ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ရဲ့ အကျိုးဆက်အဖြစ်နဲ့ HIV
ကူးစက်ခံရတဲ့လူငယ်များ၊ မိမိရဲ့ ပယောဂမပါဘဲ အပြစ်မဲ့စွာ ကူးစက်ခံခဲ့ရတဲ့လူငယ်များစတဲ့၊ HIV
Positive လူငယ်များနဲ့ ပတ်သက်တဲ့
ခံစားချက်၊ သဘောထား၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားဖြစ်နေတဲ့ ပရဟိတလုပ်ငန်းများ
အကြောင်းကို ကောင်းခန့်၊ ၀ီရ၊ ဇွန်ခိုင်ဦး၊ ရတနာထွန်း တို့က အခုလိုပြောပြခဲ့ပါတယ်။
ကောင်းခန့်
ကျွန်တော် လူမှန်းသိတတ်စ အရွယ်ကတည်းက AIDS
နဲ့ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတတွေကို လူကြီးသူမတွေဆီက သင်ယူခွင့်ရခဲ့ပေမယ့်
ပိုပြီးနှံ့နှံ့စပ်စပ် သိချင်လာတဲ့အတွက် BC က စာကြည့်တိုက်မှာ သွား လေ့လာဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ HIV
Positive တွေအတွက် အကျိုးပြုလုပ်ငန်းတွေ ကိုယ်ထိ လက်ရောက် လုပ်ပေးချင်လာတဲ့ အတွက် ကြက်ခြေနီအသင်းဝင် တစ်ယောက်အဖြစ်နဲ့
လှုပ်ရှားခဲ့ပြီး နာရေးကူညီမှုအသင်း မှာလည်း AIDSနဲ့ ကွယ်လွန်သွားတဲ့ လူတွေရဲ့ အလောင်းတွေကို ကိုယ်တိုင်သယ်ပို့ပေးခဲ့တယ်။
ကျွန်တော် ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှာ လူကီးမီးယား
ရောဂါကြောင့် သွေးသွင်းရာက HIV ကူးစက်ခံလိုက်ရတဲ့ လူငယ်တစ်ယောက်ရဲ့
ပရဟိတလုပ်ငန်းတွေ အကြောင်းပါတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကို
လေးစားအားကျခဲ့ရတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေက အဲဒီ လူငယ်လုပ်ခဲ့တဲ့
လုပ်ငန်းတွေနဲ့ ယှဉ်ရင် ကန္တာရထဲက သဲပွင့်လေးတွေလောက်ပဲ ရှိတော့တယ်လို့လည်း ခံစားရတယ်။
အဲဒါကြောင့် ကျွန်တော်အားတဲ့နေ့တွေမှာ HIV
Positive ကလေးငယ်တွေဆီသွားပြီး
ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး နေပေးတယ်။ ကလေးတွေနဲ့ စကားပြောခွင့်ရတဲ့အချိန်မှာ
သူတို့ဖြစ်ချင်တာလေးတွေ၊ မျှော်လင့်ချက် လေးတွေ ကြားရတော့ ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။
အဲဒါကြောင့် ကျွန်တော့်အနေနဲ့ လူငယ်တွေကို အကြံပြုချင်တာက လူကြီးတွေရဲ့အမှားကြောင့်
မြေစာပင် ဖြစ်နေရတဲ့ HIV Positive ကလေးငယ်တွေကိုရော၊ အနေအထိုင် မဆင်ခြင်မိရာက ရောဂါပိုးကူးစက်ခံခဲ့ရတဲ့
HIV
Positive တွေကိုရော နှိမ့်ချ ရှောင်ဖယ်တာမျိုးမလုပ်ဘဲ နှစ်သိမ့်အားပေးမှုတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပြီး သူတို့ရဲ့ စိတ်ဓာတ်အင်အားကို
မြှင့်တင်ပေးသင့်တယ် ဆိုတဲ့အကြောင်းနဲ့ ကိုယ်တတ်နိုင်သမျှ ပရဟိတ အလုပ်လေး တွေ လုပ်ပေးသင့်တယ် ဆိုတဲ့အကြောင်းပါ။
ဝီရ
ကျွန်တော် အလယ်တန်းကျောင်းသား အရွယ်လောက်မှာ AIDS
အကြောင်း စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတွေ ၀င်ပြိုင်ဖြစ်ခဲ့သလို
ဟောပြောပွဲတွေလည်း သွားနားထောင်ဖြစ်ခဲ့ပေမယ့် သေချာအသေးစိတ် လေ့လာဖြစ်တာ ကတော့ အထက်တန်း
ကျောင်းသားဘ၀ ရောက်မှပါ။ AC မှာ AIDS နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ၊ Short
Film တွေ လေ့လာဖြစ်ခဲ့ရာက အာဖရိကက HIV
Positive ကလေးငယ်တွေရဲ့ဘ၀တွေ အကြောင်းရိုက်ပြထားတဲ့
Short
Film လေးတစ်ခုက ကျွန်တော့်စိတ်ကို နှိုးဆွပေးခဲ့တယ်။
အဲဒီနောက်ပိုင်း ကျွန်တော်တို့ လူငယ်တွေ ဖွဲ့စည်းတည်ထောင်ထားတဲ့ White Souls အဖွဲ့အနေနဲ့ စိမ်းလန်း ကမ္ဘာလို နေရာမျိုးလေးတွေကို သွားပြီး
HIV
Positive တွေနဲ့ မောင်နှမသားချင်းတွေလို
ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးတယ်။ ပြီးတော့ သူတို့အတွက် အပိုဝင်ငွေရအောင် အိတ်ခေါက်တဲ့အလုပ်လိုမျိုး အလုပ်လေးတွေ ရှာပေး တယ်။ ကလေးတွေက ဧည့်မျှော်ကြတာဆိုတော့ ကျွန်တော်တို့
ရောက်သွားရင် ပျော်ကြတယ်လေ။ အဲဒါ ကြောင့် သူတို့ အတွက် စိတ်ထိခိုက်တာကို မျိုသိပ်ထားပြီး
စိတ်ဓာတ်အင်အား မြင့်မားလာစေမယ့် အားပေး စကား တွေနဲ့ အနာဂတ် မျှော်လင့်ချက်တွေ ရှိလာအောင်
နှိုးဆွပေးဖြစ်တယ်။
အဲဒါကြောင့် ကျွန်တော့်အနေနဲ့ လူငယ်တွေကို ပြောချင်တာက HIV
Positive တွေမှာလည်း တကယ့် လူတော်တွေ
ရှိနေတယ်ဆိုတဲ့အကြောင်း၊ သူတို့ရဲ့ အစွမ်းအစတွေနဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်သေးတယ်
ဆိုတဲ့အကြောင်းပါ။ HIV Positive တွေမို့လို့ ပစ်ပယ်ထားတာမျိုး မလုပ်ကြဘဲ ကိုယ်စွမ်း ဥာဏ်စွမ်း
ရှိသမျှ ကူညီပေးကြဖို့ နှိုးဆော် တိုက်တွန်းချင်ပါတယ်။
ဇွန်ခိုင်ဦး
AIDS
နဲ့ ပတ်သက်လို့ သေချာအသေးစိတ် စပြီးလေ့လာဖြစ်ခဲ့တာက ဆေးဝါး
တက္ကသိုလ်ကျောင်းသူ ဘ၀ရောက်မှ ပါ။ အရင်တုန်းက HIV Positive တွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ ကြောက်ရွံ့ခဲ့ပေမယ့် ကျန်းမာရေး
ဗဟုသုတ တွေပိုပြီး ပြည့်ဝလာတဲ့အချိန်မှာ လက်ဆွဲနှုတ်ဆက်ရုံ၊ စကားပြောဆို ဆက်ဆံရုံနဲ့
ရောဂါ မကူးစက်နိုင်ဘူး ဆိုတာ သိလာတဲ့အတွက် သူတို့ကို ကူညီဖေးမချင် စိတ်တွေ ဖြစ်လာခဲ့တယ်။
HIV
Positive ဖြစ်နေပေမယ့် အနေအထိုင်
အစားအသောက် ဆင်ခြင်ဂရုစိုက်မယ်ဆိုရင် တခြား လူတွေနည်းတူ အသက်ရှည်အောင် နေသွားလို့ရတယ်
ဆိုတာမျိုး၊ စိတ်ဓာတ်ကျစရာ မလိုဘူး ဆိုတာမျိုးတွေ ပြောပြချင်လာတယ်။ ဘွဲ့ရပြီးလို့ စာပေနယ်ထဲ
ဝင်တဲ့အချိန်မှာ ဆရာဝန်ကြီးတွေ ဟောပြော ဆွေးနွေးတဲ့ HIV
နဲ့ AIDS အကြောင်းတွေ NGO တွေ ဖိတ်တဲ့ HIV & AIDS ဆိုင်ရာ ရှင်းလင်း ပညာပေးပွဲတွေ တက်ရောက်နား ထောင်ခွင့်ရခဲ့ရာက
HIV
Positive တွေအနေနဲ့ စိတ်ဓာတ်ကျစရာ
မလိုဘူးဆိုတဲ့ အကြောင်း၊ နေထိုင် စားသောက်နည်းတွေ အကြောင်း ရေးသား ဖြစ်ခဲ့တယ်။ ဆေးကုသမှု
မှန်မှန်ခံယူပြီး သက်တမ်းစေ့ နေနိုင်အောင် ကြိုးစားဖို့အတွက်လည်း ကိုယ်တိုင် ကိုယ်ကျသွားပြီး
အားပေးစကားပြောဖြစ်တယ်။ နောက်ပိုင်းမှာလည်း သူတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင်နဲ့ လက်မှုလုပ်ငန်းတွေ
တတ်မြောက်အောင် ဆောင်ရွက်ပေးပြီး အဲဒီလက်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင် အောင်
ဆောင်ရွက်ပေးသွားဖို့ စီစဉ် ထားတာတွေ ရှိတယ်။
အဲဒါကြောင့် လူငယ်တွေကို တိုက်တွန်းချင်တာက HIV
Positive တွေထဲမှာလည်း အသိပညာ
နည်းခဲ့လို့ HIV ကူးစက် ခံရတာမျိုးရှိသလို၊
အိမ်ထောင်ဖက် ဒါမှမဟုတ် မိဘဆီက ကူးစက်ခံရတာ မျိုးလည်း ရှိတတ်တဲ့အတွက် ကရုဏာ ရှေ့ထားပြီး
အားပေး ကူညီကြဖို့နဲ့ ဥပေက္ခာမပြုထား ကြဖို့ပါ။
ရတနာထွန်း
ကျွန်မတို့ ငယ်ငယ်ကတည်းက ကျောင်းမှာဆရာမတွေ အသိပေးတာ၊ HIV,
AIDS နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ တက်တာတွေရှိခဲ့ပါတယ်။
နောက်ပြီး စာတွေလည်း ဖတ်ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး UN
ဝန်ထမ်းတွေမှာ အသိ ဘယ်လောက်ရှိတယ် ဆိုတာကို ကုမ္ပဏီတစ်ခုမှာ လုပ်တုန်းက မေးဖူးပါတယ်။ အဲဒီမှာ သတိထားမိတာက ဒီလို ၀န်ထမ်းတွေ ထဲမှာတောင် ခြင်ကိုက်တာဟာ ရောဂါ ကူးနိုင်တယ်လို့
ယူဆတဲ့သူ တစ်ယောက်၊ နှစ်ယောက် တွေ့လိုက် ရတယ်။ ဒီတော့ ကျွန်မတို့ ဒါနဲ့ပတ်သက်ရင် များများသိဖို့
လိုအပ်ပါတယ်။
ဒါကြောင့်လည်း အမြဲလေ့လာ ဖြစ်ပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက ဒီရောဂါက
ဘယ်လိုနေထိုင်ရင် ကူးတယ်၊ ဘယ်လို နေထိုင်ရင် မကူးဘူးဆိုတာသိထားလို့ ဝေဒနာရှင်တွေကို
ကြောက်တာမျိုးမရှိပါဘူး။ ကျွန်မ ၀န်းကျင် မှာလည်း ဝေဒနာရှင်တွေကို တွေ့ဖူးပါတယ်။ ဒါပေမယ့်
ကိုယ်တိုင်ထက် ပတ်ဝန်းကျင်ရဲ့ အမြင်ကို ပြောင်းလဲရတာ တော့ တော်တော်ခက်ပါတယ်။ ဥပမာ - ကျွန်မက
စားစရာတွေချက်ပြီး ဝေဒနာရှင်တွေကို သွားပေးတဲ့အခါ အဒေါ် တွေက မလုပ်စေချင်ကြဘူး။ မပတ်သက်တာ
ကောင်းတယ်ပေါ့။ အတော့်ကို ဆန့်ကျင်ပြီး လုပ်ခဲ့ရတာ တွေတောင် ရှိပါတယ်။ ဝေဒနာရှင်တွေရဲ့
စိတ်ဓာတ်ကိုအားပေးဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်မ တော်တော် လေး သတိထားမိတယ်။
အသက်ဆက်ရှင်ဖို့ဆိုတာ စိတ်ခွန်အားတွေ အများကြီး လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အပြုအမူတွေကြောင့် သူတို့ စိတ်အားငယ်သွားတာမျိုး
မဖြစ်ရအောင် သတိတရနဲ့ ဂရုစိုက် မိတတ် တယ်။ စင်တာလို နေရာမျိုးတွေမှာ လုပ်အားပေးတာမျိုး
မလုပ်ဖူးပေမယ့် ပတ်ဝန်းကျင်က ဝေဒနာရှင်တွေ ကိုတော့ တတ်နိုင်သလောက် ကူညီအားပေးပါတယ်။
နောက်အမြဲ လုပ်ဖြစ်တာ တစ်ခုက ဒီဝေဒနာနဲ့ ပတ်သက်ပြီး ကျွန်မသိထားတဲ့ အသိတွေကို လူတွေကို
ဝေမျှပေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး အသိပေးတဲ့စာတွေ ရေးဖို့လည်း ရှိတယ်။ အဓိက တိုက်တွန်း
ချင်တာကတော့ အသိရှိရုံနဲ့ မလုံလောက်ပါဘူး။ လိုက်နာကြဖို့လည်း လိုပါတယ်။ မသိလို့ မှားတာထက်
သိသိကြီးနဲ့ မှားနေတာတွေ မမြင်ချင်လို့ပါ။
နေလွင် (Monday, 07 December 2009 09:56)
ဆယ်ကျော်သက် မဂ္ဂဇင်း - လူငယ်နှင့် HIV Positive




