ပွဲစားလုပ်သူများက
၎င်းတို့၏ မိဘဆွေမျိုးများမှတဆင့် မြန်မာပြည်တွင်းရှိ လူငယ်လူရွယ်များအား လူကုန်ကူး စည်းရုံး
လုပ်ဆောင်နေကြပြီး အဆိုပါ အမှုမျိုးအတွက် တိုင်ချက် ဖွင့်သော်လည်း အာဏာပိုင်များက လက်ခံ
အရေးယူခြင်း မရှိကြောင်း လမ်းပြကြယ် အဖွဲ့မှ ပြောကြားသည်။
လူကုန်ကူးသူ
ပွဲစားများ၏ ဆွေမျိုးများက လူဆွယ်ခြင်း အလုပ်များကို လုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု လမ်းပြကြယ်အဖွဲ့က
၎င်းတို့ လက်ခံရရှိထားသည့် တိုင်ကြားစာ မှတ်တမ်းများကို ကိုးကား၍ ပြောဆိုသည်။
မှတ်တမ်းတခုအရ
ယမန်နှစ် သြဂုတ် (၁၆) ရက်တွင် ဓနုဖြူမြို့နယ် ဆီးဖြူကုန်းကျေးရွာနေ အဘဦးဖိုးသန်း၊
အမိဒေါ်ခင်စန်းတို့၏သား ဖြိုးကိုကိုဦး အသက် (၁၉) နှစ်နှင့် အဘ ဦးဖြူဝင်း အမိ မအရှင်း
တို့၏သား ကျော်ဘိုဘို အသက် (၂၁) နှစ်တို့အား ဓနုဖြူမြို့နယ်၊ ကျောင်းစု ကျေးရွာနေ ဒေါ်ကျင်တီးက
ပိုက်လုံးစက်ရုံတွင် အလုပ် သွင်းပေးမည်ဟုဆိုကာ မြဝတီမြို့ ဝါတောရပ်ကွက်ရှိ ကောင်းကင်မိုး
စားသောက်ဆိုင်အနီးရှိ ကိုကျော်လွင်၊ မနိုင် ဆိုသူတို့ထံသို့ လိပ်စာပေး စေလွှတ်လိုက်သည်။
ထိုသူနှစ်ဦးသည် ဒေါ်ကျင်တီး၏သမီး လူပွဲစား လုပ်နေသူ မမေလေးစံနှင့် ပူးပေါင်းကာ လူကုန်ကူးနေသူများ
ဖြစ်သည်ဟု ဖော်ပြထားသည်။
ဖြိုးကိုကိုဦးနှင့်
ကျော်ဘိုဘိုတို့သည် ညီအစ်ကို ၀မ်းကွဲ တော်စပ်ပြီး ၎င်းတို့ ထွက်ခွာသွားချိန်မှ စပြီး မိဘများမှာ
မည်သည့်သတင်းမှ မကြားရဘဲ ပြီးခဲ့သည့်လ ဇူလိုင် (၂၀) ရက်တွင် အမျိုးသမီးတဦးက မောင်ကျော်ဘိုဘို
သေဆုံးသွားပြီ ဖြစ်ကြောင်း ဖုန်းဖြင့် မိဘများထံ အကြောင်းကြား လာကြောင်း လမ်းပြကြယ်
မှတ်တမ်းတွင် ပါရှိသည်။
ထို့အပြင်
ပြီးခဲ့သည့် ဇွန် (၂၁) ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလား ဖန်တိမ်ရွာ အပေါ်ပိုင်းနေ
အဘဦးစံသိန်း၏ သမီး မခင်စန်းနွယ် (ခေါ်) မစိန်တူး အသက် (၂၃) နှစ်အား အောက်ပိုင်းရွာနေ
ဒေါ်သူဇာက လူကုန်ကူးနေသည့် ၎င်း၏တူမဖြစ်သူ မချောငယ်ထံသို့ ခေါ်ဆောင် သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း၊
ယခုအခါ မခင်စန်းနွယ်သည် ဖာကန့်မြို့ရှိ “ချိုသည်း” လျှို့ဝှက် အနှိပ်ခန်းသို့ ရောက်ရှိနေကြောင်း
မိဘများက သတင်းရသည်ဟု လမ်းပြကြယ် မှတ်တမ်းတွင် ပါရှိသည်။
ထိုသို့
ဖြစ်ပွားခဲ့သဖြင့် သထုံမြို့နယ် ရဲစခန်းသို့ မခင်စန်းနွယ်၏ မိဘများက (၇) ကြိမ်တိုင်တိုင်
အမှုဖွင့်သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးသဖြင့် ပဲခူးမြို့၊ လမ်းပြကြယ် အဖွဲ့မှ ဦးအေးမြင့်
ထံသို့ လာရောက် တိုင်ကြားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ဦးအေးမြင့်က “ဒီလိုဖြစ်ပျက်နေတာနဲ့ ပတ်သက်လို့
(၁)
နအဖ အကြီးကဲထံ အသိပေး တိုင်ကြားမည်၊
(၂)
မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီထံ အကြောင်းကြားမည်၊
(၃)
သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာ ပိုင်တွေနှင့် သတင်းတပ်ဖွဲ့ (စရဖ) ကို တင်ပြမည်၊
(၄)
ဒီလိုတင်ပြလို့မှ မလုပ်ရင် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို တိုင်မည်၊
(၅)
အနေနဲ့ကတော့ ပြည်တွင်းကိစ္စ ပြည်တွင်းဖြေရှင်းတဲ့နည်းကို ပထမ ဦးစားပေးပါမည်၊ မရမှ ကုလသမဂ္ဂပေါ့”
ဟု ဆိုသည်။
ပဲခူးမြို့
အခြေစိုက် လမ်းပြကြယ် အဖွဲ့သည် မြန်မာပြည်တွင်း၌ အာဏာပိုင်များ၏ အရပ်သားများအား အဓမ္မ
လုပ်အားပေး စေခိုင်းမှုများ၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်တပ်အတွင်း ဇွတ်အတင်း
သိမ်းသွင်းနေမှုများကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။ ယခုကဲ့သို့ လူကုန်ကူးမှုမျိုးကို
လာရောက် တိုင်ကြားခြင်းသည် ပထမအကြိမ် ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသည်
လူကုန်ကူးမှု တိုက်ဖျက်ရေး စာချုပ်ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့သည်။ သို့ရာတွင်
ဇွန် (၁၄) ရက်၌ ထုတ်ပြန်သော အမေရိကန် နိုင်ငံခြားရေး ဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေး
(၁၀) နှစ်မြောက် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးဆုံး အဆင့် နံပါတ်
(၃) တွင် တည်ရှိနေသေးသည်။
သြဂုတ်
(၄) ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင်မူ အမျိုးသမီးနှင့် အမျိုးသား (၄) ဦးကို
လူမှောင်ခိုကူးရန် ခေါ်ဆောင်လာမှုဖြင့် ကော့သောင်းမြို့တွင် တရားခံ အေးကြူအား ဖမ်းမိကြောင်းနှင့်
အမျိုးသမီးငယ် (၃) ဦးအား လွန်ခဲ့သော (၇) လခန့်က တဘက်နိုင်ငံ ပြည့်တန်ဆာရုံများသို့
ရောင်းစားခဲ့သည့် ကျောက်မဲမြို့နေ တရားခံ မစန်းစန်းမြင့်တို့အား ကျောက်တံတား မြို့နယ်တွင်
ဖမ်းမိထားကြောင်း သတင်းများ ဖော်ပြပါရှိသည်။
မြန်မာပြည်တွင်
စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အလုပ်လုပ်ကိုင် နိုင်သော လူငယ် လူရွယ်များသည် အိမ်နီးချင်း
နိုင်ငံများသို့ ထွက်၍ စီးပွားရှာရာတွင် မသမာသူ လူပွဲစားတို့၏ လူကုန်ကူးမှုကို ခံရပြီး
ပင်လယ်ငါးဖမ်းလှေများ၊ အနှိပ်ခန်း၊ ကာရာအိုကေ ခန်းနှင့် ပြည့်တန်ဆာရုံ တို့တွင် ရောင်းစားခံနေရသည်။
မြတ်ခိုင်ဦး
၀၆
သြဂုတ် ၂၀၁၀
ခေတ်ပြိုင်
- လူကုန်ကူးမှု လုပ်ငန်းများကို အစိုးရ အရေးမယူ




