပါပစ်မှတ်ထားလာ



လူကုန်ကူးမှုဖြစ်စဉ်အများစုကို
လေ့လာကြည့်ပါက စည်းရုံးခေါ်ဆောင်သူ  ဦးဆောင်ကျူးလွန်သူ
အများစုမှာ အမျိုးသမီးများဖြစ်နေပြီး မျက်နှာသိများ၊ ဆွေမျိုးနီးစပ်များကို သားကောင်အဖြစ်
ပစ်မှတ်ထားလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့်
နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် လေ့လာသူများ ကဆိုပါသည်။

လူကုန်ကူး
ဖြစ်စဉ်အများစုတွင် သားကောင်အဖြစ် ပစ်မှတ်ထားခြင်းခံရသူများမှာ အမျိုးသမီးများသာ ဖြစ်သော်လည်း
ကလေးငယ်များအပြင် အမျိုးသားပါ ပါဝင်လာတတ်ကြောင်းလည်း လေ့လာသူ တစ်ဦးကထောက်ပြခဲ့သည်။
ယခင်က နယ်စပ်စည်းတစ်လျောက်ရှိမြို့များမှ ၀င်ငွေနည်းပါး မိသားစုဝင်များကို လူကုန်ကူးသူများက
ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ လူကုန်ကူးသူများက မိမိနှင့် ဆက်နွှယ်ပတ်သက်သူ မျက်နှာသိများ၊
ဆွေမျိုးသား ချင်းများကိုပါ ပစ်မှတ်ထားလာသည့်အတွက် လူကုန်ကူးခံရသူများမှာ မြန်မာနိုင်ငံ
နေရာဒေသအသီးသီးမှ ဖြစ်လာကြောင်း သိရသည်။

''လူကုန်ကူးသူတွေရဲ့
ဦးတည်ရာ အဓိကနေရာက တရုတ်နိုင်ငံ ဖြစ်လာတာတွေ့ရတယ်။  အဲဒီတော့မြန်မာ-တရုတ် နယ်စပ်မြို့တွေကို လူသူစုဆောင်း
ခေါ်ယူလာတာတွေ  အဲဒီမြို့တွေမှာ တရားခံတွေ ဖမ်းဆီးရမိတာတို့
တရားစွဲဆိုထောင်ချလိုက်တာတို့ တစ်ဖက်နိုင်ငံကနေ လူကုန်ကူးခံရသူတွေကို ပြန်ပို့တာတို့
မီဒီယာတွေမှာ ဖတ်လိုက်ရမှာပါ။ ဒီဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လူကုန်ကူး ခံလိုက်ရတဲ့
သားကောင်တွေက ဧရာဝတီတိုင်းထဲကလည်း ပါမှာပဲ၊ ရန်ကုန်လို ပဲခူးလို မန္တလေးလိုမြို့ကြီး
ပြကြီးကလည်း ပါလာတာပဲ။ အရင်တုန်းကတော့ တောရွာတွေဆီ ဆင်းပြီးစည်းရုံးတော့ တောနယ်ဘက်ကများတယ်။
အခုတော့ ပစ်မှတ်ရွေးတာကိုက မျက်နှာသိတွေ ဆွေနီးမျိုး စပ်တွေကိုပါ  ရွေးလာတာကြောင့် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ
ပြည်သူတွေဆီ မှန်မှန်ကန်ကန် ရောက်ဖို့ အရေးတကြီး လိုအပ်လာပြီ''ဟု လူကုန်ကူးမှု ဆိုင်ရာဖြစ်စဉ်များကို
လေ့လာနေသူ စာရေးဆရာသုတေသီ ၀င်းနိုင်ထွန်း ကမှတ်ချက်ပြု ပြောကြားခဲ့သည်။

''မကြာသေးမီက
မူဆယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ လူကုန်ကူးမှုဖြစ်စဉ် တစ်ခုမှာ အဓိကပါဝင်ခဲ့တဲ့ အမျိုး သမီးဆိုရင်
သူ့ရဲ့ ညီမတစ်ဝမ်းကွဲကို လူကုန်ကူးခဲ့တာ ဖြစ်တယ်လို့သိရတယ်။ သူ့ကို သက်ဆိုင်ရာက မေးမြန်းတဲ့ခါ
သူက သူနဲ့မျက်နှာသိတွေရှိတဲ့ ဧရာဝတီတိုင်းထဲက ရွာကလေးတွေအပြင် ခရီးသွားရင်း သိကျွမ်းခင်မင်ခဲ့တဲ့
ပဲခူးတိုင်းက အမျိုးသမီးငယ်ကလေးတွေကိုပါ လူကုန် ကူးဖို့အတွက် စည်းရုံးခေါ်ဆောင် သွားခဲ့တယ်လို့
သိရပါတယ်။ ဒါကြောင့် အမျိုးသမီးငယ်လေးတွေ ခရီးသွားတဲ့အခါမှာလည်း အလုပ်အကိုင်မက်လုံးပေးတိုင်း
မယုံကြည်ဖို့ အရေးကြီးပါတယ်။ အလားတူပဲ အိမ်ကိုလာပြီးတော့ ကိုယ်နဲ့မျက်နှာသိတွေ ဆွေနီးမျိုးစပ်တွေလာပြီးတော့
အလုပ်အကိုင်မက်လုံးနဲ့ စည်းရုံးခေါ်ဆောင်မယ်ဆိုရင်လည်း မယုံလွယ်ဖို့ အရေးကြီးပါတယ်''
ဟု ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် လူကုန်းကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ
ဆောင်ရွက်နေသူ ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်စူစန်နာလှလှစိုးက
ဆိုပါသည်။

''အမျိုးသမီးကို
အမျိုးသမီးချင်း စည်းရုံးတာက ပိုပြီး ထိရောက်တဲ့ သဘာဝကြောင့်ဖြစ်သလို နောက်တစ်ချက်ကလည်း
တစ်ကြိမ်သားကောင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေက နောက်တစ်ကြိမ်မှာ လူကုန်ကူးသူနေရာကို
ရောက်သွားတတ်တဲ့ သဘာဝကြောင့်လည်း ဖြစ်ပါတယ်။ နောက်တစ်ချက် ကလည်း အမျိုးသမီး ငယ်ရွယ်
တော်တော်များများက မိသားစုစားဝတ်နေရေး အခက်အခဲတွေရယ်၊ ၀တ်ချင်စားချင်စိတ်၊ သုံးချင်ဖြုန်းချင်တဲ့စိတ်နဲ့
ဝင်ငွေမြင့်မြင့်မား ရလိုတဲ့အတွက် စွန့်လွှတ်စွန့်စား ချင်တဲ့စိတ်တွေက အမျိုးသားငယ်တွေ
ထက် ပိုများတာလည်းပါမယ်''ဟု  စာရေးဆရာသုတေသီ
ဝင်းနိုင်ထွန်း က ပြောကြားခဲ့သည်။

First 11 - လူကုန်ကူးမှုဖြစ်စဉ်
အများစုကို အမျိုးသမီးများက ဦးဆောင် ကျူးလွန်ကြပြီး မျက်နှာသိ ဆွေနီးမျိုးစပ်များကိုပါ
သားကောင်အဖြစ် ပစ်မှတ်ထားလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top