ကမ္ဘာ့လူဦးရေ၏
(၁ဝ)ရာခိုင်နှုန်း (သန်းပေါင်း (၆၅ဝ)ခန့်)သည် ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူများ ဖြစ်ကြသည်။
ထိုအထဲမှ (၈ဝ)ရာခိုင်နှုန်းသည် ဆင်းရဲသည့် နိုင်ငံများမှ ဖြစ်သည်။ ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုနှင့်
ဆင်းရဲမွဲတေမှုသည် နီးကပ်စွာ အကျိုးအကြောင်း ဆက်စပ်လျက် ရှိသည်။
ထိုနိုင်ငံများတွင်
ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူများ၏ အလုပ်လက်မဲ့နှုန်းသည် မသန်စွမ်းသူ ဦးရေထဲမှ (၈ဝ/၉ဝ)ရာခိုင်နှုန်း
ရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မသန်စွမ်းသူ ဦးရေထဲမှ အလုပ်လက်မဲ့နှုန်းသည်
(၅ဝ/၇ဝ) ရာခိုင်နှုန်းဖြစ်သည်။
အလုပ်လက်မဲ့ဖြစ်ရခြင်း
အဓိက အကြောင်းရင်းမှာ ပညာသင်ကြားခွင့် မရရှိမှုနှင့်လည်း သက်ဆိုင်သည်။ UNESCO ၏ ခန့်မှန်းချက်အရ
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မသန်စွမ်းသူ ကလေးငယ် (၉ဝ)ရာခိုင်နှုန်းသည် ကျောင်းပညာ သင်ကြားခွင့်
မရသေးပေ။ ထို့အပြင် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားစဉ်ကာလများ၌ ကိုယ်လက်မသန်စွမ်းမှု
ဖြစ်ပွားတတ်ရာ ထိုကာလအတွင်း ကိုယ်လက်မသန်စွမ်းဖြစ်ရသူ အမျိုးသမီးဦးရေ သန်း(၂ဝ)ခန့်ရှိသည်။
မသန်စွမ်းသူများအဖို့
၎င်းတို့အသိုင်းအဝိုင်းတွင် ရှင်သန်ရပ်တည်ပြီး အဓိကအခန်း ကဏ္ဍ၌ ပါဝင်ရန်အတွက် စိန်ခေါ်မှုအချက်များစွာ
ကိုယ်စီရှိနေသော်လည်း တူညီသည့်အချက်ကတော့ လူကုန်သူများအတွက် ဆွဲဆောင်မှု ရှိသောအချက်ပင်ဖြစ်သည်။
၎င်းတို့ အသိုင်း အဝိုင်းတွင် အသုံးမကျတော့ဟု ယူဆလာသည့်အခါမျိုးတွင် လူကုန်ကူးသူများအတွက်
အသုံးချခံရမှုအခွင့်အလမ်း ပိုရှိလာသည်။
အထူးသဖြင့်
ပြည့်တန်ဆာလုပ်ငန်းများ သို့မဟုတ် တောင်းရမ်း စားသောက်ရသည့် လုပ်ငန်းများတွင်ဖြစ်သည်။
ကိုယ်လက်မသန်စွမ်းသူ အမျိုးသမီးများနှင့် မိန်းကလေးများသည် လူကုန်ကူးခံရမှု အန္တရာယ်အလွယ်တကူ
ကျရောက်နိုင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းခံရမှုများလည်း အများဆုံးကြုံရနိုင်ဖွယ်ရှိသည်။
UNICEF ၏ လေ့လာတွေ့ရှိချက်အရ ထိုင်းနိုင်ငံရှိ ပြည့်တန်ဆာလုပ်ငန်းပိုင်ရှင်များသည်
အထူးသဖြင့်နားထိုင်းသူ၊ နားမကြားသူ၊ ထုံထိုင်းသူ မြီးကောင်ပေါက် မိန်းကလေးများနှင့်
အမျိုးသမီးများကို ပစ်မှတ်ထားစုဆောင်းအလုပ် ဆင်းခိုင်းလေ့ရှိသည်ဟု ဆိုသည်။
အကြောင်းမှာ
၎င်းတို့သည် နာကျင်ခံစားမှုများကို ပြောမပြနိုင်ဘဲ လက်ဟန်ခြေဟန်ဖြင့်သာ အလုပ်ရှင်၊ ၎င်းတို့နှင့်ပျော်ပါးသူတို့ကို
ရှင်းပြနိုင်သောကြောင့် ဖြစ်သည်။ ထွက်ပြေးရင်တောင် ၎င်းတို့ဘာသာ အိမ်မပြန်တတ်သောကြောင့်လည်းဖြစ်သည်။
ထိုင်ဝမ်နိုင်ငံတွင် မကြာသေးမီက လေ့လာတွေ့ရှိချက်အရ ကလေးပြည့်တန်ဆာဖြစ်ပွားမှုတွင် မသန်စွမ်းသည့်
ကလေးပြည့်တန်ဆာ ဖြစ်ပွားမှုမှာ မျှော်မှန်းထားသည်ထက် (၆)ဆခန့်ဖြစ်ပွားမှု ရှိကြောင်းဖော်ပြထားသည်။
တောင်းရမ်းစားသောက်သည့်
လုပ်ငန်းတွင်လည်း ထိုသို့မသန်စွမ်းသူများကိုပင် ပို၍ အသုံးတည့်ပြန်သည်။ ၎င်းတို့၏ မသန်စွမ်းမှုက
မြင်သူတကာကို ကိုယ်ချင်းစာနာစိတ် ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။ ဘန်ကောက်မြို့တွင်
သူတောင်းစားကို ပိုက်ဆံပေး သူများထဲတွင် (၈ဝ)ရာခိုင်နှုန်းသည် မသန်စွမ်းသူတောင်းစား၊
အင်္ဂါချို့တဲ့ သူတောင်းစားကိုသာ ပေးလေ့ရှိသည်ကို တွေ့ရသည်။
အချို့ယဉ်ကျေးမှုများတွင်
၎င်းတို့၏အသိုင်းအဝိုင်း၌ ထိုမသန်စွမ်းသူများကြောင့် အရှက်တကွဲ ဖြစ်ရသည်ဟုယူဆပြီး ၎င်းတို့စောင့်ရှောက်ရမည့်
ဒုက္ခကင်းစေရန် လူကုန်ကူးသူလက်ထဲ ရှာထည့်ပေးလိုက်သည်လည်း ရှိသည်။ လူကုန်ကူးသူများသည်
ရုပ်ပျက်ဆင်းပျက်နှင့် မွေးဖွားလာသည့် ကလေးများကို အရင်းအနှီးပြုလုပ်ကာ လမ်းများပေါ်တွင်
တောင်းစားရန် အသုံးပြုလေ့ရှိသည်။ ထွက်မပြေးရန်လည်း ဂိုဏ်းအဖွဲ့များနှင့် စောင့်ကြပ်မှုလည်းထားရှိသည်။
(၂ဝဝ၇)ခုနှစ်၊
တရုတ်နိုင်ငံတွင် မိဘ(၄ဝဝ)ခန့်က ၎င်းတို့၏ကလေးများအား ဘူတာရုံများမှာ ပြန်ပေးဆွဲခံရမှုများကို
ရှာဖွေပေးရန်အာဏာပိုင်များထံ တိုင်ကြားပြီးနောက် အုတ် စက်ရုံများတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခံရသူ
(၁၃၄ဝ)ဦးကို ကယ်တင်နိုင်ခဲ့သည်။ အများစုမှာ ကလေးများဖြစ်ကြပြီး ထိုအထဲမှ သုံးပုံတစ်ပုံခန့်သည်
ဥာဏ်ရည်မမှီသူများ ဖြစ်ကြသည်ကို ဖော်ထုတ်တွေ့ရှိရသည်။
ထို့ကြောင့်
လူကုန်ကူးသူများ၏ သားကောင်မဖြစ်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရလူမှုဖူလုံရေးဌာန
များတို့ပူးပေါင်းပြီး မသန်စွမ်းသူတို့၏ပါဝင် ဆောင်ရွက်ခွင့် ရှိမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးရမည်။
ကိုယ်လက်မသန်စွမ်းသူ ကလေး များအတွက် လူမှုရေးလုပ်ငန်းပါဝင် ဆောင်ရွက်ခွင့်ကိုလည်း ပိုမိုအခွင့်အလမ်း
ဖန်တီးပေးရ မည်ဖြစ်သည်။
၎င်းတို့
ကျောင်းတက်ခွင့်ရရှိရေးနှင့် ၎င်းတို့အသိုင်းအဝိုင်းတွင်လည်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရေး
ကိုလည်း ယုံကြည်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းအပြင် မသန်စွမ်းသူတို့၏ အသိုင်း
အဝိုင်းတွင် ရှိနေဆဲဖြစ်သော ခွဲခြားဆက်ဆံမှုနှင့် ဘဝအတွက်အမည်းစက်ဟု ယုံမှားသံသယ ပပျောက်ရန်လည်း
ဖြေရှင်းပေးရပေဦးမည် ဖြစ်သည်။
လျှပ်တပြက်
ဂျာနယ် - လူကုန်ကူးမှု နွံတွင်းမှ ထပ်ဆင့် ဒုက္ခရှင်များ




