UNFPA
၏ အဓိက ထောက် ပံ့မှုဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဦးဆောင်ကာ လူငယ်ဖွံ့ဖြိုးမှု
သင်တန်းများ ဖွင့်လှစ်ထားရာ တက်ရောက်သူ လူငယ်များ ပိုမိုများပြားလာကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို
၂ဝဝ၃ ခုနှစ်ဝန်းကျင်မှစ၍ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ၎င်းတို့ကိုယ်ပိုင် မတည်မှုများဖြင့်
လုပ်ဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် UNFPA ၏
ထောက်ပံ့မှုဖြင့် စီမံကိန်းအသွင် ဆောင်ရွက် လာခဲ့ကြောင်း သိရသည်။
အသက်
၁၅ နှစ်မှ ၂၄ နှစ် အထိ လူငယ်များအတွက် သင်တန်းများ၊ သက်ရွယ် ဆင့်တူဆင့်ပွား ပညာပေးလုပ်ငန်းများ၊
HIV/AIDS ပညာပေး အထူးအစီအစဉ်များ အပြင် အခြားသော လူမှုရေး လှုပ်ရှားမှုများ ပါဝင်သည့်
အဆိုပါ လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်ကို ရန်ကုန်၊ တောင်ငူ၊ တောင်ကြီး၊ မန္တလေး၊ ပုသိမ်နှင့်
ပြည်မြို့များတွင် ပြုလုပ်ခဲ့ပြီး ဖွင့်လှစ်ပြီး သင်တန်း ၅၁ ကြိမ် ရှိပြီဖြစ်ကာ လူငယ်
နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
”သင်တန်းမှာ
HIV/AIDS နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေး သင်ကြားသလို အခြေခံ ကျန်းမာရေး ဗဟုသုတတွေ
ပြောတယ်။ လူငယ်တွေအတွက် ဘဝမှာ ဘာကို တန်ဖိုးထား လုပ်ကြမလဲ ဆိုတဲ့ အကြောင်းတွေ၊ ပတ်ဝန်းကျင်
ကောင်းပေါ့၊ သူငယ်ချင်း အပေါင်းအဖော်တွေကအစ ဘယ်လို ရွေးမလဲ၊ မိဘနဲ့ သားသမီးကြားက ပြဿနာတွေ
ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာတွေအပြင် ကိုယ်တိုင် မှန်မှန်ကန်ကန် ရွေးချယ် ဆုံးဖြတ်ချက်
ချနိုင်မယ့် အသိဉာဏ် ဖွံ့ဖြိုးမှုအတွက်လည်း ဆွေးနွေး သင်ကြားပေးပါတယ်” ဟု အဆိုပါ အစီအစဉ်၏
အကြံပေးအဖြစ် ဆောင်ရွက်နေသူ UNFPA မှ ဒေါက်တာနေဝင်းက ပြောသည်။
အဆိုပါ
လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်သို့ အသက် ၁၅ နှစ်မှ ၂၄ နှစ်ရှိ လူငယ်တိုင်း အခမဲ့ တက်ရောက်နိုင်ပြီး
မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးတွင် လျှောက်လွှာ တင်နိုင်ကြောင်း၊ တစ်လလျှင် တစ်ကြိမ်
ဖွင့်လှစ်သည့် ၆ ရက်သင်တန်းကို ရက်မပျက် တက်ရောက်နိုင်ရန်သာ လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင်
အဆိုပါ အစီအစဉ်အား တက်ရောက်ရန် လျှောက်လွှာ တင်ထားသော လူငယ်များ ယခင်ထက် များပြားလာသည့်အတွက်
အချိန်ကာလ စောင့်ဆိုင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဒီသင်တန်းတက်ပြီးတဲ့
သူတွေကနေ သူတို့လူငယ် အချင်းချင်း လက်ဆင့်ကမ်း ပြောကြတော့ စိတ် ဝင်စားပြီး ခုဆို လျှောက်လွှာ
တင်ထားတာတင် ၇ဝဝ နီးပါးလောက် ရှိတော့ ခုမှတင်ရင် နောက်နှစ်မှာ တက်ရမယ့် သဘော ဖြစ်နေတယ်။
ဒီနှစ်ပိုင်းထဲမှာ ထူးခြားတာက လျှောက်လွှာတင်တဲ့ အထဲမှာ မိန်းကလေးတွေ ပိုများလာတာ တွေ့ရတယ်”
ဟု သင်တန်း အခြေအနေနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
၎င်းလူငယ်ဖွံ့ဖြိုးမှု
အစီအစဉ်၌ ပျော်ရွှင်တက်ကြွ ဆယ်ကျော်သက်ဘဝ အခြေခံသင်တန်း၊ လူငယ်အကျိုးဆောင် နည်းပြသင်တန်း
ဒုတိယအဆင့်နှင့် လူငယ်များ ဦးဆောင်မှု အရည်အသွေး မြှင့်တင်ရေး သင်တန်းဟူ၍ အဓိက သင်တန်း
၃ မျိုးရှိပြီး အခြေခံ အဆင့်တက်ရောက်ပြီး သူများထဲမှ ထူးချွန်သူများနှင့် စိတ်ဝင်စားသူများမှာ
ဒုတိယအဆင့်နှင့် တတိယ အဆင့် သင်တန်းများ တက်ရောက် နိုင်ကြောင်း သိရသည်။
အောင်ခွန်းဆက်
Aug 15th, 2010
Popular Myanmar
- လူငယ်ဖွံ့ဖြိုးရေး သင်တန်းသို့ တက်ရောက်သူ လူငယ်များပြား




