23
Aug

လူငယ်စုံတွဲများ လက်မထပ်မီ ဆက်ဆံခြင်း ပြဿနာ အေ့စ် ကို ဖိတ်ခေါ်ရာရောက်



လူငယ်စုံတွဲများကြား
လက်မထပ်မီ ဆက်ဆံမှုပြုခြင်းမှာ HIV နှင့် အခြား မလိုလားအပ်သော ဆိုး ကျိုးများကို ဖြစ်စေနိုင်သည်ဟု
သိရသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ယင်းကဲ့သို့ လက်မထပ်မီ အတူနေထိုင်ခြင်းကို အားပေးခြင်း
မရှိသော်လည်း ပြောင်းလဲလာသော အခြေအနေများ၊ အင်တာနက်၊ မီဒီယာ စသည်ဖြင့် ထွန်းကား ကျယ်ပြန့်လာခြင်းနှင့်
အတူ အတုယူမှားမှုများ၊ အသိမှားယွင်းမှုများကြောင့် လူငယ်စုံတွဲများကြား ယင်းအပြုအမူများ
ဖြစ်ထွန်းလာကြောင်း သိရသည်။

“ဒီကိစ္စနှင့်
ပတ်သက်ပြီး ၂ ပိုင်း ပြောရမယ်။ တစ်ခုက ဒီလိုအပြု အမူကနေ HIV ကူးစက်နိုင်မှု ရှိ၊ မရှိ၊
နောက်တစ်ချက်က တိုက်ရိုက် ပြဿနာဖြစ်တဲ့ ကိုယ်ဝန်ရနိုင်တဲ့ ပြဿနာပေါ့။ မလိုချင်ဘဲရတဲ့
ကိုယ်ဝန် ဖြစ်မယ်။ ဒီလိုမျိုး အိမ်ထောင်ရှင် မဟုတ်ဘဲနဲ့ ကိုယ်ဝန်ရလာရင် နောက်ဆက်တွဲ
ပြဿနာတွေက အများကြီး ဖြစ်လာမယ်။ ကြိုတင် ကာကွယ်မယ်ဆိုရင်လည်း ပဋိသန္ဓေ တားဆေးတွေကို
ဘယ်လို ဝယ်ယူသုံးစွဲကြမလဲ။ ဒါလည်း ပြဿနာပါ။ နောက်တစ်ခါ ဒီပြဿနာတွေက ဘယ်မှာ ဆုံးလည်းဆိုတော့
ကိုယ်ဝန်ဖျက်ချတာမှာ ဆုံးတယ်။ အဲဒါက တကယ့် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်သွားပြီ။ ခုန
HIV ကူးစက်နိုင်ဖို့ ဆိုတာက နှစ်ယောက်စလုံးမှာ ပိုးမရှိ ရင်တော့ ဘာမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလို ကူးစက်နိုင်တဲ့ အပြုအမူမျိုး လုပ်ခဲ့ဖူးတယ်၊ ရှိနေတယ်ဆိုရင်
ဒီအပြုအမူကနေ HIV ကူးစက်ကောင်း ကူးစက်နိုင်တဲ့ ပြဿနာ ရှိပါတယ်” ဟု UNFPA မှ ဒေါက်တာနေဝင်းက
သုံးသပ်သည်။

UNFPA  အနေဖြင့် ပြည်သူ့ အင်အား
ဦးစီးဌာနနှင့် လက်တွဲ၍ ၂ဝဝ၄ ခုနှစ်တွင် လူငယ်လူရွယ်နှင့် ကျန်းမာရေး စစ်တမ်းများ ကောက်ယူရန်၊
လူငယ် လူရွယ်များကြား လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့ရာ လက်မထပ်မီ လိင်ဆက်ဆံမှု
ရှိခြင်း၊ ဘဝအတွေ့အကြုံနှင့် ပတ်သက်၍ ယောက်ျားလေးများနှင့် မိန်းကလေးများကြား ၁ဝ ရာခိုင်နှုန်း
နီးပါးက လက်ခံသည် ဟု ဆိုကြသည်။

“ဒါဟာ ဒီလိုစစ်တမ်းတွေ ကောက်ယူ သိရှိရတဲ့အတွက် ဒီလို
အပြုအမူတွေဟာ လူငယ်တွေကြားမှာ မထူးဆန်းတဲ့၊ လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့
ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လူမှုရေး အရရော၊ ကျန်းမာရေး အနေနဲ့ပါ မလိုလားအပ်တဲ့
ပြဿနာတွေ ရှိလာနိုင်တဲ့ အတွက် ဒါကို ထိန်းသိမ်း နိုင်ရင်တော့ အကောင်းဆုံးပါပဲ” ဟု ၎င်းက
ပြောသည်။ လူငယ်စုံတွဲများ ဆက်ဆံကြ ရာတွင် အကာအကွယ်ပစ္စည်း အသုံးပြုမှု လွန်စွာ နည်းပါးကြကြောင်း
အထွေထွေ ရောဂါကု ဆရာဝန်ကြီး တစ်ဦးက ပြောသည်။

အောင်ခွန်းဆက်

Aug 20th, 2010

Popular Myanmar - လူငယ်စုံတွဲများ
လက်မထပ်မီ ဆက်ဆံခြင်း ပြဿနာ အေ့စ် ကို ဖိတ်ခေါ်ရာရောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top