မြန်မာ လူငယ်ပေါင်း လေးသိန်းအား HIV အေအိုင်ဒီအက်စ်ရောဂါ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ထိရောက်စွာ ပညာပေးရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံဖြိုးမူအစီအစဉ်မှ သက်ရွယ်ဆင်တူ ပညာပေး ရေးလုပ်ငန်း ၂၀၁၂-၂၀၁၅ တတိယ စီမံချက်ကာလအတွက် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ သက်ရွယ်ဆင်တူ ပညာပေးရေး လုပ်ငန်းများ၌ မြို့နယ်ပေါင်း (၄၂) မြို့နယ်မှလူငယ်များအား ဗဟို ကျန်းမာရေးပညာဌာန၊ Marie Stopes International(MSI) တို့နှင့် ပူးပေါင်းကာ HIV အေအိုင်ဒီအက်စ်၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေး သွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ လူငယ်ဖွံဖြိုးမှု အစီအစဉ်မှာ လေ့ကျင့်ထားတဲ့ လူငယ်တွေက၊ သူတို့နေထိုင်တဲ့ နေရာနဲ့ နီးစပ်တဲ့ နေရာတွေမှာ ပညာပေးတယ်၊ ရွာဆိုရင်တော့ ရွာထဲဆင်းတာပေါ့လေ။ မြို့ပေါ်မှာ ဆိုရင်တော့ လက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ အိမ်တွင်း စက်မှုလုပ်ငန်းတွေမှာ ဆင်းကြသလို တချို့ကြတော့ ဘော်ဒါဆောင်တွေမှာ၊ ဘာပဲပြောပြော ယောက်ျားလေး မိန်းကလေး၊ ကျောင်းသား၊ ကျောင်းသူ အရွယ်တွေ ရှိကြတယ်ဆိုတော့ ဘောဒါဆောင်တွေ ဆင်းတယ်၊ ကျုရှင်တွေ ထဲဆင်းတယ်” ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာ နေ၀င်းကပြောသည်။
ထိုကဲ့သို ပညာပေးရာတွင် မျက်နှာချင်းဆိုင် စကားဝိုင်းများပြုလုပ်ပြီး ပညာပေး ဆွေးနွေးခြင်း၊ ကစားနည်းများ ပြုလုပ်ပြီး ပညာပေးခြင်း၊ သင်တန်းများ ပြုလုပ်ပေးခြင်း၊ ဇာတ်လမ်းအခွေများ ဖွင့်လှစ်ပြီး ပညာပေးခြင်း ပြဇာတ်များ ကပြဖျော်ဖြေပြီး ပညာပေးခြင်းတို့ ကိုပြုလုပ်မည်ဖြစ်ပြီး ShweFM ရေဒီယိုလိုင်းမှ လူငယ်ဥယျာဉ် အစီအစဉ်ဖြင့် အပတ်စဉ် တနလာင်္နှင့်၊ ကြာသာပတေးနေ့များတွင် ပညာပေး သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“ဆရာတို့ အခုစီမံကိန်းကာလမှာ လူငယ်လေးသိန်းကျော်လောက် ပညာပေးဖို့ မှန်းထားတယ်။ ပထမ စီမံကိန်းနဲ့ ဒုတိယစီမံကိန်း ကာလမှာ လူငယ်တွေကို သင်တန်းပေးတာ ရှိသလို သက်ရွယ်ဆင်တူ ပညာပေး တာလည်း ရှိတယ်။ အခုစီမံကိန်း ကာလမှာကြတော့ သင်တန်းတွေနဲ့ သက်ရွယ်ဆင်တူ ပညာပေးလုပ်ငန်းတွေ ဆက်လုပ်မဲ့အပြင် မီဒီယာကိုလည်း အားကိုးတယ်” ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေ၀င်းက ပြောသည်။
ထို့ပြင် အဆိုပါ သက်ရွယ်ဆင့်တူ ပညာပေးရေးလုပ်ငန်းအနေဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ပထမနှစ် စီမံကိန်းကာလအတွင်း လူငယ်ပေါင်း (၂ သိန်း) ကျော်၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း (၅ သိန်း) ကျော်အား HIV/AIDS မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်ခဲ့သည်။
မြစ်မခ - လူငယ် (၄) သိန်းအား HIV/AIDS နှင့် မျိုးဆက်ပွား ပညာပေးမည်




