မြန်မာလူငယ်များအကြား HIV/AIDS ကာကွယ်တားဆီးရေး
လုပ်ငန်းနှင့် ပတ်သက်၍ အမှားကို အမှန်ထင်မှုများ ရှိနေကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာတမ်း တစ်စောင်တွင် ဖေါ်ပြထားချက်အရ သိရသည်။
ယင်းစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊
မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ယေက်ျားလေး ၃၄၉၅ ဦး၊ မိန်းကလေး ၃၄၅၉ ဦးကို
၂၀၀၈ခုနှစ်တွင် မေးမြန်းခဲ့ရာမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
စစ်တမ်းတွင် ပါဝင်ခဲ့သူများ၏ ၉၈.၇ ရာခိုင်နှုန်းက
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အကြောင်းကို ကြားဖူးကြောင်း ပိုးရှိသောအပ်မှတစ်ဆင့်
ကူးစက်နိုင်သည်ကို သိရှိကြောင်းနှင့် ရောဂါရှိသော မိခင်မှ ကလေးသို့ ကူးစက်နိုင်သည်ကို သိရှိကြကြောင်း
ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
အကြောင်းကို သိသော်လည်း ကာကွယ်တားဆီးရေး နည်းလမ်းများနှင့် ပတ်သက်၍မူ သိရှိသူ
နည်းပါးကြောင်းနှင့် ကျန်းမာရေး ကောင်းပုံရသူ အိတ်ခ်ျအိုင်ဗွီ ရှိနိုင်သည်
ဆိုသည်ကို မယုံကြည်ခြင်းနှင့် ခြင်မှတစ်ဆင့် ပိုးကူးစက်နိုင်သည်ကို ယုံကြည်ခြင်း
စသည့် အယူအဆမှားများကို လက်ခံထားသူ လူငယ်များလည်းရှိကြောင်း အဆိုပါ စစ်တမ်းအရ
သိရသည်။
စစ်တမ်း၌ ပါဝင်ခဲ့သူများ၏ သက်တမ်းမှာ ၁၅နှစ်မှ ၂၄
နှစ်ကြားရှိပြီး အများစုမှာ ပညာတတ်များဖြစ်သည်။ ယေက်ျားလေး ၃၅ရာခိုင်နှုန်းနှင့်
မိန်းကလေး ၃၄ ရာခိုင်နှုန်းမှာ အထက်တန်း ပညာရေး တက်ရောက်ဖူးသူသူများ ဖြစ်ကြောင်း
သိရသည်။ စစ်တမ်း၌ ပါဝင်ခဲ့သူများ၏ ၂၈ ရာခိုင်နှုန်းမှာ အိတ်ခ်ျအိုင်ဗွီ
ဆေးစစ်ဖူးကြောင်းနှင့် ယင်းအနက် ၅၂ ရာခိုင်နှုန်းမှာ အစိုးရ ကျန်းမာရေးဌာနနှင့် ၁၇
ရာခိုင်နှုန်းမှာ NGO အဖွဲ့အစည်းများတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကလေး၊ လူကြီးအပါအ၀င် HIV
ပိုးကူးစက်ခံစားရသူ AIDS ဝေဒနာရှင် စုစုပေါင်း ၂၄၀၀၀၀ ဦးရှိကြောင်း သိရသည်။
Ref: Weekly Eleven




